Connect with us

Hi, what are you looking for?

Short Story

“Memories of a soldier (1)”

ကျနော် အများကြီး တွေးနေမိတယ်။ သဲသဲကွဲကွဲ မမြင်လိုက်ရတဲ့ ပုံရိပ်တချို့ပေမယ့် ကျနော့်ကို မျက်ရည်ဝဲသွားစေတဲ့ အကြောင်းတွေပါပဲ။ လမ်းတွေဟာ မလိမ်ညာတတ်ပေမယ့် ကျနော်တို့ကို ချစ်ရသူတွေရဲ့အဝေးဆီ ခေါ်ဆောင် သွားခဲ့တယ်။

"Memories of a soldier (1)"
"Memories of a soldier (1)"

◼️မိုးမြင့်ကျော်

တချို့အရာတွေက အနီးကပ်မဟုတ်ဘဲ အဝေးမြင်ကွင်းနဲ့မှ ပိုလှတယ်။ တောင်ကုန်းအမြင့်တနေရာကနေ စီးမိုးပြီးကြည့်ရတဲ့အခါ၊ လယ်ကွင်းစိမ်းစိမ်းတွေနဲ့ ထိစပ်နေတဲ့ ခင်တန်းတွေကို ကြည့်ရတဲ့အခါမျိုးတွေမှာ ဒါကို ပိုပြီးခံစားမိတယ်။ တခါတလေ ခပ်ဝေးဝေးက စီးလာတဲ့ရေတွေ အရှိန်အဟုန်နဲ့ ချောင်းကွေ့တနေရာမှာ ဝေ့ဝိုက်စီးဆင်းသွားတာကို ရပ်ကြည့်မိတာ၊ အမှောင်ထဲမှာ တိတ်တဆိတ်ထိုင်နေရင်း တောပုစဥ်းတွေရဲ့ အော်သံတွေကို အကြောင်းမဲ့အလိုအလျောက် နားထောင်စီးမျောနေမိတဲ့ အခါမျိုးတွေမှာ ဒါဟာ အထီးကျန်နေမှုလားလို့ ထင်ယောင်ထင်မှားဖြစ်မိပါတယ်။ ဘာလို့ဒီလိုထင်နေမိတာလည်းလို့ တွေးကြည့်ပေမယ့် သေသေချာချာလည်း မသိပြန်ဘူး။

“နင့်မေကလွှား” ဖျတ်ကနဲ ပုခုံးလာပုတ်လိုက်မှ ကင်းချိန်းဖို့ စည်သူရောက်လာတာ သိလိုက်တယ်။ “လခွမ်းတဲ့မှ ငါလာတာတောင် မသိဘူးလား” ဆိုမှ ရယ်ကျဲကျဲနဲ့ မသိချင်ယောင်ဆောင်ပြီး လစ်လာခဲ့လိုက်တယ်။ တကယ်တော့လည်း ရန်သူနဲ့ အလှမ်းဝေးလွန်းတဲ့ နေရာတခုပဲလေ၊ သိပ်ပြီး အရေးကြီးတာတော့ မဟုတ်ပါဘူး။ အဲ့ဒီလိုပဲ သတိထားနေရမယ့်အချိန်မှာတောင် အမြဲတမ်းလိုလို အသေးဖွဲလေးတွေကစလို့ ကျနော့်မှာ အတွေးတွေ အမြဲတမ်းပြည့်နေတတ်တယ်။

တပ်အရွှေ့အပြောင်းတွေလုပ်ကြတော့ လယ်ကွင်းပြင်ကြီးနဲ့ တောတန်းစပ်တနေရာမှာ နေရာချပြီး တပ်ရဲ့စုဖွဲ့မှုပုံစံအသစ်ကို လုပ်ကြတယ်။ ကျနော်ရယ် စည်သူရယ်၊ ရာမို့၊ ထူးမြတ်၊ ပြည့်စုံ၊ ငရှိမ်း၊ ရွှေဘို၊ တပ်စုမှူး ဆီနွန်ရယ် ကျနော်တို့အဖွဲ့က လယ်တဲတခုမှာနေတယ်။ ညတိုင်း လယ်တဲကြမ်းပြင်မှာအိပ်ရင်း ညအလင်းကြယ်တွေကို ကြည့်ဖြစ်တယ်။ ပြီးတော့ ကျနော်နားမလည်တဲ့ စကြာဝဠာကြီးအကြောင်း တွေးနေမိတယ်။ ကမ္ဘာကြီးနဲ့ အခြားအရာတွေကြားမှာ ဆွဲအားသာမရှိရင် ဝေးကွာလွင့်မျောနေကြမှာပဲ။ ကျနော်တို့အားလုံးလည်း အခိုက်အတန့် ဆုံတွေ့ပြီးတာနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်အောင် ခွဲခွါသွားကြရမှာ။ အခု ကျနော် တခုခုနဲ့ တဖြည်းဖြည်း လွင့်ဝေးလာနေသလိုမျိုး ခံစားမိနေတယ်။ တကယ်ပဲ ကျနော်တို့အားလုံးဟာ အခိုက်အတန့် တွေ့ဆုံမှုကာလလေးထဲမှာ အချိန်ကြာကြာ နေထိုင်မိသယောင် ထင်နေကြတာလား။ ဒီတွေ့ဆုံမှုတွေအပြီးမှာ ဘယ်တော့မှ ပြန်မဆုံနိုင်အောင် ခွဲခွာကြရမှာလား။ တနေရာရာမှာ ပုံစံတမျိုးမျိုး ဘဝတမျိုးမျိုးနဲ့ ထပ်ပြီး တွေ့ဆုံနိုင်ဦးမှာလား။

Public Service Announcement

Public Service Announcement

ကမ္ဘာကြီးက ဘယ်လောက်ပဲ စွန့်ခွာမသွားချင်လောက်အောင် လှပနေပါစေ၊ အနှေးနဲ့အမြန် ကျနော်တို့ဟာ ပျောက် ကွယ်သွားရမှာပဲ။ တကယ်တော့ ကျနော်တို့ကြားမှာ ပြောစရာဆိုလို့ အရက်သောက်တာ၊ တယောက်ပြီးတယောက် ဥသြဆွဲတာ၊ မူးမူးနဲ့ ရည်းစားဟောင်းတွေအကြောင်း ပြောတာ၊ အိမ်ကခေါင်းအုံးပေါ်မှာလို စိတ်ချလက်ချ အိပ်မရတော့ကြောင်းပြောတာ၊ ဘယ်တော့မှ ပြန်မလာတော့မယ့် ရဲဘော်တွေအကြောင်း ပြောတာကလွဲလို့ မည်မည်ရရ ဘာမှမရှိဘူး။ ညီအငယ်ဆုံးရဲ့ မင်္ဂလာဆောင် ဘာမှမလုပ်ပေးနိုင်လို့ ချို့ချိုတဲ့တဲ့ မျက်နှာငယ်နေမှာလို့ ပြောရင်း ကျနော့်သူငယ်ချင်းငိုတော့ ကျနော်တို့အားလုံး မျက်ရည်ကျတယ်။

အရာရာက အာဏာသိမ်းပြီးစကအတိုင်း တခုမှထူးခြားလာတယ်လို့ မခံစားတဲ့ နေ့ရက်တွေလည်းရှိခဲ့တယ်။ တခါတလေ အင်တာနက်ရလို့သုံးရင်း ဆိုရှယ်မီဒီယာပေါ်က လူတန်းစားတရပ်ရဲ့ လှုပ်ရှားမှုတွေကိုတွေ့တော့ အဲ့ဒါငါ့လူငယ် ဘဝကြီးလို့ တယောက်ယောက်က ခိုးယူထားသလို လက်ညိုးထိုးမိတယ်။ ဒါတွေကိုမြင်တွေ့မိတိုင်း ကျနော့်သူငယ်ချင်းတယောက်ပြောတဲ့ ငါတို့မရနိုင်တဲ့ဘဝတွေပါကွာ ဆိုတဲ့စကားကို သတိရမိတယ်။ ကျနော်တို့သူငယ်ချင်းတွေ စကားဝိုင်းစတာနဲ့ တော်လှန်ရေးအောင်ပြီးရင် ဆိုတာနဲ့စကြပေယ့် ဒီမိုးသားမည်းမည်းကြီးတွေ ပြိုဆင်းလာပြီးရင် အရာရာဟာ အကောင်းအတိုင်း ရှိနေပါဦးမလား ဆိုတာကိုတော့ ကျနော်တို့အားလုံး သံသယဖြစ်မိပါတယ်။ တခါတလေ ကိုယ်ကိုယ်တိုင်တည်ဆောက်ထားတဲ့ မျှော်လင့်ချက်အတုတွေနဲ့ ပကတိတရားကို ဖုံးထားလိုက်ရင်း မသိမသာဘဝကို အဲ့ဒီလို ကျော်ဖြတ်ရင်းပါပဲ။

ကျနော်တို့ စစ်ပွဲထဲကို အမြဲသွားချင်နေရတဲ့ အကြောင်းအရင်း၊ ကိုယ့်ရဲဘော်တွေ အသက်ပေးသွားပြီး ကိုယ်အသက်ရှင်နေကျန်တာကို ရှက်ရွံ့ရခြင်း အကြောင်းအရင်းက ကျနော်တို့ချစ်တဲ့ သူငယ်ချင်းတွေ စစ်ပွဲထဲမှာ ရှိနေခဲ့၊ ရှိနေဆဲဖြစ်နေလို့ပါပဲ။ ဒီကာလတွေမှာ ကျနော်တို့ရဲ့ ချစ်ရသူတွေအတွက် အများဆုံးလုပ်ပေးနိုင်တာဟာ ဖုန်းပြောတာပဲ။ ဖုန်းလိုင်းပြတ်တောက်နေတဲ့ နေရာတွေမှာတော့ ရဲဘော်အချင်းချင်း တယောက်အကြောင်းတယောက် ပြောရ နားထောင်ရတာက ရုပ်ရှင်ကြည့်ရသလိုပါပဲ။ တခါတလေ တယောက်ယောက်ကို ပြောချင်ခဲ့ပြီး မပြောဖြစ်ခဲ့တာတွေကို စကားဝိုင်း၊ အရက်ဝိုင်းမှာ ပြန်ပြောဖြစ်တယ်။ ကျနော်တို့ ထုတ်လွှတ်လိုက်တဲ့ အသံတွေဟာ စကြာဝဠာရဲ့တနေရာရာမှာ ထာဝရတည်မြဲနေပြီး နှစ်သန်းပေါင်းများစွာ ကြာတဲ့အချိန်ထိ တစုံတယောက်က ဖမ်းယူ နားထောင်နိုင်တယ်ဆိုတာ သိပြီးနောက်ပိုင်း ကျနော် ပြောချင်ခဲ့ပြီး မပြောဖြစ်ခဲ့တဲ့စကားတွေ အများကြီးပြောဖြစ်ခဲ့တယ်။ တယောက်တလေမှ ဖမ်းယူနားထောင်ခဲ့ခြင်း မရှိခဲ့ရင်တောင် ကျနော်တို့ရဲ့ ပြောစကားတွေဟာ အမှတ်တရ မှတ်ဉာဏ်တွေအဖြစ်၊ စကြာဝဠာကြီးရဲ့တနေရာရာမှာ လွင့်မျော ကျန်ရှိနေပါလိမ့်မယ်လို့ တွေးမိတယ်။

“ဒီမှာ ငါမိန်းမရနေပြီ၊ သားလေးမွေးရင် သေနတ်ဝယ်ပေးဖို့ ပိုက်ဆံလွှဲလိုက်ဦး” ဆိုပြီး အိမ်ထောင်ကျသွားတဲ့ ရည်းစားဟောင်းဆီ ကျနော့်ဘော်ဒါတကောင်က လှမ်းစဖူးတယ်။ စစ်ပွဲတွေ မရှိတော့ဘူးဆိုတဲ့ မောင်မြတ်သူရဲ့ကဗျာကိုပဲ ကျနော်တွေးနေမိတယ်။ ခနခန နွံနစ်နေတဲ့ လှည်းဘီးကြီးကိုလည်း ဇွန်ပန်းရုံနံဘေးကနေ ဆေးလိပ်ဖွာရင်း ငေးနေမိတယ်။ စည်သူ ကျနော့်ဘေးနားမှာ သူ့ကောင်မလေးနဲ့ ဖုန်းပြောတိုင်း နွေးထွေးတဲ့ခံစားမှုတခုခုကို ခံစားနေမိတယ်။ သူက သိပ်မရင်းနီးသေးရင် စကားအများကြီး ပြောလေ့မရှိဘူး။ ဆက်ဆံရေးတခုကိုလည်း အလေးထားတဲ့ပုံစံမျိုး သူ့မှာရှိတယ်။ ကျနော်နဲ့တော့ ဆန့်ကျင်ဘက်လို့ ပြောလို့ရတယ်။ ကျနော်က စကားလုံး ရွေးချယ်ပြောဆိုဆက်ဆံတဲ့ အလေ့အထမရှိဘူး။ ရောက်ရာပေါက်ရာ စိတ်ထဲရှိရာ အကုန်ပြောတတ်တယ်။ သူနဲ့ အရမ်းကြီး မရင်းနီးပေမယ့် မရီရတဲ့ဟာသကို အတူလိုက်ရီပေးတတ်တဲ့ ဆက်ဆံရေးမျိုးတော့မဟုတ်ဘူး။ အဲ့ဒီထက်တော့ ပိုတယ်။

“ပြန်တော့လာမှာပေါ့၊ အသေချာကြီးတော့ မပြောနိုင်သေးဘူး” စည်သူရဲ့ သူ့ကောင်မလေးဆီပြောနေတဲ့ အဲ့ဒီစကားကြောင့် အဲ့ဒီညတညလုံး သေချာတယ်ဆိုတဲ့အရာကို ရှာဖွေနေမိတယ်။ ဒီလိုကာလကြီးထဲ သေချာမှုဆိုတာကို ဘာမှမတွေ့သလောက်ပါပဲ။ ကိုယ့်ဘဝထဲမှာ၊ အနီးနားမှာ ဘယ်လောက်ကြာကြာနေမယ်ဆိုတာ မသိရတော့ တယောက် ကိုတယောက် လျစ်လျူရှုချိန်တွေ နည်းရမယ်လို့တော့ နားလည်လာတယ်။

“ကျန်းမာရေးက ပိုအရေးကြီးပါတယ်။ ဒုက္ခမရှာပါနဲ့” တဲ့ သူ့ကောင်မလေးကိုပြောတာကို သာမာန်စကားအဖြစ်ပဲ ကျနော်နားထောင်မိခဲ့တာ။ သူတို့ အပြန်အလှန်ပြောစကားတွေနဲ့ သူ့ကောင်မလေးကို အဝေးမြင်အနေနဲ့ တစိတ်တပိုင်း ရင်းနီးနေခဲ့တယ်။ စခန်းသိမ်းတိုက်ပွဲတခုဆီ ချီတက်ရင်း ထိတ်လန့်တုန်လှုပ်စရာ စစ်ပွဲဆိုတာကို ကျနော်တို့ ပထမဆုံး စကြုံရပါတယ်။ ကျနော်တို့ဟာ သာမာန် အရပ်သားစိတ် မကျွတ်သေးတဲ့ ပိုးလောင်းပေါက်ဖက်ဘဝ စစ်သားကလေးတွေပါ။ ရွာကထိန် အရပ်သားပြဇာတ်က စစ်သားသရုပ်ဆောင်လေးလို စစ်ယူနီဖောင်းဝတ်ထားပုံကအစ ဖရိုဖရဲ။ ဗုံးသံတွေနဲ့ နားတွေ ထူအူထိုင်းမှိုင်းသွားလို့ အသံကို ပုံမှန်ထက်မြှင့်အော်ရင်း၊ တခါတရံ အသံကို တကိုယ်ရေကြားရုံ တိုးတိုးလေးပြောရင်း၊ စစ်ပွဲရုပ်ရှင်တွေမှာ တွေ့မြင်ဖူးကြသလို တုန်ရင်နေတဲ့ စစ်သားကလေးက ကျနော်တို့ပါပဲ။

ကျည်ဆံတွေက နှစ်ရှည်ထောင်ကျနေတဲ့သား ထောင်ကအထွက် ဆီးကြိုတဲ့မိခင်လို ကျနော်တို့ဆီ တည့်တည့်ကြီး ပြေးလာနေကြတာ။ စည်သူက ကျနော်တို့တပ်စိတ်မှူး။ ညအမှောင်ထဲ ဆာဆာငတ်ငတ်နဲ့ ဆေးလိပ်ကလေးထအဖွာ ဒီဘဲ လာငေါက်ရမလားလို့ စိတ်တိုလိုက်သေးတယ်။ ရန်သူ့စခန်းမှာ ရေငတ်နေပေမယ့် သူတို့ထားခဲ့တဲ့ရေဘူးလည်း မသောက်ရဲ။ ဘေးကရဲဘော်နဲ့ ကျနော် ဘယ်သူအရင်သောက်မလဲ တယောက်ကိုတယောက် စောင့်နေကြတာ အခုတွေးကြည့်တော့ ရယ်စရာဆိုပေမယ့် အဲ့ဒီအချိန်ကတော့ အသက်တမျှပါပဲ။

အစပထမရက်မှာပဲ စည်သူ ကျနော်တို့အားလုံးကို ခွဲခွါသွားတယ်။ ရာမို့၊ ဆီနွန်နဲ့ တခြားရဲဘော်တချို့ရောပေါ့။ ဘေးကရဲဘော်တယောက်နဲ့ ကျနော် အမြဲလိုလို တိတ်ဆိတ်နေခဲ့တယ်။ ပြောစရာမရှိတာလား၊ ပြောချင်စိတ်မရှိတာလား သေသေချာချာမသိ။ တစုံတယောက်က အမှောင်ထဲကနေ ကျနော်တို့ကို သတ်ဖြတ်ဖို့ စောင့်ကြည့် ချောင်းမြောင်းနေတယ်လို့ အမြဲလိုလို ခံစားမိနေလို့ ညအလင်းကြယ်တွေလည်း ကျနော်တို့ မော့မကြည့်မိဘူး။ သုံးရက်မြောက်နေ့မှာ ရန်သူ့စခန်းကနေ ပြန်ဆုတ်ခွါခဲ့တယ်။ ခေါင်းတလား ရိုက်နှက်ပြုလုပ်နေတဲ့ အသံတွေက ကျနော့်အသည်းကို ဆတ်ဆတ်ခါ နာကျင်သွားစေတယ်။ မသေခင် ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ အဲ့ဒီရဲဘော်ရဲ့လက်ထဲမှာ သူ့မိသားစုဘဝလေးများ ဖြစ်နေမလား။ သင်သွားလိုရာ သွားနိုင်ပါပြီ ဆိုပေမယ့် သူမသွားနိုင်တော့တာ သေချာပါတယ်။ သင့်ခရီးကို ကျွန်ုပ်တို့ ဆက်လျှောက်ပါမည်လို့ အမိန့်ပြန်တမ်းမှာ ကျနော်တို့ ကတိသစ္စာပြုကြတယ်။

အဲ့ဒီနောက်ပိုင်း မထင်မှတ်ထားတဲ့အချိန်မှာ ကျဆုံးသွားတဲ့ရဲဘော်တွေ ပြန်လည်ရှင်သန်ပြီး ဘွားကနဲ ကျနော့်ရှေ့မှာပေါ်လာတယ်ဆိုတာမျိုး အိပ်မက်မက်တဲ့အခါတွေရှိတယ်။ အဲ့ဒီကာလမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ စည်သူ့ရဲ့ကောင်မလေးက ဖုန်းဆက်လာတယ်။ သူ့မေးခွန်းအတွက်အဖြေ ကျနော့်မှာရှိပေမယ့် လိမ်ညာလိုက်ရတယ်။ နောက်ကျောမလုံသလို ဖြစ်မိတယ်။ အလိမ်အညာတွေကို ဘယ်အချိန်ထိ ပြောပေးနေရမှာလဲ။

“ဟယ်လို ၊ မောင်က ပြန်လာမှာမလား၊ စည်သူ သေတာမဟုတ်ဘူးမလား၊ ဘာလို့ အမှန်အတိုင်း စောစောကမပြောတာလဲ။” သူ့ရဲ့ ဒေါသနဲ့ ဝမ်းနည်းမှု ရောယှက်နေတဲ့အသံက ကျနော့်ကို ထုံအသွားစေခဲ့တယ်။ “တနေ့တော့ မောင်ပြန်လာမည်”* တောတခုလုံး ခြိမ့်ခြိမ့်သည်း တိုးတိတ်ကျယ်လောင်စွာ အသံတိတ်ဟစ်အော်မိ။ ဒီအဖြစ်အပျက်နောက်ပိုင်း “ကိုယ်မရှိတော့ရင် မြို့ဟာ မင်းအတွက် တိတ်ဆိတ် ခြောက်ခြားစရာကောင်းနေမယ်။ စစ်ဒဏ်သင့်ပြီး လူမနေလို့နွယ်တွေဖုံးနေတဲ့ အိမ်လေးတလုံးလို ကိုယ့်ကိုစောင့်နေဖို့ မလိုပါဘူး” လို့ ကျနော့်ရဲ့ကောင်မလေးကို ပြောခဲ့ချင်တယ်။ ဝေ့ယမ်းပြခဲ့ဖူးတဲ့ လက်တွေဟာ တသက်လုံး ပြန်လည်ထိတွေ့ခွင့် မရနိုင်တော့ဘူးဆိုတာများ ကြိုသိခဲ့ရင် ပြန်လာခဲ့မယ် ဆိုတဲ့ကတိတွေကို ရုတ်သိမ်းချင်ပါတယ်။

“စည်သူ့ကောင်မလေး ဆုံးသွားပြီ” ဒါကို ကျနော်မယုံနိုင်ခဲ့ဘူး။ သူက စည်သူ့ကို ပြန်လာစေချင်ခဲ့တယ်။ သူ့မှာ သားအိမ်ခေါင်းကင်ဆာရှိနေလို့ ကလေးမရနိုင်မှာ၊ ကလေးမရနိုင်လို့ စည်သူက ဆက်ဆံရေးပေါ့မှာ သူသိပ်ကြောက်နေတာ။ ကလေးတယောက်ယူပြီးမှ သားအိမ်ဖြတ်ထုတ်ဖို့ ဆေးစားရင်းစောင့်နေတာ။ စည်သူ့သတင်း ကြားပြီးကတည်းက ဆေး လုံးဝမသောက်တော့တာလို့ တယောက်ယောက်ပြောလို့ သိရတယ်။

ကျနော် အများကြီး တွေးနေမိတယ်။ သဲသဲကွဲကွဲ မမြင်လိုက်ရတဲ့ ပုံရိပ်တချို့ပေမယ့် ကျနော့်ကို မျက်ရည်ဝဲသွားစေတဲ့ အကြောင်းတွေပါပဲ။ လမ်းတွေဟာ မလိမ်ညာတတ်ပေမယ့် ကျနော်တို့ကို ချစ်ရသူတွေရဲ့အဝေးဆီ ခေါ်ဆောင် သွားခဲ့တယ်။

တခါတလေ အဝေးမြင်ကွင်းတွေဟာ ပိုလှတယ်။ ကောင်းကင်မှာ စူးလက်တောက်ပနေတဲ့ ညဘက်ကြယ်တွေဟာ နှစ်သန်းပေါင်းများစွာ အဝေးကနေ စောင့်ကြည့်နေတဲ့ ကျနော်တို့ရဲ့ချစ်ရသူတွေ ဖြစ်မယ်။ အရာရာဟာ မတည်မြဲဘူးဆိုရင်တောင် ကြယ်တွေဟာ တည်တံ့လှပတယ်။

မာမာအေးသီချင်းစာသား*

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘မိုးမြင့်​ကျော်’ ရဲ့ “Memories of a soldier (1)” ဝတ္ထုတို ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ