Connect with us

Hi, what are you looking for?

Short Story

“ထိုအကြည့်ကို လွှဲလိုက်သည်”

ခပ်နွမ်းနွမ်း ၁၀၀ တန် ၃ ရွက် …၂၀၀ တန် ၃ ရွက် … ၅၀၀ တန် ၂ ရွက် … ၅၀ တန်လေး ၂ ရွက် … တို့ကို လိပ်ပြီး ရင်ဘတ်ပေါ်က အိတ်ကပ်လေးထဲ ထိုးထည့်လိုက်သည်။ မှတ်ပုံတင်လေး ထည့်သည်။ အလုပ်နှင့်သက်ဆိုင်သည့် ဖုန်းနံပါတ် ကဒ် ၃ ကဒ်လောက် ထည့်လိုက်သည်။ သောက်လက်စ ဖက်ကြမ်း လေး ထည့်လိုက်သည်။ လက်ကလေးဖြင့် ၃ ချက်လောက် ပုတ်လိုက်ပြီး ဦးထုတ်လေးဆောင်းကာ ထွက်လာခဲ့လိုက်သည်။

◼️ဏငယ်

ခပ်နွမ်းနွမ်း ၁၀၀ တန် ၃ ရွက် …၂၀၀ တန် ၃ ရွက် … ၅၀၀ တန် ၂ ရွက် … ၅၀ တန်လေး ၂ ရွက် … တို့ကို လိပ်ပြီး ရင်ဘတ်ပေါ်က အိတ်ကပ်လေးထဲ ထိုးထည့်လိုက်သည်။ မှတ်ပုံတင်လေး ထည့်သည်။ အလုပ်နှင့်သက်ဆိုင်သည့် ဖုန်းနံပါတ် ကဒ် ၃ ကဒ်လောက် ထည့်လိုက်သည်။ သောက်လက်စ ဖက်ကြမ်း လေး ထည့်လိုက်သည်။ လက်ကလေးဖြင့် ၃ ချက်လောက် ပုတ်လိုက်ပြီး ဦးထုတ်လေးဆောင်းကာ ထွက်လာခဲ့လိုက်သည်။ ရက်ပိုင်း အေးလာသည့် ဆောင်းလေကြောင့် ခန္ဓာကိုယ်တခုလုံး ကြုံ့ဝင်သွားပြီး အလိုလို လက်များ ပိုက်မိသွားသည်။

ဂိတ်စ ဂိတ်ဆုံး ခရီးစဉ်ကြောင့် အသွားအပြန် အိပ်ပြီး စီးလို့ရပေမယ့် နောက်တကျော့ ပြန်စီးရမည့် ခရီးစဉ်ကြောင့် မသက်မသာဖြစ်ရသည်။ အကျင့်ပါနေသည့်လက်က ရင်ဘတ်ပေါ်က အိတ်ကပ်လေးကို စမ်းလိုက်မိသည်။ နှစ်ဆင့်ဂျိုင့်လေးကို ပေါင်ပေါ်တင်ထားကာ ခပ်နွေနွေးအပူရှိန် ရှိနေသည့် ထမင်း အနွေးဖြင့် အချမ်းဒဏ်ကို ရသလောက် ဖြေလျော့နေမိသည်။

ရုတ်တရက် မျက်စိရှေ့မှောက် ရောက်လာသည့် ဖြူဖြူအရာကြီးကြောင့် လန့်ကာ မော့ကြည့်လိုက်သည်။ အသက် ၁၀ နှစ်အရွယ် ကလေးတယောက် ၃ နှစ် အရွယ် ဘောင်းဘီမပါသည့် ကလေးကို ချီထားသည်။ ၂ လက်မပတ်လည် စာရွက်တရွက်ကို မျက်စိရှေ့ အတင်းထိုးထည့်ပြီး ထွက်သွားသည်။

Public Service Announcement

Public Service Announcement

သက်ပြင်းငွေ့ငွေ့လေးကို စာရွက်နဲ့အတူ ဘေးထိုင်ခုံလေးမှာချကာ အပြင်ဘက်ကို ငေးနေလိုက်သည်။ ခဏအကြာ စာရွက်အဖြူလေး ပြန်လာယူသွားသည်ကို အကြည့်လွှဲလိုက်ပြီး လှုပ်ရှားမှုကိုတော့ မျက်စိထောင့်ကနေ မြင်လိုက်ရသည်။ လက်ကနာရီကို ကြည့်လိုက်တော့ မနက် ၇ နာရီ မထိုးသေးသောကြောင့် ကျိန်းစပ်လာတဲ့ မျက်လုံးကို ခပ်ဖွဖွပိတ်ကာ မှိန်းနေလိုက်သည်။

ဆူးကနဲ ခံစားလိုက်ရတာကြောင့် ဆပ်ခနဲတုန်သွားပြီး ကြည့်လိုက်တော့ စာအိတ်သန့်လေးတခု … မော့ကြည့်လိုက်တော့ အသက် ၂၀ ကျော်အရွယ် သင်္ကန်းဝတ် အမျိုးသားတဦး …

စာရွက်လေးကို ကိုင်ထားပြီး အကြည့်လွှဲကာ မျက်လုံးပြန်ပိတ်နေလိုက်သည်။ ခဏအကြာ လက်ထဲမှစာအိတ်ကို ဖျက်ကနဲ ဆွဲယူသွားသည်။

၃ လနီးပါးဆက်တိုက် ကြုံနေရသည့် အခြေအနေတွေကြောင့် ဥပေက္ခာ အလွယ်တကူ ပြုတတ်လာသည်။ မပြုလို့လည်း မရပါ။ အသွားအပြန် ကား ၂ ဆင့်စီးရသည့် အခြေအနေသည် ပါလာသည့်ငွေနှင့် မလုံလောက်တော့မှန်း သိလာလေသည်။

ဘေးဘီ ကြည့်လိုက်သည်။ တနာရီကျော်လောက် စီးရန်လိုသေးသည်။ မျက်လုံးများ ပြန်ပိတ်ထားလိုက်သည်။ ဆောင်းလေအနံ့ … သစ်ရွက်မီးရှို့အနံ့ … မုန့်ဟင်းခါးအနံ့ … ပုပ်အဲ့အဲ့အမှိုက်နံ့ … ရေမွှေးနံ့ … သနပ်ခါးနံ့များကြား … ထမင်းဂျိုင့်ထဲက ကြက်သားပြုတ်ကြော်နံ့က နှာခေါင်းထဲ၀င်လာသည်။ ဂွီကနဲ ထွက်လာသည့် ဗိုက်ထဲကအသံကြောင့် ခန္ဓာကိုယ်ပါ စပ်ကနဲ တုန်သွားသည်။ ဘေးလူကြားသွားပြီလား အသိဖြင့် ငဲ့ကြည့်လိုက်မိသည်။ ထိုလူ အကြည့်လွှဲသွားသည်။

အသက် ၅ နှစ်အရွယ် သင်္ကန်း၀တ် ကလေးတဦးက ကားမှတ်တိုင်မှာ ဖင်ထိုင်ချကာ အော်ငိုနေသည်။ ၁၀ နှစ်အရွယ် နောက်တဦးက ကြည့်မနေဘဲ ကားစောင့်နေသူတဦးကို အလှူခံနေသည်။ ကားစောင့်သူကလည်း အကြည့်လွှဲကာ ဘေးသို့ တိုးကပ်လိုက်သည်။ ထပ်ပြီးတော့ မကြည့်တော့ပါ။

“အခုတလော တောင်းတဲ့ကလေးတွေ များလာတယ်နော်” လို့ အနောက်နားဆီက စကားသံ ထွက်လာသည်။

“ငါတို့ကို ပြန်ပေးခဲ့ဦးလို့ ပြောလိုက်ရမလား” ဆိုတဲ့ ခပ်သောသောအသံကို ကြားလိုက်ရပြီး ကလေးလက်ထဲက အကြွေရွက်တန်လေးများကို အကြည့်ရောက်သွားသည်။ အလိုအလျောက် အိတ်ကပ်ကို စမ်းလိုက်ရင်း အကြည့်လွှဲလိုက်သည်။

ပေါင်ကြားထဲ ညှပ်ထားတဲ့ ဘေးလွယ်အိတ် ခပ်ပျော့ပျော့လေးထဲက ဖုန်းကို နှိုက်စမ်းလိုက်သည်။ ဖုန်းလေးကို လက်နဲ့တို့လိုက်တော့ screen ပေါ်မှာ ပေါ်လာသည့် သမီးလေးပုံကို ကြည့်လိုက်သည်။ သမီးလေးနှင့်အတူ ရိုက်ထားသည့် မိန်းမဖြစ်သူကို အကြည့်လွှဲကာ ဖုန်းလေးကို အိတ်ထဲပြန်ထည့်ကာ ဘောင်ချာစာအုပ်လေးနဲ့ ဖိထားလိုက်သည်။

မကြာခင် ဂိတ်ဆုံးတော့မည်ဖြစ်သည်။ ဘေးလွယ်အိတ်ကို အရှေ့ကို ပို့လိုက်သည်။ ထမင်းဂျိုင့်ကို လွယ်အိတ်ရှေ့မှာ ဖိထားလိုက်သည်။ ခပ်မာမာအရာလေးတခု ၀မ်းဗိုက်နှင့် ထိနေသည့်အတွက် ဖုန်းရှိနေသည်ကို ခံစားနေမိသည်။ ဦးထုတ်ကိုချွတ်ကာ ဆံပင်ကို ပြန်သပ်တင်လိုက်သည်။ ကားလက်တန်းကွင်းကိုင်ကာ မတ်တပ်ရပ်လိုက်သည်။

အကျီစ ခပ်တင်းတင်းဖြစ်၍ အနောက်လှည့်ကြည့်လိုက်သည်။ အသက် ၂၀ အရွယ် ခပ်ပိန်ပိန် မိန်းကလေးတဦး။ အသက် ၅ နှစ်အရွယ် ကလေးကို ပိုက် ထားသည်၊ လက်ကလေးဖြန့်ထားသည်။

“ကန်တော့ပါသေးရဲ့” လို့ နှုတ်ခမ်းက ရွတ်လိုက်ပေမယ့် အသံက ထွက်မလာ … ခေါင်းသာ ခါယမ်းပြမိလိုက်သည်။

“လူတွေက ငတ်နေကြပြီ …” လို့ အနောက်နားက အသံတသံ ထွက်လာသည်။ လှည့်ကြည့်လိုက်တော့ အသက် ၆၀ အရွယ် ပိန်ပိန်ပါးပါး အဘွားအိုတဦး …

“ကုန်ဈေးနှုန်းတွေက ကြီးလွန်းလို့ ဘယ်လိုတွေ ရှာဖွေစားသောက်ရမှန်းကို မသိတော့ဘူး …” လို့ ခေါင်းလေးတခါခါဖြင့် ပြောနေသည်။

ကားသည် ဖြည်းဖြည်းလေး အရှိန်လျော့လာသည်။ မရပ်မချင်း ထိုင်ခုံမထသေးသူများက အလုအယက် တိုးဆင်းကြသည်။ မိန်းကလေးကလည်း အနားမှ တိုးထွက် ပြေးဆင်းသွားသည်။ ချီပိုးထားသည့် ကလေးက မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည်။

ထိုအကြည့်ကို လွှဲလိုက်သည် …..။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဏငယ်’ ရေးသားခဲ့တဲ့ “ထိုအကြည့်ကို လွှဲလိုက်သည်”ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...