အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။
အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က စစ်လျော်ကြေး ပေးချေဖို့ အပါအဝင် အီရန်ဖက်က တောင်းဆိုတာတွေကို အမေရိကန်က မလိုက်လျောသ၍ ဟောမုဇ်လည်း ပြန်ပွင့်လာမှာ မဟုတ်ကြောင်း ဩဂုတ် ၉ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်သွားပြီး ပြီးခဲ့တဲ့လမှာ စစ်ရေးပဋိပက္ခတွေ ပြန်လည် စတင်လာတဲ့နောက် အီရန်ဟာ နိုင်ငံတောင်ပိုင်းက အချက်အခြာ ရေလမ်းကြောင်းကို ပိတ်ထားကြောင်း ကြေညာပြီး ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
ဟောမုဇ်ဟာ နိုင်ငံတကာကို ရေကြောင်းကနေ တင်ပို့တဲ့ ရေနံပမာဏ စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် နေ့စဉ် ဖြတ်သန်းနေတဲ့ မဟာဗျူဟာ ရေပြင်လည်း ဖြစ်တာကြောင့် အဲဒီရေလက်ကြား အပိတ်ခံရတဲ့အခါ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းတွေ၊ လောင်စာဆီစျေး ထိုးတက်လာတာတွေ ကြုံလာရပါတယ်။

Public Service Announcement
လောလောဆယ်မှာတော့ အီရန်နဲ့ အမေရိကန်တို့ဟာ တရားဝင် မဟုတ်ပေမယ့် အလွတ်သဘောအဖြစ် အပြန်အလှန် တိုက်ခိုက်မှုတွေ ဆိုင်းငံ့ထားပြီး နောက်ကွယ်မှာ တစ်ဆင့်ခံ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
အီရန်ရဲ့ ဩဇာကြီးမားတဲ့ အမျိုးသား လုံခြုံရေး ကောင်စီက ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်ပေးရေးနဲ့ ပတ်သက်လို့ အီရန်ဖက်က တောင်းဆိုမှုတွေကို ဩဂုတ် ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာတော့ စစ်ပွဲကို အပြီးတိုင် ရပ်ဆိုင်းဖို့၊ အီရန်ဆိပ်ကမ်းတွေကို အမေရိကန် ရေတပ် ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားဖို့၊ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့၊ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန် ထိန်းချုပ်ထားတာတွေကိုလည်း ကင်းလွတ်ခွင့် ပြန်ပေးဖို့၊ အမေရိကန် ဆင်နွှဲတဲ့ စစ်ပွဲကြောင့် အီရန်ဖက်က ဆုံးရှုံးနစ်နာခဲ့တာတွေအတွက် လျော်ကြေးပေးဖို့ ဆိုတာတွေ ပါဝင်ပါတယ်။
အဲဒီထဲက အချက်အလက် အများစုဟာ ဇွန်လတုန်းက အမေရိကန်နဲ့ အီရန်တို့ ကနဦးအဆင့် သဘောတူခဲ့ပြီး နောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်စလို့ ပျက်ပြယ်သွားခဲ့တဲ့ နားလည်မှု စာချွန်လွှာ (MoU)ထဲက အကြောင်းအရာတွေ ဖြစ်ပါတယ်။ MoUထဲမှာတော့ အီရန်ရဲ့ နစ်နာမှုတွေအတွက် ပြန်လည် ကုစားပေးဖို့ စစ်လျော်ကြေးသဘော ဒေါ်လာ ၃၀၀ ဘီလီယံ ထောက်ပံ့ပေးရမယ် ဆိုတဲ့အချက်လည်း ပါရှိခဲ့ပါတယ်။
ဩဂုတ် ၉ ရက်မှာတော့ IRGCက အီရန်ရဲ့ တောင်းဆိုမှုတွေကို ရန်သူ့ဖက်က အားလုံး မလိုက်လျောသ၍ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်မှာ မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။ ဟောမုဇ်ဟာ အခုလက်ရှိ အခြေအနေမှာ သာမန် ရေလမ်းကြောင်း တစ်ခု မဟုတ်ဘဲ အီရန်အတွက် စစ်မက်ရေးရာ ခြိမ်းခြောက်မှု တစ်ခုလည်း ဖြစ်နေတာကြောင့် အဲဒီရေပြင်ကို ပိတ်ထားခွင့် ရှိတယ်လို့လည်း IRGCက ဆိုပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဟောမုဇ်ကိစ္စဟာ ထရမ့်အတွက် ခေါင်းခဲစရာ နိုင်ငံရေး ဖိအားတစ်ခုလည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ အရွေ့မျိုး ရှိလာဖို့ မျှော်လင့်ထားကြောင်း ဩဂုတ် ၉ ရက်နေ့ Axiosနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ပါတယ်။
ဟောမုဇ်နဲ့ ပတ်သက်လို့ သူ့ရဲ့ ချဉ်းကပ်မှုတွေကို အရမ်းကြီး ထင်သာမြင်သာ မဖြစ်စေချင်သေးကြောင်း၊ လက်ရှိမှာ အမေရိကန်ဟာ အီရန်နဲ့ တစ်ပိုင်းတစ်စလောက်ပဲ ဆွေးနွေးနေသေးတာ ဖြစ်ကြောင်း၊ အီရန်မှာ ကုန်စျေးနှုန်းတွေ အရမ်းမြင့်တက်ပြီး ငွေကြေးတွေ ဖောင်းပွနေတဲ့အပြင် ဘဏ္ဍာငွေလည်း မရှိတော့ကြောင်း၊ သူ့အစီအမံတွေက အလုပ်ဖြစ်မယ်လို့ ယုံကြည်ကြောင်း၊ ဒါဟာ စစ်တုရင် ကစားသလို အကွက်တွေ ရွှေ့နေရတာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက အမေရိကန်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ မရှိကြောင်းနဲ့ ကြားခံအဖြစ် ကူညီ ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေ ဆီကနေပဲ သတင်းစကား အပြန်အလှန် ဖလှယ်နေကြောင်း ဩဂုတ် ၉ ရက်နေ့တုန်းက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
ကိုးကား: AFP


















































