ဆူးနတ်သန်
ငါတို့ဟာ တခုခု မဟုတ်တော့
တခုခု ဖြစ်ဖို့ အာသီသမရှိ
ငါတို့မှာ တခုခု ထက် အရေးကြီးတာတွေ ရှိကြောင်း
ဘယ်စကားလုံးနဲ့ ပေါင်းပြရမှန်း မသိတော့
လူဟာ လွတ်လပ်ခဲ့တယ်
ကမ္ဘာဦးအစကတည်းကပါ
မျှော်လင့်ချက်ကို ရေကုန်ရေခမ်း
ပထမ တို့တွေ နောက် သူတို့တွေ
ကမ္ဘာနဲ့ရွာကြား မျက်စိလည်နေကြပုံက
အချစ် မေတ္တာ လူသားဆန်မှု
မျက်ရည်ဟာ မီးခိုးငွေ့တွေနဲ့ အတူ
ပျောက်ကွယ်သွားတယ်
ငါတို့က ဘယ်လောက်ဝေးနေဦးမှာလဲ
ငါတို့က ဘယ်လမ်းမှာ ပြတ်ကျန်ခဲ့ပြီလဲ
ချစ်ခြင်းမေတ္တာကို စာလုံးပေါင်းတတ်ခဲ့ရုံနဲ့
လူရာမဝင်မှန်း သိပါတယ်
ယမ်းနံ့တွေရဲ့ ကမ္ဘာပါ
လက်တဖက်ကို ကျန်လက်တဖက်နဲ့ ထွေးထားရင်း
မနက်ဖြန်ဆိုတာ နောက်တနေ့ပါပဲ
ဒီလိုနဲ့ တနေ့ပြီး တနေ့
သီတင်းကျွတ်နေ့ကို မသိတဲ့
ပိုးစုန်းကြူးတွေပါ
အလင်းကို အလင်းချည်း တိုက်မိချင်ရုံလေးပါပဲ

Public Service Announcement
ဘဝက တိုတောင်းသလောက်
သံသရာက ရှည်တယ်
မေတ္တာကို မေတ္တာချင်း ဆက်မိသွားတဲ့နေ့
ငြိမ်းချမ်းရေး ပန်းတဆုပ်ပေါ့
ဘာမဆို ရတယ်
မဖြစ်နိုင်တော့လည်း ရတယ်
လူဆိုတာ လက်ခံလွယ်တဲ့ သတ္တဝါပါ
ဘုရားထက် တရားကို ချစ်မြတ်နိုးသူ
ဆောင်းဝင်လာတိုင်း
နေဝင်ချိန်နဲ့ ပိုနီးလာတယ်
အခြားလူတွေ ရသလောက်ပါပဲ
ဒဏ်ရာနဲ့ ဝေဒနာဟာ ပိုနက်ခဲ့ကြောင်း
မပြောတော့ပါဘူး
ဘယ်သူ့ဖြစ်ဖြစ် ချစ်လို့ရသွားရုံတင်
လူဟာ လူအစစ်ဖြစ်ကြောင်း
အက်ကြောင်း မထပ်တော့ပါ
ဓာတ်ပြားဟောင်းလေးပေါ့
ကိုယ်ရေးရာဇဝင်ထဲ
မအောင်မြင်ခဲ့သူ
ထမင်းငတ်ခဲ့သူ
ဆံပင်ရှည်ခဲ့သူ
မေတ္တာကြီးခဲ့သူ
လူ့အဖွဲ့အစည်းကို ချစ်သလောက် ရွံမုန်းသူ
ပန်းချီကားထဲ ဝင်ပုန်းခဲ့သူ
မျက်ရည်ကို အံကြိတ်ပြီး ကျတတ်သူ။
ဒုက္ခကို ကိုယ်ဖော့ခံစားရင်း
တချက် တချက်
ရင်ဘက်ထဲ မီး ထထ တောက်ခဲ့တယ်
ကမ္ဘာ နဲ့ ရွာ
ကမ္ဘာလည်ခြင်းများ
မျှော်လင့်ချက်ကို ရွက်ကုန်လွှင့်မယ်။
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ဆူးနတ်သန်”ရေးဖွဲ့တဲ့ “ကမ္ဘာလည်ခြင်းများ” ကဗျာ ကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































