Connect with us

Hi, what are you looking for?

ကဗျာ

ငလျင်အကြောင်းပြောတဲ့ ဖုန်းကောလ်”

“ငလျင်ဘေးကြုံရတော့ ပထမဆုံး ဖုန်းခေါ်လာသူကို မမေ့ပါနဲ့” တဲ့။ဒီစာစုလေးကိုတွေ့တော့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ နေ့လယ်ခင်းတခုက အတွေးထဲ ပြန်ပေါ်လာတယ်။ အခြေအနေက တသက်တာ မေ့လို့မရမယ့် ဖြစ်ရပ်တခုလို့ ပြောရမယ်။

◼️တာပလု

“ငလျင်ဘေးကြုံရတော့ ပထမဆုံး ဖုန်းခေါ်လာသူကို မမေ့ပါနဲ့” တဲ့။ဒီစာစုလေးကိုတွေ့တော့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ နေ့လယ်ခင်းတခုက အတွေးထဲ ပြန်ပေါ်လာတယ်။ အခြေအနေက တသက်တာ မေ့လို့မရမယ့် ဖြစ်ရပ်တခုလို့ ပြောရမယ်။

အဲဒီနေ့က နေ့လယ်ခင်းကို ခါတိုင်းလိုပဲ ဖြတ်သန်းနေတာပါ။ မိတ်ဆွေတယောက်နဲ့ စင်ဂနယ် (Signal) ကနေ စကားတွေ ပြောနေကြတာ။ သူက မြန်မာနိုင်ငံ ယောဒေသကနေ အသံနဲ့ ဆက်သွယ်စကားပြောနေချိန်မှာ ကျနော်က ထိုင်းနိုင်ငံ တနေရာကနေ အပြန်အလှန် စကားပြောနေကြချိန်။ စကားပြောနေရင်းကပဲ ရုတ်တရက်ကြီး သူ့ဘက်ကနေ “ငလျင်လှုပ်နေတယ်ဗျ” တဲ့။ဒါဟာ ယောဒေသမှာ ငလျင်လှုပ်နေတာပါ။ သူ့စကားမဆုံးခင်မှာပဲ ကျနော့ဘက် ကပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတာကို သတိထားမိလိုက်တယ်။ “ကျနော့ဘက်လည်း ငလျင်လှုပ်နေတယ်ဗျ” လို့ ပြောပြီးပြီးချင်း တယောက်နဲ့တယောက် နှုတ်မဆက်ဘဲ ဖုန်းချလိုက်ကြတယ်။

အခန်းအပြင်ထွက် မြေပြင်ပေါ် ထိုင်ချလိုက်တယ်။ အခန်းရှေ့က သစ်ပင်၊ ပန်းပင်တွေက တောင်နဲ့မြောက်ကို ယိမ်းထိုး လှုပ်ရှားနေကြတယ်။အရှေ့နဲ့အနောက် လှုပ်ရှားနေတာမျိုးတော့ မဟုတ်ဘူး။ ကြီးကြီးမားမား လှုပ်ခတ်သွားတဲ့ငလျင်ကို ဘဝမှာ နှစ်ကြိမ်မြောက် ကြုံလိုက်ရတာပါ။ ပထမအကြိမ်တုန်းက ဆူနာမီငလျင်ကို သိသိသာသာကြီး ကြုံခဲ့ရသလို အခုတကြိမ်မှာလည်း အားပြင်းတဲ့ငလျင်ကို ထပ်ကြုံရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆူနာမီငလျင် လှုပ်ခတ်သွားတဲ့အချိန်က စိုက်ခင်းတခုကို ပုခုံးထမ်း ရေပုံးတစုံနဲ့ ရေလောင်းနေချိန်ဖြစ်ပါတယ်။ စိုက်ခင်းတခုလုံး ရေလောင်းနေချိန် နောက်ဆုံးအခေါက်မှာပဲ ခပ်ရမယ့်ရေတွင်းထဲကရေတွေ လှုပ်ခါနေတာကို စသိလိုက်တယ်။ ရေဆင်းခပ်တဲ့ လျှောက်လမ်းကနေ အပြင်ကိုထွက်လိုက်တယ်။ အပြင်မှာတော့ အနားကသစ်ပင်တွေက လှုပ်ခါ ယိမ်းထိုးလို့နေပါတယ်။

အဲဒီအချိန်က အမေလည်း အနားကပန်းစိုက်ခင်းမှာ ပန်းခူးနေတဲ့အချိန်ဖြစ်ပါတယ်။ “ငလျင်လှုပ်နေတယ်” မြေပြင်ပေါ် ထိုင်နေကြဖို့အတွက် အမေကပဲ ကျနော်တို့ညီအကိုတွေကို အသံမြှင့်ပြီး ပြောခဲ့ဖူးတာကို မှတ်မိနေတုန်းပါပဲ။ အခုတော့ အမေက တနေရာ။ ကျနော်က တနေရာမှာ။

အမေ့ဆီကိုဖုန်းခေါ်ဖို့ မြန်မာဖုန်းကို ဘေလ်ဖြည့်လိုက်တယ်။ ဖုန်းခေါ်ကြည့်တော့ တဘက်က ဖုန်းကိုင်တယ်။ ကြားရတဲ့အသံက ဘဝမှာ တခါမှ မကြားဖူးတဲ့ အမေ့အသံကို ကြားလိုက်ရတယ်။ ဖုန်းခေါ်တဲ့သူကို ပြန်ပြောနေတာတော့ မဟုတ်ဘူး။ အနားကလူတွေကို အဆောက်ဦးတခုအောက်ကနေ ထွက်ကြဖို့ ပြောနေတဲ့အသံကို ကြားရတာပါ။ ဖုန်းခေါ်တဲ့သူကို တုန့်ပြန်တာမျိုးမရှိဘဲ ဖုန်းကျသွားပါတယ်။ အဲဒီမှာ အခုမှ ငလျင်ဒဏ်ကို ခံစားရတာပါလားလို့ တွေးမိတယ်။ တဆက်တည်းမှာပဲ မတင်မကျစိတ်တွေ ပေါ်လာတယ်။အ မေတို့ လုံခြုံပါရဲ့လား ဆိုတဲ့စိတ်ပါ။

“ငလျင်လှုပ်နေတယ် မြန်မြန်ထွက်ကြ မြန်မြန်ထွက်ကြ။ ဒီအဆောင်ကပြိုနိုင်တယ် မြန်မြန်ထွက်ကြ”

ဒီအသံက နားထဲကထွက်သွားမယ့် အသံမျိုးမဟုတ်ဘူး။ အမေက သူနဲ့နီးစပ်တဲ့သူတွေကို ပြောနေတာဆိုပေမယ့် ဖုန်းခေါ်နေတဲ့ကျနော့်ကို စကားပြန်မပြောဘဲ ဖုန်းကိုင်ပြီး အခြေအနေတခုကို ပြောပြနေသလိုပါပဲ။

အမေ့ဆီက သေရေးရှင်ရေး ပြေးလွှားနေရတဲ့ အသံကိုကြားပြီး စိတ်ထဲက ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ်ပြောမိတယ်။ ငလျင်မလှုပ်ခတ်ခင်တရက်က လောကကြီးထဲရောက်လာတဲ့ တူမလေးကို အမေက အခုလို စောင့်ရှောက်ပေးတာပါလား ဆိုတဲ့ အသိမျိုးပေါ့။ အမေက သူ့မြေးအတွက် လုံခြုံအောင် ဆောင်ကျင်းပေးသူပါ။ ဒုက္ခတောထဲကနေ ရှင်သန်ရာအရပ်ကို လမ်းညွှန်ပေးတဲ့အသံကို အကြိမ်ကြိမ် ကျေးဇူးတင်မိလိုက်တယ်။

ငလျင်ပြီးသွားတော့ ညီဖြစ်သူက “ငလျင်လှုပ်တော့ အမေက ဆေးရုံထဲကနေ ထွက်ကြဖို့ ပြောနေတာ။ ဆေးရုံတခုလုံး သူ့အသံနဲ့ ဖုံးသွားတယ်” တဲ့။ အမေနဲ့အတူ ဆေးရုံထဲကလူတွေအားလုံး လုံခြုံပါတယ်။

ငလျင်လှုပ်ပြီးလို့ မကြာလိုက်ပါဘူး။ Line appကနေ မက်ဆေ့ဝင်လာပါတယ်။ အိမ်ရှင် ထိုင်းအမျိုးသမီးဆီကပါ။ အင်္ဂလိပ်ဘာသာနဲ့ “လုံခြုံကြရဲ့လား” ဆိုတဲ့ စကားနဲ့အတူ ထိုင်းဘာသာနဲ့ ရေးထားတဲ့ ပန်းဖလက်ပုံတခုကို တပါတည်း ပေးပို့လာပါတယ်။ ပန်းဖလက်ထဲမှာ ဘာတွေရေးထားမှန်း မသိပေမယ့် ဒါဟာ ငလျင်အတွက် ဆောင်ရန်ရှောင်ရန် သတိပေးစာတခု ဖြစ်မှာကိုတော့ သိလိုက်ပါတယ်။

“အသုံးပြုနေတဲ့ ဂက်စ်အိုးတွေ ကြပ်နေသလား ချောင်နေသလား စစ်ဆေးပါ။ အားလုံး ဘေးကင်းကြပါစေ” အိမ်ရှင်ဆီက ပထမဆုံးပို့လာတဲ့ စာဖြစ်ပါတယ်။

ဒီအခန်းကို စငှားတော့ အိမ်ရှင် ထိုင်းအမျိုးသမီးနဲ့ စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ ကျနော်တို့ပြောတာထက် သူပြောတာက ပိုများပါတယ်။သူပြောပြတဲ့အရာတွေထဲ မြန်မာနိုင်ငံကို ရောက်ဖူးတဲ့အကြောင်းပါပါတယ်။ ဖုန်းနဲ့ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း ဖွင့်ပြတယ်။

မြန်မာလုံချည်နဲ့ ရင်ဖုံးအင်္ကျီကို သဘောကျတယ်။ လုံချည်တွေကိုကြိုက်လို့ အတော်များများလည်း ဝယ်လာခဲ့တယ်။ ရွှေတိဂုံကို ရောက်ခဲ့တယ်။ ပုဂံကိုလည်း ရောက်ခဲ့တယ်။ မန္တလေးက မဟာမြတ်မုနိ ဘုရားကြီးကိုလဲ ရောက်ခဲ့တယ်။ စစ်ကိုင်းက ဆွမ်းဦးပုညရှင်ကိုလည်း ရောက်ခဲ့တယ်။ ဗိုလ်တထောင်က ဘိုးဘိုးကြီးကိုလည်း ရောက်ခဲ့တယ်။

မြန်မာနိုင်ငံနဲ့ မစိမ်းလှတဲ့အကြောင်း တရင်းတနှီး ပြောပြတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတော့ လူငယ်တွေ ဒုက္ခရောက်ကြရတဲ့အကြောင်းနဲ့ သူနဲ့သိတဲ့ လူငယ်တချို့လည်း စစ်တပ်အာဏာသိမ်းတော့ အခက်အခဲတွေ ကြုံနေရတဲ့အကြောင်းတွေပါ ရောက်သွားပါတယ်။ သူက တက္ကသိုလ်တခုက ကျူတာဆရာမတယောက်လို့ သိရပါတယ်။

“ကျနော်တို့ လုံခြုံပါတယ်ဗျ။ ဆရာမနဲ့ ဆရာမမိသားစုရော လုံခြုံပါရဲ့လားခင်ဗျ။ ကျေးဇူးတင်ပါတယ်၊ အခုလို သတိပေးစာ ပို့လာတဲ့အတွက်”

“ကျမနဲ့ ကျမမိသားစုက လုံခြုံပါတယ်၊ မြန်မာပြည်က မိသားစုဝင်တွေရော လုံခြုံကြရဲ့လား”

“မြန်မာပြည်က ကျနော့်မိသားစုဝင်တွေ လုံခြုံတဲ့အကြောင်း ကျနော် အဆက်အသွယ်ရထားပါတယ်။ စစ်ကိုင်းနဲ့ မန္တလေးမှာ ငလျင်ဒဏ်ကို ခံလိုက်ရတယ်လို့ သိရတယ်။ အဲဒီမှာ ကျနော့်သူငယ်ချင်းနဲ့ မိတ်ဆွေတချို့ ရှိကြတယ်”

“အဲဒီက သူငယ်ချင်းနဲ့ မိတ်ဆွေတွေ လုံခြုံဘေးကင်းကြမယ်လို့ ကျမမျှော်လင့်ပါတယ်”

ငလျင်ဘေးမှာ ရုတ်တရက်ကြီး ခွဲခွာသွားကြတဲ့ မိသားစုဝင်တွေအတွက် စိတ်မကောင်းစရာ ရင်နင့်စရာတွေကို တနင့်တပိုး ထမ်းပိုးထားလိုက်ကြရပါတော့တယ်။ ကုစားနိုင်ဖို့ အချိန်များစွာ ပေးကြရအုံးမှာပါ။

ဘေးဒုက္ခတခုခုနဲ့ ကြုံရတဲ့အခါ တယောက်ယောက်က စိတ်ပူပေးကြတယ်ဆိုတာတော့ သတိထားမိမှာပါ။ အသက်အန္တရာယ် လုံခြုံရဲ့လား။ ဘေးကင်းရဲ့လား။ သိချင်ဇောနဲ့ ဆက်သွယ်လို့ရနိုင်တဲ့ နေရာကနေ အဆက်အသွယ်လုပ်ပြီး ဘေးကင်းရဲ့လားဆိုတာကို မေးမြန်းမိကြမယ်ထင်ပါတယ်။ ဒီထဲကမှ ရင်နင့်စရာဖြစ်ရပ်တွေ ကြုံရပြီး စိုးရိမ်တကြီး ဆက်သွယ်လာသူဆီကို အဆက်အသွယ် ပြန်မလုပ်နိုင်ကြသူတွေလည်း ရှိမှာပါပဲ။ သူတို့တွေက ဘယ်တော့မှ ပြန်တွေ့ရတော့မယ့်သူတွေ မဟုတ်တော့ဘူးပေါ့။

ဘေးဒုက္ခကြုံရလို့ ဆက်သွယ်လာတဲ့အသံတွေကို အခွင့်ရှိတုန်း ကြားနိုင်သူက ကြားကြရပေမယ့် တချို့သူတွေကတော့ ကြားခွင့်မရှိတော့လို့ ကြားခွင့်မရကြတော့ပါဘူး။ ငလျင်ဘေးကြုံရတော့ ကိုယ့်ဆီကို တယောက်ယောက်က စိုးရိမ်တကြီးနဲ့ ဖုန်းခေါ်လာတာမျိုး ရှိကြမှာပါ။ ဖုန်းထဲကကြားလိုက်ရတဲ့ တချို့အသံတွေကို မေ့လို့ရနိုင်မယ် မထင်ပါဘူး။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘တာပလု’ ​ရေးဖွဲ့တဲ့ “ငလျင်အကြောင်းပြောတဲ့ ဖုန်းကောလ်” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...