Connect with us

Hi, what are you looking for?

ကဗျာ

‘မြစ်တခုသာ’

◼️နွံဆိုင်

၁၊
တံခါးအပြင်က အတုယောင်ဘဝများ
တကယ်ဆို ဒီကလေးတွေဟာ ဆော့နေခဲ့သင့်တာ။

၂၊
စာနာစိတ်အကြောင်းပြောတဲ့ ပါးစပ်တွေက
ကလေးတယောက်ရှေ့မှာ ပြုံးပြရင်း
သက်သေပြချင်နေကြတယ်
ချိုသောမေတ္တာတိုင်း အခါးဓာတ်ကင်းမဲ့မနေပါ။

၃၊
လက္ဘက်ရည်ဆိုင်တွေကို ပြန်လိုချင်တယ်
ခွက်ထဲမှာ အမှတ်တရတွေ ပါကောင်းပါနိုင်တယ်
ငယ်ငယ်ကဆို အဖေဘာလို့
ပေါ့ဆိမ့်မှာလဲ နားမလည်ခဲ့။

Public Service Announcement

Public Service Announcement

၄၊
တွေ့ရာလူနဲ့ နားလည်မှုရှိဖို့ဆိုတာ
တယောက်ဒဏ်ရာ တယောက်မြင်တာမျိုးဖြစ်မယ်
တခါတလေ ပြောစရာစကားမရှာတာလည်း
အဆုံးစွန် ကိုယ်ချင်းစာတရားဖြစ်နေတတ်သေးတယ်။

၅၊
လိပ်ပြာတွေနောက်မှာ ကလေးတယောက်ဟာ
အတောင်ပဲ့နေတယ်၊
ကမ္ဘာကြီးက အရောင်မဲ့လိုက်တာ အချစ်ရယ်။

၆၊
သစ်ပင်စိုက်တဲ့လူတွေအတွက်
မြေကြီးဟာ ဘယ်တော့မှ မညည်းညူခဲ့
မကြားနိုင်ခဲ့တာလည်း ဖြစ်နိုင်တာပဲလေ
အမြစ်တွယ်တိုင်း ကောင်းတာမျိုးပဲ ဖြစ်ပါစေ။

၇၊
ဆုတောင်းတွေနဲ့ ခံစားချက်တွေ လွန်ဆွဲကြည့်သလို
အသိစိတ်ဟာ မျက်စိလည်ခဲ့ဖူးတယ်
ရှောင်ထွက်ဖူးခဲ့သော ပတ်ဝန်းကျင်များနဲ့
ရထားစက်သွားပေါ်က ဘီးရာဟောင်းတွေ။

၈၊
လရောင်တလက်လက် ကြယ်တဖျက်ဖျက်
ကြွေဖို့စောင့်နေတဲ့ သစ်ရွက်ငယ်တွေအတွက်တော့
ဒီညဟာ နောက်ဆုံးမျှော်လင့်ချက်။

၉၊
စိတ်ဓာတ်ကျနေတဲ့ လူတွေအစား
ပြေးလွှားနေတဲ့ လူတွေနားမှာသာ
အသက်ရှင်ခဲ့ဖူးချင်တယ် အချစ်ရယ်။

၁၀၊
လမ်းတွေပေါ်ရောက်ခဲ့တဲ့ နှင်းဆီတွေကို
တက်နင်းသွားသူများအတွက် ဒီခေတ်ကို
ကမ္ဗည်းထိုးဖူးခဲ့တဲ့ လူတွေရှိမယ်။

၁၁၊
ရေးလက်စ စကားလုံးတွေ ပြေးထွက်သွားတယ်
ဘာတတ်နိုင်မှာလဲ
ဒီလိုပဲ ငါတို့ အိပ်စက်လာခဲ့ကြတာ
ဒီလိုနဲ့ ငါတို့ အိပ်မက်ခဲ့ကြတာ။

၁၂၊
ဟိုတစ သည်တစနဲ့ စီးဆင်းခဲ့တာ
အခုဆို အမေ့အိမ်မှာ ကျနော့်ရေအိုင်ငယ်ဟာ
တိမ်လို့ ကောလို့ပေါ့။

၁၃၊
ဘာမှမတွေးမိတဲ့ မနက်ခင်းတွေမှာ
လန့်မနိုးလာခဲ့ရင် သိပ်ကြည်လင်နေမှာပဲ။

၁၄၊
ဝတ္တရားတွေနောက်မှာ တချို့ဘဝတွေ ပျက်လို့
ဟန်ဆောင်ထားတဲ့ မေတ္တာဟာ အဆိပ်ပြင်းကြောင်းနဲ့
အမုန်းတရားတခုထဲကိုပဲ မုန်းစရာအဖြစ်ထားခိုင်းတဲ့
လူတယောက်ကိုလည်း ကမ္ဘာကရဖူးတယ်။

၁၅၊
မျက်လုံးတွေထဲမှာ အဓိပ္ပာယ်ရှာလို့ရနေရင်
အဲ့လူတွေဟာ ချစ်ခြင်းမေတ္တာကိုသာ သိကြလိမ့်မယ်။

၁၆၊
ဘုရင်တယောက်ရဲ့ အိပ်မက်မှာ
ပေစုတ်စုတ် ချာတိတ်တွေမပါသေးသလို
ပန်းတွေကို ချစ်တတ်တဲ့ ကောင်မလေးတယောက်ကို
သတိရနေချင်ပါသေးတယ်
သတိရဖူးခဲ့ပါသေးတယ်၊
အချစ်ရယ် ဘယ်အရာတွေကို ကိုယ်ချင်းစာမလဲဆို
ကိုယ်တို့အဖြေတွေ တူနိုင်ပါဦးမလား။

၁၇၊
မနေ့ညကအတိတ်ဆီ ပြန်သွားကြည့်တယ်
အိပ်မက်တွေ ကျန်မနေခဲ့ပါ၊
အဝေးက ပန်းရနံ့လေးတွေ အပြုံးထဲတိုးဝင်လာတယ်
တကယ်ရော ပြုံးနေခဲ့လို့လား
တကယ်ရော ပြုံးနေလို့လား မသေချာပါ၊
ပစ္စုပ္ပန်ဆိုတာ ဒါမျိုးဖြစ်မယ်။

၁၈၊
ဘာကို ယုံကြည်ရမလဲ မသိသေးတဲ့
ကလေးတယောက်ဟာ
လက်ထဲက လွတ်သွားတဲ့ မိုးပျံဘောလုံးအတွက်
ငိုကြွေးမနေတော့တဲ့အခါ
ခေတ်ကြီးတကယ်ပျက်နေတာလို့ သတ်မှတ်ရမယ်။

၁၉၊
အေးချမ်းတာက သက်ပြင်းချတာဖြစ်ပြီး
ငြိမ်းချမ်းတာက အကောင်းအတိုင်းအိမ်တွေရှိနေတာ
မိသားစုတွေလည်း စုံလင်မနေတော့သလို
တခုခုကို ဆုံးရှုံးရမယ်ဆို
ကိုယ့်ကိုကိုယ် အရင်ဆုံးရှုံးရတာပဲလေ။

၂၀၊
မသေချာတာတွေ များလာတဲ့ခါ
အမေကတော့ ကျနော့်ကို သတိရနေတာ
သေချာပါတယ်။

၂၁၊
သည်ဆောင်းတွင်းဟာ အနွေးထည်တွေ သယ်ခဲ့တယ်
ကြက်သီးတွေ တဖျင်းဖျင်းတလာတဲ့ထိ
နွေးထွေးနေခဲ့ပါတယ်။

၂၂၊
ရေးလက်စ စာတပိုဒ်ဟာ ခရီးထွက်လာခဲ့တာ
ဘယ်တော့ အချိန်ကုန်သွားမလဲ မသိပေမယ့်
စာအုပ်လေးကတော့ အရာရာကို မျှော်လင့်နေတုန်း
အားလုံးမှာ တချိန်တုန်းကတွေ ကိုယ်စီရှိဖူးကြတယ်
ဒီလိုပဲ တနေ့ကျရင် သေဆုံးဖူးကြတယ်။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နွံဆိုင်’ ရဲ့ “မြစ်တခုသာ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...