Connect with us

Hi, what are you looking for?

ကဗျာ

‘မြစ်တခုသာ’

◼️နွံဆိုင်

၁၊
တံခါးအပြင်က အတုယောင်ဘဝများ
တကယ်ဆို ဒီကလေးတွေဟာ ဆော့နေခဲ့သင့်တာ။

၂၊
စာနာစိတ်အကြောင်းပြောတဲ့ ပါးစပ်တွေက
ကလေးတယောက်ရှေ့မှာ ပြုံးပြရင်း
သက်သေပြချင်နေကြတယ်
ချိုသောမေတ္တာတိုင်း အခါးဓာတ်ကင်းမဲ့မနေပါ။

၃၊
လက္ဘက်ရည်ဆိုင်တွေကို ပြန်လိုချင်တယ်
ခွက်ထဲမှာ အမှတ်တရတွေ ပါကောင်းပါနိုင်တယ်
ငယ်ငယ်ကဆို အဖေဘာလို့
ပေါ့ဆိမ့်မှာလဲ နားမလည်ခဲ့။

Public Service Announcement

Public Service Announcement

၄၊
တွေ့ရာလူနဲ့ နားလည်မှုရှိဖို့ဆိုတာ
တယောက်ဒဏ်ရာ တယောက်မြင်တာမျိုးဖြစ်မယ်
တခါတလေ ပြောစရာစကားမရှာတာလည်း
အဆုံးစွန် ကိုယ်ချင်းစာတရားဖြစ်နေတတ်သေးတယ်။

၅၊
လိပ်ပြာတွေနောက်မှာ ကလေးတယောက်ဟာ
အတောင်ပဲ့နေတယ်၊
ကမ္ဘာကြီးက အရောင်မဲ့လိုက်တာ အချစ်ရယ်။

၆၊
သစ်ပင်စိုက်တဲ့လူတွေအတွက်
မြေကြီးဟာ ဘယ်တော့မှ မညည်းညူခဲ့
မကြားနိုင်ခဲ့တာလည်း ဖြစ်နိုင်တာပဲလေ
အမြစ်တွယ်တိုင်း ကောင်းတာမျိုးပဲ ဖြစ်ပါစေ။

၇၊
ဆုတောင်းတွေနဲ့ ခံစားချက်တွေ လွန်ဆွဲကြည့်သလို
အသိစိတ်ဟာ မျက်စိလည်ခဲ့ဖူးတယ်
ရှောင်ထွက်ဖူးခဲ့သော ပတ်ဝန်းကျင်များနဲ့
ရထားစက်သွားပေါ်က ဘီးရာဟောင်းတွေ။

၈၊
လရောင်တလက်လက် ကြယ်တဖျက်ဖျက်
ကြွေဖို့စောင့်နေတဲ့ သစ်ရွက်ငယ်တွေအတွက်တော့
ဒီညဟာ နောက်ဆုံးမျှော်လင့်ချက်။

၉၊
စိတ်ဓာတ်ကျနေတဲ့ လူတွေအစား
ပြေးလွှားနေတဲ့ လူတွေနားမှာသာ
အသက်ရှင်ခဲ့ဖူးချင်တယ် အချစ်ရယ်။

၁၀၊
လမ်းတွေပေါ်ရောက်ခဲ့တဲ့ နှင်းဆီတွေကို
တက်နင်းသွားသူများအတွက် ဒီခေတ်ကို
ကမ္ဗည်းထိုးဖူးခဲ့တဲ့ လူတွေရှိမယ်။

၁၁၊
ရေးလက်စ စကားလုံးတွေ ပြေးထွက်သွားတယ်
ဘာတတ်နိုင်မှာလဲ
ဒီလိုပဲ ငါတို့ အိပ်စက်လာခဲ့ကြတာ
ဒီလိုနဲ့ ငါတို့ အိပ်မက်ခဲ့ကြတာ။

၁၂၊
ဟိုတစ သည်တစနဲ့ စီးဆင်းခဲ့တာ
အခုဆို အမေ့အိမ်မှာ ကျနော့်ရေအိုင်ငယ်ဟာ
တိမ်လို့ ကောလို့ပေါ့။

၁၃၊
ဘာမှမတွေးမိတဲ့ မနက်ခင်းတွေမှာ
လန့်မနိုးလာခဲ့ရင် သိပ်ကြည်လင်နေမှာပဲ။

၁၄၊
ဝတ္တရားတွေနောက်မှာ တချို့ဘဝတွေ ပျက်လို့
ဟန်ဆောင်ထားတဲ့ မေတ္တာဟာ အဆိပ်ပြင်းကြောင်းနဲ့
အမုန်းတရားတခုထဲကိုပဲ မုန်းစရာအဖြစ်ထားခိုင်းတဲ့
လူတယောက်ကိုလည်း ကမ္ဘာကရဖူးတယ်။

၁၅၊
မျက်လုံးတွေထဲမှာ အဓိပ္ပာယ်ရှာလို့ရနေရင်
အဲ့လူတွေဟာ ချစ်ခြင်းမေတ္တာကိုသာ သိကြလိမ့်မယ်။

၁၆၊
ဘုရင်တယောက်ရဲ့ အိပ်မက်မှာ
ပေစုတ်စုတ် ချာတိတ်တွေမပါသေးသလို
ပန်းတွေကို ချစ်တတ်တဲ့ ကောင်မလေးတယောက်ကို
သတိရနေချင်ပါသေးတယ်
သတိရဖူးခဲ့ပါသေးတယ်၊
အချစ်ရယ် ဘယ်အရာတွေကို ကိုယ်ချင်းစာမလဲဆို
ကိုယ်တို့အဖြေတွေ တူနိုင်ပါဦးမလား။

၁၇၊
မနေ့ညကအတိတ်ဆီ ပြန်သွားကြည့်တယ်
အိပ်မက်တွေ ကျန်မနေခဲ့ပါ၊
အဝေးက ပန်းရနံ့လေးတွေ အပြုံးထဲတိုးဝင်လာတယ်
တကယ်ရော ပြုံးနေခဲ့လို့လား
တကယ်ရော ပြုံးနေလို့လား မသေချာပါ၊
ပစ္စုပ္ပန်ဆိုတာ ဒါမျိုးဖြစ်မယ်။

၁၈၊
ဘာကို ယုံကြည်ရမလဲ မသိသေးတဲ့
ကလေးတယောက်ဟာ
လက်ထဲက လွတ်သွားတဲ့ မိုးပျံဘောလုံးအတွက်
ငိုကြွေးမနေတော့တဲ့အခါ
ခေတ်ကြီးတကယ်ပျက်နေတာလို့ သတ်မှတ်ရမယ်။

၁၉၊
အေးချမ်းတာက သက်ပြင်းချတာဖြစ်ပြီး
ငြိမ်းချမ်းတာက အကောင်းအတိုင်းအိမ်တွေရှိနေတာ
မိသားစုတွေလည်း စုံလင်မနေတော့သလို
တခုခုကို ဆုံးရှုံးရမယ်ဆို
ကိုယ့်ကိုကိုယ် အရင်ဆုံးရှုံးရတာပဲလေ။

၂၀၊
မသေချာတာတွေ များလာတဲ့ခါ
အမေကတော့ ကျနော့်ကို သတိရနေတာ
သေချာပါတယ်။

၂၁၊
သည်ဆောင်းတွင်းဟာ အနွေးထည်တွေ သယ်ခဲ့တယ်
ကြက်သီးတွေ တဖျင်းဖျင်းတလာတဲ့ထိ
နွေးထွေးနေခဲ့ပါတယ်။

၂၂၊
ရေးလက်စ စာတပိုဒ်ဟာ ခရီးထွက်လာခဲ့တာ
ဘယ်တော့ အချိန်ကုန်သွားမလဲ မသိပေမယ့်
စာအုပ်လေးကတော့ အရာရာကို မျှော်လင့်နေတုန်း
အားလုံးမှာ တချိန်တုန်းကတွေ ကိုယ်စီရှိဖူးကြတယ်
ဒီလိုပဲ တနေ့ကျရင် သေဆုံးဖူးကြတယ်။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နွံဆိုင်’ ရဲ့ “မြစ်တခုသာ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ရသစာတမ်းငယ်

လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ Public Service Announcement (The Call...

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

Trending

Facebook