Connect with us

Hi, what are you looking for?

ကဗျာ

“နိုင်ငံ့သားကောင်း မဟာလုလင်”

◼️မောင်သုည (ရှပ်ပုံသားလေး)


စိတ်လိုလက်ရ ထွက်ပေါက်မှန်သမျှ
လူငယ်ပီပီ လေလွင့်ခဲ့တယ်။


မိသားစုဆိုတာ
သူတို့အတွက် ဒူးနဲ့မျက်ရည်။


နိုင်ငံအရေးဆိုတာ
ဖြူသလား ၊ မည်းသလား သူ့တို့မသိဘူး၊
နိုင်ငံ့တာဝန်ထမ်းဖို့ဆိုတာ ဝေးသေး။

Public Service Announcement

Public Service Announcement


ဒီတိုင်းပြည် ဒီလူမျိုးကို မိမိချစ်တတ်ဖို့မပြောနဲ့
ဘဝနဲ့ရင်းပြီး
သေမင်းနဲ့စစ်ခင်းမွေးခဲ့တဲ့အမေကိုတောင်
ကျေးဇူးတုံ့ပြန့် ချစ်ရမှန်းမသိတဲ့အကောင်တွေ။


အဲသလောက်ထိ လုလင်လေးတွေဟာ
ဆိုးခဲ့ မိုက်ခဲ့ ရူးခဲ့ကြတယ်။


ဒါပေမယ့် သွေးဖောက်ပြီးကျိန်ရဲသတဲ့
ဘယ်သူအပေါ်မှာမှ သူတို့မယုတ်မာခဲ့ဘူးတဲ့။


”အာဏာသိမ်းလိုက်ပြီ”ဆိုတဲ့စကားကိုကြားတော့
ညဥ့်သန်ခေါင်ယံမှာ ခွေးတွေအူ
လူတွေက ဆူလို့။


အဲဒီမနက်ကပေါ့
လုလင်တို့ နှလုံးသားကို
ဆွဲနှုတ်ခံလိုက်ရတယ်ထင်ပါရဲ့
အားလုံးရဲ့မျက်နှာတွေက
နွမ်းလျ ပင်ပန်းနေကြတယ်။


သေချာတယ်
သူတို့အားလုံးရဲ့အနာဂတ်ကို
သေနတ်တွေနဲ့ မောင်းတင်ချိန်ထားခံလိုက်ရပြီ။


ဟော…ထွက်ခဲ့ပါပြီ လူထုပင်လယ်ပြင်ကြီးတရပ်
အုပ်ကြွထပျံရုန်းနေကြတာ၊
တစ်ချိန်က ပင်လယ်ဟောင်းမှာ
နစ်မွန်းမခံကြဘူး
တချို့မှာ အသက်တွေပေးဆပ်ခဲ့ကြရပြီး
သွေးတွေဟာ
ပေတရာပေါ်မှာ ကျောင်းကန်ပေါ်မှာ။


”တောက်”


လုလင်လေးတွေ ခေါက်မိတဲ့ တောက်တစ်ချက်မှာ
အားလုံးနဲ့ဝေးရာဆီကို ပြေးထွက်သွားခဲ့ကြတယ်။


တော ၊ တောင်ဆိုတာ အမှန်စစ်စစ်
သူ့တို့အတွက် ကိုးကွယ်ရာ၊ ယုံကြည်ရာ၊
အလံနီနဲ့ကြယ်ဖြူဟာ
လုလင်လေးတို့အတွက် အနာဂတ်မျှော်လင့်ချက်ပဲ။


အခုတော့
အနာဂတ်ကို မိုးမျှော်ကြည့်မိတိုင်း
ရင်ကွဲမတက် ခံစားရတယ်ဆိုတာထက်
သူတို့အားလုံး ပိုနာကျင်နေကြတယ်။


အဖေအမေကို သတိရတယ်
မိသားစုကို လွမ်းတယ်
စိတ်လွတ်ကိုယ်လွတ်
ဆိုးခဲ့ဖူးတဲ့အချိန်တွေ ပြန်လိုချင်တယ်။


ညီအစ်ကိုမောင်နှမတွေကို တွေ့ချင်တဲ့အကြောင်း
ဘုရားမှာ ဆုတောင်းမိပေမယ့်
လုလင်တို့ကိုးကွယ်မိတဲ့ဘုရားဟာ
သွေးတွေနဲ့ ပြီးတော့ တရားတွေနဲ့။


” အာဏာရှင်အမျိုးယုတ်တွေကို
သံသရာအဆက်ဆက်
ကမ္ဘာမကြေဘူး”
လုလင်တို့ရွေးချယ်ခဲ့လမ်းအတွက်
အခုနောက်ပိုင်း
သိပ်ကျေနပ်တယ် အားရနေကြတယ်။


လုလင်တို့မြန်မာနိုင်ငံမှာ လူဖြစ်ရတာ
သိပ်ကံကောင်းတယ်မလား။


မိသားစုကို မျက်ရည်နဲ့မျက်ခွက်မပြတ်
ဒုက္ခပေးတဲ့ကောင်က
မိသားစုကို လွမ်းလို့ ငိုတတ်ခဲ့တယ်။


မိဘအိမ်မှန်းမသိ
ရွာရိုးကိုးပေါက်လျှောက်သွားနေတဲ့ကောင်က
အိမ်ကိုလွမ်းလို့
ယောက်ျားတန်မဲ့ မျက်ရည်ကျသတဲ့။


နိုင်ငံရေးကို
ဖြူသလား၊ မည်းသလားမသိတဲ့ကောင်က
ဒီနိုင်ငံကြီးကောင်းဖို့အတွက်
လက်နက်ကိုင်တိုက်ပွဲဝင်လို့၊
ဒီနိုင်ငံရဲ့တာဝန်ကို
တကယ့်အရေးကြီးတဲ့အခန်း ကဏ္ဍမှာ
တာဝန်ထမ်းခွင့်ရလို့ ပျော်ရွှင်နေကြတယ်။


မိမိလူမျိုးကို မချစ်တတ်တဲ့ကောင်က
တခြားတိုင်းရင်းသားတွေရဲ့ ရိုးရာကိုတောင်
ချစ်တတ်နေခဲ့တယ်။


မိမိ မိသားစုကို မချစ်တတ်တဲ့ကောင်က
အများ ပြည်သူအားလုံးကို
ဘဝပေး အသက်စတေး ချစ်ပြနေလိုက်တာ။


”အခုချိန်မှာ
အဲဒီမိဘ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို
အသက်ပေး ချစ်ပြရတဲ့အခန်းလောက်
မြန်မာနိုင်ငံမှာ လူဖြစ်ရတာ
ကံကောင်းတဲ့လူ ရှိပါဦးမလား”တဲ့။


သြော်…..လုလင်လေးတွေ
ရှားမှာရှားတဲ့ မဟာလုလင်လေးတွေ
တကယ့်ရတနာ သားကောင်းလေးများကို
အစဥ်မြဲ ထာဝရ
ဂုဏ်ယူအလေးပြုအပ်ပါ၏။ ။


(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မောင်သုည (ရှပ်ပုံသားလေး)’ ​ရေးဖွဲ့တဲ့ “နိုင်ငံ့သားကောင်း မဟာလုလင်” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...