Connect with us

Hi, what are you looking for?

ကဗျာ

‘အသက်ကို နှမြောသင့်တဲ့ချိန်မှ နှမြောရအောင်’

ဒီခရီးအတွက်

လှေလုံဖို့လိုသေးတယ်

ပဲ့ထိန်းကောင်းကောင်းလိုသေးတယ်။

အသက်ကို နှမြောသင့်တဲ့ချိန်မှ

နှမြောရအောင်

◾မောင်သုည (ရှပ်ပုံသားလေး)

ငါတို့ လှော်ခတ်ထွက်ရတဲ့

ဒီခရီးအတွက်

လှေလုံဖို့လိုသေးတယ်

Public Service Announcement

Public Service Announcement

ပဲ့ထိန်းကောင်းကောင်း လိုသေးတယ်။

သိပ်မဝေးတော့တဲ့ ရောင်နီကမ်းမှာ

စံပယ်တွေ ၊ နှင်းဆီတွေ ၊ အောင်သပြေတွေ

အစီအရီဖူးပွင့်စောင့်နေပြီ။

ဘယ်သူမှ အားမငယ်ကြနဲ့

လွမ်းစရာရှိရင် နာစရာတွေနဲ့ဖြေကြ။

လူတွေကို တရားဟောပြီး

ကိုယ်ကိုယ်တိုင် တရားပျောက်သွားတဲ့အခါ

ရယ်သံတွေက သွေးစွန်းရပါလိမ့်မယ်။

တခါတလေ

ညချမ်းရဲ့ပွဲတော်အုပ်တွေဟာ

ယင်ကောင်တဝီဝီ ဖြစ်ချင်ဖြစ်မယ်။

အနာဟာ အနာပါပဲ

မျက်ရည်တွေ ၊ သွေးစက်တွေ

အနာဂတ်နိုင်ငံတော်ပေါ်

မဖိတ်ကျစေနဲ့။

အစကတည်းက ဒီပင်လယ်ဟာ

ဒုက္ခတွေ ဆန်ပြန်တက်ဖို့

သမိုင်းဟာ

ငါတို့ကို တာဝန်ပေးခဲ့ပြီသား။

ငါတို့မှာ

လှိုင်းလှလှလေးတွေမြင်ရဖို့

ကျောက်ဆောင်နဲ့ ခိုက်မိပွတ်ပဲ့တာတွေရှိမယ်

မချိမဆံ့ခံစားရတဲ့ နာကျင်မှုတွေရှိမယ်။

ကျင့်ပြီးသားတရားတွေ

ဆုပ်ပြီးသားလက်သီးတွေ

မာန်နတ်တွေရဲ့ခြေထိုးမှုနဲ့

အရှုံးပေးလို့မဖြစ်ဘူး။

ဆရာနိုင်(မြန်မာ)ပြောသလို

“ အသက်ဆိုတာ

နှမြောသင့်တဲ့နေရာမှာ နှမြောရတယ်

နှမြောမသင့်နေရာမှာ မနှမြောရဘူး ”

ဤခရီးမှာ

ဘယ်လောက်ပဲ မုန်တိုင်းထန်ထန်

ငါတို့လိုချင်တဲ့ ရောင်နီကမ်းပါးကိုမရောက်သ၍

ငါတို့ ရွက်လွင့်ရဦးမယ် ၊

တက်စုံဖွင့်ရဦးမယ်။

မင်းခြေထောက်တစ်ဖက်

ငါ့လက်တစ်ဖက်

သူ့ခေါင်းတစ်လုံး

အမေနှလုံးသားတစ်စုံ

အဖေအသက်တစ်ချောင်း။

ငါတို့ တစ်ယောက်တိုင်းမှာ

ကျောပိုးလွယ်ထားကြတဲ့

ရင်နာစရာ ကြေကွဲသံစဥ် အစစ်စစ်တွေ

မကျကွဲဖို့ သတိရှိကြ။

ဒီချိန်ကျမှ

မလှုပ်မယှဥ်တော့တဲ့ ကြယ်တွေ

အသက်ရှူကျပ်လို့ မဖြစ်ဘူး။

တောက်ပပြီးသားကြယ်တွေအတွက်

လာကြ…

ငါတို့တက်စုံဖွင့်

ရွက်လွင့်ကြရအောင်။

ငါတို့ လှော်ခတ်ထွက်နေတဲ့

ဒီခရီးအတွက်

လှေလုံဖို့လိုသေးတယ်

ပဲ့ထိန်းကောင်းကောင်းလိုသေးတယ်။

အသက်ကို နှမြောသင့်တဲ့ချိန်မှ

နှမြောရအောင် ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်သုည (ရှပ်ပုံသားလေး)’ရေးဖွဲ့တဲ့ “အသက်ကို နှမြောသင့်တဲ့ချိန်မှ နှမြောရအောင်” ကဗျာကို

People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ

ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ