မောင်သုည (ရှပ်ပုံသားလေး)
ငါတို့ လှော်ခတ်ထွက်ရတဲ့
ဒီခရီးအတွက်
လှေလုံဖို့လိုသေးတယ်

Public Service Announcement
ပဲ့ထိန်းကောင်းကောင်း လိုသေးတယ်။
သိပ်မဝေးတော့တဲ့ ရောင်နီကမ်းမှာ
စံပယ်တွေ ၊ နှင်းဆီတွေ ၊ အောင်သပြေတွေ
အစီအရီဖူးပွင့်စောင့်နေပြီ။
ဘယ်သူမှ အားမငယ်ကြနဲ့
လွမ်းစရာရှိရင် နာစရာတွေနဲ့ဖြေကြ။
လူတွေကို တရားဟောပြီး
ကိုယ်ကိုယ်တိုင် တရားပျောက်သွားတဲ့အခါ
ရယ်သံတွေက သွေးစွန်းရပါလိမ့်မယ်။
တခါတလေ
ညချမ်းရဲ့ပွဲတော်အုပ်တွေဟာ
ယင်ကောင်တဝီဝီ ဖြစ်ချင်ဖြစ်မယ်။
အနာဟာ အနာပါပဲ
မျက်ရည်တွေ ၊ သွေးစက်တွေ
အနာဂတ်နိုင်ငံတော်ပေါ်
မဖိတ်ကျစေနဲ့။
အစကတည်းက ဒီပင်လယ်ဟာ
ဒုက္ခတွေ ဆန်ပြန်တက်ဖို့
သမိုင်းဟာ
ငါတို့ကို တာဝန်ပေးခဲ့ပြီသား။
ငါတို့မှာ
လှိုင်းလှလှလေးတွေမြင်ရဖို့
ကျောက်ဆောင်နဲ့ ခိုက်မိပွတ်ပဲ့တာတွေရှိမယ်
မချိမဆံ့ခံစားရတဲ့ နာကျင်မှုတွေရှိမယ်။
ကျင့်ပြီးသားတရားတွေ
ဆုပ်ပြီးသားလက်သီးတွေ
မာန်နတ်တွေရဲ့ခြေထိုးမှုနဲ့
အရှုံးပေးလို့မဖြစ်ဘူး။
ဆရာနိုင်(မြန်မာ)ပြောသလို
“ အသက်ဆိုတာ
နှမြောသင့်တဲ့နေရာမှာ နှမြောရတယ်
နှမြောမသင့်နေရာမှာ မနှမြောရဘူး ”
ဤခရီးမှာ
ဘယ်လောက်ပဲ မုန်တိုင်းထန်ထန်
ငါတို့လိုချင်တဲ့ ရောင်နီကမ်းပါးကိုမရောက်သ၍
ငါတို့ ရွက်လွင့်ရဦးမယ် ၊
တက်စုံဖွင့်ရဦးမယ်။
မင်းခြေထောက်တစ်ဖက်
ငါ့လက်တစ်ဖက်
သူ့ခေါင်းတစ်လုံး
အမေနှလုံးသားတစ်စုံ
အဖေအသက်တစ်ချောင်း။
ငါတို့ တစ်ယောက်တိုင်းမှာ
ကျောပိုးလွယ်ထားကြတဲ့
ရင်နာစရာ ကြေကွဲသံစဥ် အစစ်စစ်တွေ
မကျကွဲဖို့ သတိရှိကြ။
ဒီချိန်ကျမှ
မလှုပ်မယှဥ်တော့တဲ့ ကြယ်တွေ
အသက်ရှူကျပ်လို့ မဖြစ်ဘူး။
တောက်ပပြီးသားကြယ်တွေအတွက်
လာကြ…
ငါတို့တက်စုံဖွင့်
ရွက်လွင့်ကြရအောင်။
ငါတို့ လှော်ခတ်ထွက်နေတဲ့
ဒီခရီးအတွက်
လှေလုံဖို့လိုသေးတယ်
ပဲ့ထိန်းကောင်းကောင်းလိုသေးတယ်။
အသက်ကို နှမြောသင့်တဲ့ချိန်မှ
နှမြောရအောင် ။ ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မောင်သုည (ရှပ်ပုံသားလေး)’ရေးဖွဲ့တဲ့ “အသက်ကို နှမြောသင့်တဲ့ချိန်မှ နှမြောရအောင်” ကဗျာကို
People’s Spring ကပြန်လည်ဖော်ပြပေးတာ
ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































