Connect with us

Hi, what are you looking for?

ကဗျာ

‘နိုင်ငံက အန်ဒါမယ်လီထရီကုမှာလေကွာ’

◼️ညီ Z

အဲဒီနေ့ မနက်မှာတင်
နိုင်ငံရေးဆို လေသံတောင် မဟနဲ့ ဆိုတဲ့
ငါ့အဖွားလေးကို မုန်းမိတာပဲ ။

သူတို့က ခဏထိန်းရုံပါဆိုတဲ့ ဦးလေးကိုလည်း
ငါ မျက်မှောင်ကုပ် ကြည့်မိ ။

အလကား မင်းမဲ့စရိုက်တွေဆူပူနေကြတာ ဆိုတဲ့
မြေညီထပ်က ရပ်ကွက်လူကြီးကိုလည်း
အဲဒီ မနက်ကတည်းက ငါနှုတ်မဆက်တော့ဘူး ။

Public Service Announcement

Public Service Announcement

အုတ်နံရံကို ခေါင်းနဲ့တိုက်နေလို့
ဘာထူးမှာလဲ ဆိုတဲ့ ရပ်ကွက်ထဲက
အတူသောက်နေကျ အစ်ကိုကြီးတွေကိုလည်း
ငါစိတ်တို ။

လေးလလောက် ကြာတော့
ဆွဲခြင်းကလေး ဆွဲပြီး
တစ်လှမ်းချင်း လျှောက်လာတဲ့
ဆင်မယဉ်သာ ဆရာမလေးလည်း
ငါ ကြည့်ရတာ ရိုင်းသွားပြီ ။

ရာထူးတိုးသွားတဲ့ ငါ့ မိတ်ဆွေကြီးရဲ့
ဂုဏ်ပြုညစာစားပွဲကိုလည်း
ငါ အသိမှတ်မပြုနိုင်တော့ပြီ ။

ထောင်ထဲရောက်တော့လည်း
ဆန္ဒပြတဲ့ လူငယ်တွေကို
အရှုပ်အထုပ်တွေလို့ မြင်တဲ့
အကျဉ်းသားတွေနဲ့
ငါနဲ့ တွေ့ပြီ ။

ထောင်ပြင် ပြန်ရောက်တော့လည်း
ကလပ်တက်ဖို့ လာခေါ်တဲ့ ဘော်ဒါတွေနဲ့
ငါ့ စိတ်နဲ့ မဖြစ် ။

ထောင်ကျရခြင်းဟာ
အတိတ်ကံကြောင့် ၀ဋ်ကြွေးကြောင့်လို့
ဆုံးမစကား ဆိုတဲ့ လူကြီးသူမတွေကိုလည်း
ငါ စိတ်ပျက် ။

ဘာတွေလုပ်ခဲ့လို့ ဘယ်တုန်းကတည်းက
နိုင်ငံကြီးတွေ ရောက်သွားမှန်း မသိတဲ့
သောကကင်းဝေး နေနိုင်ရေးတွေ
ဟောပြောပို့ချနေသူတွေကိုလည်း ငါစိတ်ကုန် ။

သံသရာမှ တစ်ကိုယ်တော် လွတ်ညား ၊
နိဗ္ဗာန်ချမ်းသာကို တစ်ယောက်တည်း ရညား
ပိုက်ဆံတွေ အထပ်လိုက် ဘုရားကျောင်းထဲ
ပစ်ထည့်နေတဲ့ လူချမ်းသာတွေကိုလည်း ငါအံ့သြ။

ရုံးပိတ်ရက်တွေမှာ ပွဲဈေးတန်းဘက်
လာရောက် တိုးဝှေ့စည်ကား
၂ နှစ်အတွင်းမှာ ငြိမ်ဝပ်ပိပြားသွားတဲ့
ငါ့ မြို့သားတွေကို ကြည့်ပြီးတော့လည်း
ငါ စိတ် လေ ။

ကျောင်းကပွဲမှာ ၀င်ပါဖို့
skin care နေတယ် ဆိုတဲ့
ငါ့၀မ်းကွဲညီကိုလည်း ငါ မုန်း
စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲ ကြည့်ချင်တယ်ဆိုတဲ့
ငါ့တူမလေးကိုလည်း ငါ မုန်း
စမိုင်းရဲ့ဘဝကို အားကျတယ် ဆိုတဲ့
ငါ့ကျောင်းနေဖက် သူငယ်ချင်းမကိုလည်း ငါမုန်း
လွတ်မြောက်ရာ အစစ်မှန်ကိုတွေ့သွားပြီ ဆိုတဲ့
တရားစခန်းက ငါ့ အန်တီကိုလည်း ငါမုန်း၊
ဘ၀ရှေ့ရေးအတွက် ပယောဂ ဂိုဏ်းတစ်ဂိုဏ်း နဲ့
အဆက်အသွယ် လုပ်ထားပြီးပြီ ဆိုတဲ့
ငါ့ အစ်ကို၀မ်းကွဲကိုလည်း ငါ မုန်း ၊
ကထိန်ခင်းဖို့ ငါ့ အမေဆီမှာ အလှူလာခံနေတဲ့ ရပ်ကွက်ထဲက မိန်းမတွေ၊
ညနေတိုင်း တောင်ပေါ် ဘုန်းကြီးကျောင်းကနေ
လော်စပီကာနဲ့ အော်နေတဲ့ ဓမ္မစကြာအဖွဲ့ ၊
၃နှစ်ကြာပြီးတဲ့နောက်
မနက်အစောကြီး နိုင်ငံတော်အလံအား
အလေးပြုဆိုတဲ့
ကျောင်းသားလေးရဲ့ စောက်သံ ၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
သရုပ်ဆောင်နေတဲ့
စောင်ကလေးလေးတွေက အစ
အားလုံး ငါ ဍလိုက်မုန်း ။

လေးနှစ်ကျော်လာချိန်မှာတော့
ရန်သူစခန်းတစ်ခု ကျသွားတိုင်း
ငြိမ်းချမ်းရေးတွေ
တွေ့ဆုံညှိနှိုင်းရေးတွေ ထပြောနေတဲ့
မိတ်ဆွေ စာပေပညာရှင်ကြီးတွေကို ငါ မုန်းမိ ။

ငါ နေရင်းထိုင်ရင်း အမုန်းတရားတွေနဲ့
ယားယံ ၊ ငါ သွားရင်းလာရင်း အမုန်းတရားတွေ
နှခေါင်းကနေ လျှံ ထွက် ၊ ငါပြောရင်းဆိုရင်း
အမုန်းတရားတွေ ဝေါ့ကနဲ အန်ထွက် ။

အိပ်ယာထတာနဲ့
အဲဒီ အတိတ်နမိတ်ဆိုး မိုးသား တိမ်တိုက် တစ်ခုက
ငါ့ရဲ့ ကောင်းကင်မှာ နေ့စဉ်စွဲကပ်
လိုက်ပါနေတာ လေးနှစ်ကျော်ပြီ ။

ငါ နားလည်တယ်
တကယ်တော့ သူတို့နဲ့ တော်လှန်ရေးက
အဝေးကြီးလေ ။

ငါ နားမလည်ဘူး
တကယ်တော့ သူတို့နဲ့ အာဏာရှင်က နီးနီးလေးလေ ။

ယုံမှားသံသယဖြစ်မှုကို တော်လှန်ရေးကြီးဘက် ပုတ်ထုတ်လိုက်ချင်မိတဲ့ အထိ
မသိသားဆိုးရွားသူတွေက
များပြားနေတုန်းပဲ ။

ကမ်းမွန် အဲဗရီးဝမ်း
ငါမြန်မြန် ပြန်ချစ်ပါရစေတော့ ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ညီ Z’ ရေးဖွဲ့တဲ့“​​​နိုင်ငံက အန်ဒါမယ်လီထရီကုမှာလေကွာ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …