Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘ဒီညတွေမှာ ယောင်ယောင်ထထိုင်မိတဲ့ အဲ့ညတွေက အကြောင်းတွေ’

■ ဂနိုက်

လက်ထဲကိုင်ထားမိတဲ့ တရုတ်လုပ်ဖုန်း စခရင်ရဲ့ အပေါ်ညာဘက်ထောင့်က မှိန်ပျပြီး ကြက်ခြေခတ်ပြထားတဲ့ ဖုန်းလိုင်းပြတိုင်ကလေးတွေကို အကြောင်းမဲ့ ထိုင်ရေနေမိတယ်။ နားဆီမှာ တပ်ထားတဲ့ ခပ်ပေါပေါနားကြပ်စပီကာကနေ ကိုနေဝင်းရဲ့”နောက်ဆုံးအိပ်မက်”သီချင်းက တိုးရှရှ နားအတွင်းဆီတိုးဝင်နေတာကို ခံစားရတယ်။

ဒီနေ့က တနေကုန်နီးပါး မိုးအုံ့လိုက် ပြိုက်ကနဲရွာချလိုက်နဲ့ အလင်းရောင်သေချာမရရှာတော့ ဆိုလာတွေကလဲ နေရောင်ခြည်ကို ကောင်းကောင်းစုပ်ယူနိုင်ပုံ မရဘူးထင်တယ်။ ညနေခင်းစောင်းချင်ချင်အချိန်မှ တိမ်တွေဟာ လေအရွေ့မှာပါသွားတာပဲ။ ဘတ္ထရီတွေ အား သေချာမရဘူးလို့ ညီလေးတယောက်ပြောသံကို ညနေက သဲ့သဲ့ကြားလိုက်မိသေးတယ်။

ကျနော့်ဖုန်းဟာလဲ အားသိပ်မရှိရှာတော့ပေမဲ့ အစွမ်းကုန် ထမ်းရွက်နေဆဲပါပဲ။ Power Saving Mode ဖွင့်ထားတာကို ဘတ္ထရီအားက ၁၆ ပါဆင့်ပဲ ကျန်တော့တာကို သတိထားမိတယ်။ လက်ရဲ့အလိုအလျောက်လှုပ်ရှားမှုအရ Airplane Mode Icon ကို On လိုက်မိတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ကောင်းကင်ဆီက ဝေါခနဲ အသံကြားလိုက်ရတယ်။

Public Service Announcement

Public Service Announcement

ကြုံနေကြအခြေအနေတွေက သင်ပေးထားတဲ့ပညာတွေက ”ဝေါခနဲ့အသံကြားရင် ဝပ်၊ ထမပြေးနဲ့မလွတ်ဘူး”ဆိုတာပဲ။ Sleeping Bag ထဲကို တပိုင်းတစမြှုပ်နေတဲ့ ခန္ဓာကိုယ်ထဲက ခပ်ဆောင့်ဆောင့်ရုန်းပြီး ဘေးမှာချထားတဲ့ 40 liter ကျောပိုးအိတ်ကို ကိုယ်ပေါ်ဆွဲချပြီး ခေါင်းပျောက်အောင် ခန္ဓာကိုယ်ကို စုထားလိုက်မိတယ်။

အရာအားလုံးက စက္ကန့်ပိုင်းပဲ။ တကယ့်စက္ကန့်ပိုင်းပဲ။ ကျနော်သေချာမရေတွက်မိပေမဲ့ ၅ စက္ကန့်ဝန်းကျင်ပဲရှိမယ်လို့ ထင်တယ်။ ကျနော် Airplane Mode On လိုက်တာနဲ့ ဒီလေယာဉ်ထိုးဆင်းလာတာ ဘာမှတော့မဆိုင်ပါဘူး။ ဒါပေမဲ့ ဒီဖြစ်ရပ် ဒီတကြိမ်ဟာ ကျနော်အတွက် မှတ်မှတ်ရရ အမြဲဖြစ်နေတုန်းပဲ။

တွေးမိတိုင်း/ခေါင်းထဲရောက်လာတိုင်း ခြေဖျားလက်ဖျား အေးစက်လာတုန်း ဂေါက်ထရှူရတုန်း အသက်ရှူကြပ်လာတုန်း။

ပေါက်ကွဲသံခပ်ကျယ်ကျယ် တသံကြားရတယ် သိပ်မဝေးတဲ့ဆီက။ ဗုံးကြဲသွားပြီလို့သိလိုက်တယ်။ ဗုံးသီးပစ်ချသွားတဲ့လေယာဉ်က ပတ်ဝဲနေတဲ့အသံကို ကြားနေရတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်း နေရာတော်တော်များများကို လိုက်ပုတ်ကြည့်မိတယ်။ အိုကေ ကျနော်ဘာမှမဖြစ်သေးဘူး။ ကျောပိုးအိတ်ကိုလွယ် ဘေးအိတ်အသေးနဲ့ ကင်မရာကိုဘယ်ညာလွယ်ပြီး ခပ်လှမ်းလှမ်းဆီက တောင်စောင်းကို ခါးချိုးပြေးရတယ်။ တောင်စောင်းလေးကိုကျောမှီချလိုက်မိတဲ့အချိန်အထိ ကျနော့် နှလုံးခုန်မြန်နေတာ လုံးဝမရပ်သေးဘူး။ အတော်အတန်အေးတဲ့ရာသီမှာ ကျနော့်နဖူးဆီက စိုစွတ်တဲ့ချွေးစတွေထွက်နေတာကို ခံစားမိနေတယ်။ စခရင်အလင်းကို အဆုံးအထိမှောင်ထားတဲ့အပြင် Wallpaper က အနက်ရောင်ထားထားတဲ့ ကျနော့်ဖုန်းကို လက်အုပ်ပြီးဖွင့်ကြည့်လိုက်တော့ ည ၉ နာရီ ၁၅ မိနစ်။ လေယာဉ်သံဟာ တော်တော်ဝေးဝေးဆီကကြားရပြီး ပျောက်သွားခဲ့ပြီ။ ကျနော်တို့ တယောက်ချင်းအော်မေးနေကြမိတယ်။

ဘယ်သူတွေထိသေးလဲ ဘာဖြစ်ကြသေးလဲ ဘယ်သူတွေကျန်ခဲ့လဲ စသဖြင့် အမျိုးစုံပါပဲ။

နိစ္စဓူဝ ကျနော်တို့ကြုံတွေ့နေကြရပေမဲ့ ဒီအရာတွေက အမျိုးစုံသောခံစားချက်တွေကို ပေးနေတုန်းပါပဲ။ ကျနော်တို့ကြောက်တုန်း ကျနော်တို့ရှင်သန်ရာဖြစ်စေမဲ့လမ်းတွေကို လှမ်းမိတုန်းပါပဲ။

အမြောက်ဆံထိပြီး မသေဘဲကျန်ခဲ့ရအောင် ကျနော်ကတော့ ဟဲမင်းဝေး မဟုတ်ဘူး။ အဲ့တော့ ကြောက်တယ်။

ကံကောင်းထောက်မစွာနဲ့ ဗုံးသီးဟာ ပေါင် ၁၀၀ သီး ဖြစ်နေခဲ့တယ်။ တကယ်တော့ ကံကောင်းတယ်ဆိုတာဟာ ပေါင် ၅၀၀ ဗုံးသီးဟုတ်မနေတာလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ပေါင် ၅၀၀ ဗုံးသီးဆိုရင် ကျတဲ့နေရာနဲ့ ကျနော်တို့အကွာအဝေးဟာ လူ့အသက်တွေအများကြီးသေစေနိုင်တဲ့ အကွာအဝေးပမာဏပါပဲ။ ယာယီတဲတချို့ပျက်စီးသွားရုံ လမ်းကပါလာတဲ့ ခွေးကလေးအစမှန်သွားရုံ ကျနော်မီးဖိုနားမှာကျန်ခဲ့တဲ့ ရေဘူးကလေးကွဲသွားရုံ စတာတွေကလွဲရင် ဘာမှမဖြစ်လိုက်တော့ ကျနော်တို့ကံကောင်းတယ်ပေါ့ အဟက် ရယ်တော့ရယ်ရပါတယ်။

ကျနော်တို့ဘယ်သူမှ တဲတွေဆီမပြန်ဖြစ်ကြတော့ဘူး။ အိပ်ဖို့တကူးတကကြိုးစားတာမျိုး မလုပ်မိတော့ဘူး။ သီချင်းလဲနားထောင်ဖို့ သတိမရတော့ဘူး။ ကိုယ်စီရင်ထဲအတွေးပေါင်းစုံနဲ့ အမည်ပေးရန်မလွယ်တဲ့ ကြောက်လန့်မှုတွေရှိမယ်ထင်ပါတယ်။ ဖားဖိုကြီးလို ပိန်လိုက်ဖောင်းလိုက် တရှူးရှူးတရှဲရှဲမြည်နေအောင် ဘယ်တော့မှ ထပ်မရတော့မယ့်အရာတခုလို အသက်ကိုလုရှူမိနေကြတယ်။ ကျနော်တို့ အသက်ဘေးကဝေးခဲ့ပြန်ပါပြီ။

ကျနော့်လက်ထဲက တရုတ်ဖုန်းလေးလဲ ပါဝါပိတ်သွားခဲ့ပြီ။

ကျနော်တို့ မနက်ဖြန်တွေဆီကို တရက်ချင်းဘယ်လိုရှင်သန်ရမလဲဆိုတဲ့ အတွေးတွေကို ထပ်မတွေးမိတော့ဘူး။ အိုကေ ကိုယ်တို့ အသက်ရှင်နေသေးတယ်ဆိုတာမျိုး ကိုယ်တို့ လုပ်ချင်ရာလုပ်ခွင့်ရနေသေးတယ်ဆိုတာမျိုးပေါ့။ ခပ်ဝေးဝေးဆီက ဉာဉ့်ပိုးကောင်လေးတွေ အော်နေဆဲပဲ။

ဆောင်းရဲ့အအေးဓာတ်ပိုမြင့်လာတာနဲ့အမျှ မိုးတိမ်ကင်းစင်နေတဲ့ကောင်းကင်မှာ ကြယ်တွေ မလှမ်းမကမ်းကနေ လေယာဉ်သံတွေကြားနေရဆဲ။ ကျနော်တို့ရင်ထဲ အပူလှိုင်းတွေတငွေ့ငွေ့ပါပဲ။

ဘာမှတော့မဆိုင်ဘူးလို့ထင်ပေမဲ့ ဂျူနိုရေ ငါမသေတော့ဘူးဟာ လို့ ခပ်တိုးတိုး ရေရွတ်လိုက်မိတယ်။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဂနိုက်’ ရေးဖွဲ့တဲ့ “​​ဒီညတွေမှာ ယောင်ယောင်ထထိုင်မိတဲ့ အဲ့ညတွေကအကြောင်းတွေ” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

Facebook