ရေးသားသူ – သစ်ရွက်
မတ်ဟာခြေလှမ်းကြဲကြဲနဲ့ရန်ကုန်ထဲကိုတစ်လှမ်းချင်းဝင်လာတယ်။ မတ်ဟာ ကောင်းကင်ပြာကို အရောင်ပြောင်းလဲပစ်တယ်။ လူတိုင်းချောင်းဆိုးကြတယ်။ လည်ချောင်းနာကြတယ်။ ကိုယ်ပူတယ်။ ဘာကြောင့်လဲတော့မမေးပါနဲ့။ ဘာကြောင့်လဲဆိုတဲ့မေးခွန်းအတွက်အဖြေဟာ ဒီလူ့အဖွဲ့အစည်းမှာ မရှိတော့တာကြာလှပေါ့။
အနွေးထည်တွေကို ဗီဒိုထဲကို တစ်နှစ်စာပြန်သိမ်းကြတယ်။ အပူချိန်ရဲ့တိုက်စစ်အတွက်ပြင်ဆင်ကြရပြီ။ နွေနဲ့ လျှပ်စစ်မီးကမတည့်ဘူး၊ ရန်ဖြစ်ထားတယ်။ အစိမ်းတွေခေတ်မှာ လျှပ်စစ်ဟာပိုစိမ်းကားလာတယ်။ မီးလာရင်ကလေးတွေ ‘ဟေး’ကနဲအော်ကြတာဟာဝမ်းသာစရာလား၊ဝမ်းနည်းစရာလားမသိတော့ဘူး။

Public Service Announcement
လက်နှိပ်ဓါတ်မီးတွေ၊ ပါဝါဘဏ်တွေ၊ ယူပီအက်စ်နဲ့ ပန်ကာတွေက အရောင်းသွက်လာတယ်။ မဝယ်နိုင်ဘူးလား။ အမေပေးတဲ့ခံနိုင်ရည်စွမ်းအားနဲ့ တုန့်ပြန်ရင်ဆိုင်ရုံပေါ့။ ရှုံးနိမ့်သွားသူတွေကိုတော့ အရပ်က အနည်းဆုံးတော့ရေချိုးပေးမှာပါ။
ဥဩဟာလွမ်းလွမ်းဆွေးဆွေးအော်တယ်လို့ဘယ်သူပြောတာလဲ၊ဒါဟာမမှန်ပါဘူး။ ဥဩဟာ နာနာကျည်းကျည်း အော်မြည်တာပါ။ ရန်ကုန်ရဲ့နေရာတိုင်းမှာဥဩတွေဟာနာနာကျည်းကျည်း အော်မြည်နေကြတယ်။ သူတို့လက်သုံးချောင်းတောင်ထောင်နေကြသလားပဲ။ ဥဩဟာချစ်သူကိုတမ်းတတဲ့ခေတ်မဟုတ်တော့ဘူး။ ဥဩဟာမုန်းသူကိုစိန်ခေါ်တဲ့နေ့ရက်တွေ ဖြစ်လာခဲ့ပြီ။ ဥဩဟာ မကြေနပ်ချက်တွေကိုတုန့်ပြန်ဖို့အညှိုးတရားနဲ့ ကျိန်စာတိုက်နေပြီ။
အရေးအကြီးဆုံးက လက်ထဲမှာဖုန်းရှိနေသေးဖို့ပဲ့။ ဖုန်းရှိရင် သတင်းရှိတယ်၊သတင်းရှိရင် မျှော်လင့်ချက်ရှိတယ်။ မျှော်လင့်ချက်ရှိရင် အသက်ဆက်ရှင်သန်မယ်။ ဈေးထဲမှာငါးခုတ်နေတဲ့ဈေးသည်က ဝယ်သူမလာတဲ့အခါသူ့ဖုန်းကိုပွတ်မယ်။ ပင်စင်စားဘကြီးကလည်း ပက်လက်ကုလားထိုင်ပေါ်မှာ ဖုန်းပွတ်မယ်။ တွန်းလှည်းနဲ့ ကြာဇံဟင်းခါးရောင်းတဲ့သူလည်းအတူတူပဲ။ တိုက်အမြင့်ပေါ်မှာ အလုပ်လုပ်နေတဲ့ ပန်းရန်ဆရာလည်းအတူတူပဲ။ နောက်ဆုံးပြောရရင် Non-CDM ကျောင်းဆရာမလေးလည်းအတူတူပါပဲ။ ထီသည်တွေလား၊ သူတို့ကိုတော့ထားလိုက်တော့၊ ထီမရောင်းရတော့တာကြာပေါ့။
အရေးကြီးတာက တောက်တဲ့တွေအရှေ့မှာအစစ်ခံရတဲ့အခါ ဘာတွေကိုကြည့်ထားလဲဆိုတာမပေါ်ဖို့ပဲ။ ပြောက်ကျားဝတ်စုံနဲ့တောက်တဲ့တွေက လက်ကိုင်ဖုန်းကို သိပ်ကြည့်ချင်တယ်။ ငွေယားလေးရဖို့ သိပ်လွယ်တယ်။ သူများအသားနာမှစိတ်ချမ်းသာတဲ့ တောက်တဲ့အတွက်တော့စိတ်အာသာဖြေစရာလည်းရတယ်။ ရိုက်လို့ရတယ်၊ နှက်လို့ရတယ်၊ ညနေပိုင်းအလကားရတဲ့ပယင်းရောင်ကို မှီဝဲပြီးချိန်ဆိုရင်တော့သတိသာထားပေတော့။
ဒါပေမယ့်လူတိုင်းရဲ့ဘဝအတွက်တော့ ဖုန်းဟာ ‘မရှိမဖြစ်’ဖြစ်သွားခဲ့ပါပြီ။
မတ်လကို ကြိုဆိုကြတဲ့အရာတွေထဲမှာ အထူးခြားဆုံးကတော့ ‘တောက်တဲ့’မဖြစ်မနေရဥပဒေပေါ့။ ဒီလူ့အဖွဲ့အစည်းရဲ့လမ်းတွေပေါ်မှာ ကျောပိုးအိတ်လွယ်ထားတဲ့လူငယ်တွေဟာ ဦးတည်ချက်မရှိတဲ့ ခြေလှမ်းတွေနဲ့ လွတ်မြောက်ရာကိုသွားလာနေကြတယ်။ တချို့ကလေဆိပ်ကို၊ တချို့က ကားဂိတ်ကို၊တချို့ကတော့ လမ်းဆုံမှာ ဝဲနေတဲ့မျက်ရည်စတွေနဲ့ တွေဝေနေကြဆဲပဲ။ အမေတွေကငိုကြွေးကြတယ်၊ အဖေတွေက ဘာလုပ်ရမလဲဆိုတဲ့မေးခွန်းတွေနဲ့ ပူလောင်ကြတယ်။
၁၉၆၂နဲ့ ၈၈၈၈ကိုဖြတ်သန်းလာသူတွေအတွက်တောင်ဒါဟာအသစ်ပဲ။ ဒါဟာ ငရဲမင်းရိုက်ကူးတဲ့ ဇါတ်ကားအသစ်ပဲ။ တစ်ချိန်က ရုရှတော်လှန်စာရေးဆရာကြီး ဂေါ်ကီစကားကိုငှားသုံးရမယ်ဆိုရင်တော့ ‘အနာဂါတ်ကိုမပိုင်တဲ့အနာဂါတ်ပိုင်ရှင်လူငယ်တွေ’အကြောင်းပေါ့။
သူတို့မိသားစုတွေ၊ညီအကိုမောင်နှမတွေနဲ့မိဘတွေကိုထားပြီးထွက်သွားကြတဲ့လူငယ်တွေဟာ ရင်ထဲမှာဘာကိုပွေ့ပိုက်ပြီးသူတို့အိမ်တွေကိုစွန့်ခွာသွားကြမလဲ။ သူတို့ဘာတွေကို တွေးတောသွားကြမလဲ။သူတို့တွေဟာလည်းဥဩတွေပဲပေါ့။ နာနာကျည်းကျည်းနဲ့ မရခဲ့တဲ့အကြွေးကိုရတဲ့နည်းနဲ့ပြန်တောင်းမယ့် ဥဩတွေပေါ့။
ဒီခေတ်မှာ ‘အခုဘာလုပ်နေလဲ’မမေးပါနဲ့၊ ‘အဆင်ပြေလား’မမေးပါနဲ့၊ ‘ဘယ်မှာနေလဲမမေးပါနဲ့’၊ အဲဒီမေးခွန်းတွေဟာ မအိုကေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ဘယ်သူမှမအိုကေလို့ပါပဲ။ ဒီနေ့စားစရာရှိရင် ဒီတစ်နပ်တော့ပြီးသွားပြီ၊ နောက်တစ်နပ်ကတော့နောက်ကိစ္စပေါ့။ ဥဩဟာ ခံနိုင်ရည်စွမ်းအားတော့ မြင့်ကြပါတယ်။
ခံနိုင်ရည်မြင့်မားတယ်ဆိုတာ မျှော်လင့်ချက်နည်းပါးတာတော့မဟုတ်ပါဘူး။ သူ့လက်ထဲကဖုန်းဟာ သူမျှော်လင့်ချက်ဖြစ်နေတာပါ။ လူငယ်လေးတစ်ယောက်ကသူဆော့နေတဲ့ဂိမ်းဆက်ကလေးကိုချပြီး သစ်တောတွေထဲကိုထွက်သွားတဲ့နောက်ကို ကျန်တဲ့ဥဩလေးတွေလိုက်သွားကြတာပါ။
တကယ်တော့လူ့အဖွဲ့အစည်းဟာရုံခါလိုက်ပါပြီ။ ထွက်သွားတဲ့သူတွေ ရှင်သန်စားသောက်ဖို့ အဆင်ပြေကြပါစေ၊ ကျန်နေသူတွေ အသက်နဲ့ ခန္ဓာမြဲနေကြပါစေ။ ရှင်သန်နေသရွေ့တော့ ‘တစ်နေ့”ဆိုတာကို’မမေ့ကြေး’ပေါ့။ ဘယ်တော့မှမမေ့ဘူး။ ဘယ်သူမှလည်းမေ့မှာမဟုတ်ပါဘူး။
ဒီစာကိုရေးနေချိန်မှာအသံထွက်မိတယ်။
‘ဥဩ’တဲ့။ ။


















































