Connect with us

Hi, what are you looking for?

Short Story

“ရေစက်”

◼️ညိမ်းအေး

သိပ်ကို ခမ်းနားလွန်းတဲ့ ရေစက်

သိပ်ကို ခါးသီးလွန်းတဲ့ ရေစက်

အစားထိုးစရာမရှိ ကျိုးပဲ့ကြေမွ ပျက်စီးသွားတဲ့ ဘဝတွေ

Public Service Announcement

Public Service Announcement

ဟိုး လမ်းကွေ့ထောင့်ချိုး သေးသေးလေးထဲကနေ မထင်မှတ်ဘဲ ရုတ်တရက် ဘွားခနဲပေါ်လာ။

နာကျင်လွန်းပေမယ့် တပ်တပ်မက်မက် တကူးတက ဖန်တီးယူရတဲ့ ချိုမြိန်ခါးသက် အကျည်းတန် လှပလွန်းတဲ့ ရေစက်တွေ။

ရှင်တော်ဂေါတမနဲ့ အရိမေတ္တေယျကြား အကျွတ်တရားမရ၊ ချည်နှောင်မှုတွေ အထပ်ထပ် ကိုယ်တိုင်ဖန်တီးမိတဲ့ ရေစက်တွေ။

“ကျနော်က ရေစက်ဆိုတာကို သိပ်မြတ်နိုးတယ် … နှင်းမောင် … အခု ငါတို့ ဖြတ်သန်းနေရတဲ့ ကာလမှာရှိတဲ့ ရေစက်တွေကို ပိုလို့တောင်မှ မြတ်နိုးသေးတယ်”

အရပ်ခပ်ပြတ်ပြတ်၊ မျက်ခုံးထူထူ၊ အသားညိုညို “နှင်းမောင်”၊ ငှက်ဖျားဒဏ်ကြောင့် နုံးချိရီဝေနေတဲ့ အကြည့်နဲ့အတူ နှုတ်ခမ်းထောင့်စွန်းလေး မသိမသာ ကွေးသွားသည်ကို သတိထားမိသည်။

နှင်းမောင်ရဲ့အကြည့်က ဘာကိုဆိုလိုလည်း ကျနော်သိသည်။ “ဒီဆရာကွာ ငှက်ဖျားဖြစ်နေတာကို စိတ်ဓာတ်ပိုကျအောင်လုပ်ပြီ” ဆိုတဲ့အဓိပ္ပါယ်။ သူ့ အကြည့်မှာ ကြေကွဲမှုတွေပါသည်၊ ယူကြုံးမရမှု၊ အားမလိုအားမရမှု၊ မွန်းကြပ်မှု၊ ပင်ပန်းချိနဲ့မှုတွေလည်း ရောပြွန်း၍ ပါကောင်းပါမည်။

လူငယ်တယောက်၊ အခုခေတ် အရွယ်သုံးပါး ခေတ်ကာလ လူတတ်ကြီးတွေ၊ သုခမိန်တွေကြားမှာ သိပ်ကို ပေါကြွယ်ရေပန်းစားလှသည့် လက်သုံးစကား၊ “Generation Z“ ပေါ့။ တကယ့်လက်တွေမှာ ဘဝတွေ သိပ်မပေါလှ။ စုတ်ပြတ်သပ်နေသည့် အနာတွေ ဗရဗွ ဒင်းကြမ်းလိုက်လို့။ အနာဂတ်ကို စိတ်ကူးယဥ် ပြီး သိပ်ကို ပေါ့ပါးတက်ကြွ လန်းဆန်းနေရမယ့်အစား အရောင်မွဲခြောက်ခြောက် မရိန်းယူနီဖောင်း၊ သံခမောက်ဦးထုပ်နဲ့ ပိုင်ရီမောင်းပြန်ကို ကိုယ့်ရဲ့အနီးဆုံးသော မိသားစုဝင်တယောက်လို နှစ်နှစ်ကာကာ ဖက်တွယ်ပြီး လောကကြီးကို အံကြိတ် တောက်ခေါက် ကန့်လန့်တိုက်နေတဲ့ လူရင့်မာကြီးတယောက် ဖြစ်မှန်းမသိ ဖြစ်နေလေရဲ့။

နှင်းမောင်ရဲ့နှုတ်ခမ်းက တိုးလျလျ အသံထွက်လာသည်။

“ဆရာရေ …”

“ကျနော်တို့အားလုံးက ကြုံချင်လွန်းလို့ ကြုံရတာမှ မဟုတ်တာ … ပြီးတော့ ဘာဖြစ်လို့ ဒီကာလကြီးမှလည်း … ဆရာရယ်’’

စကားအဆုံးမှာ နှင်းမောင်ရဲ့ သက်ပြင်းဖွဖွက တဆက်တည်း။

“ရူးတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ မရူးရင်တောင် နည်းနည်းတော့ လွတ်တယ်ကွာ”

“မင်းတို့ငါတို့ အခုမျိုးဆက်က ဘာလဲ သိလား”

နောက်ထပ်တကြိမ် နှင်းမောင်ဆီက ခပ်စူးစူး အကြည့်။ ဒီတခါတော့ ဒီဆရာ ငါ့ကိုဆေးကုရင်း သူ အရင်ကြောင်သွားတာ ဖြစ်မယ်ဆိုတဲ့ အကြည့်။

“အရွယ်အပိုင်းအခြားအလိုက် ခွဲတဲ့မျိုးဆက် Generation X တို့ Y တို့ Z တို့ကို ပြောနေတာမဟုတ်ဘူး နှင်းမောင်”

တတိယအကြိမ်မှာတော့ နှင်းမောင်ရဲ့ မျက်ဝန်းတွေထဲကို ကျနော် စူးစူးနှစ်နှစ် စိုက်ကြည့်ပြီး အဖြေရှာနေမိသည်။

“အင်္ဂလိပ် အက္ခရာမှာ Z ပြီးရင် ဘာလာလည်း …”

“Z ဆိုတဲ့ အက္ခရာပြီးရင် ဘာမှ ထပ်မရှိတော့ဘူးကွ၊ ဆိုလိုတာက အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ နောက်ထပ် မျိုးဆက်တဆက်ဆိုတာ ထပ်မရှိတော့ဘူးဆိုတဲ့သဘောပဲ နှင်းမောင်”

“မင်းရောငါရော ကြိုက်ကြိုက်မကြိုက်ကြိုက် ငါတို့က နောက်ဆုံးမျိုးဆက်ပဲ၊ ငါတို့နောက်ဆုံးပဲ”

“ဒီထက် ပိုတာရှိသေးတယ် … ငါတို့မျိုးဆက်ဟာ ပေးရမယ့်မျိုးဆက်ပဲ နှင်းမောင်၊ ယောင်လို့တောင်မှ တခုတလေလေးများ ယူဖို့ မစဥ်းစားရဘူး၊ ငါတို့ ဘာတွေပေးရမလဲ သိလား …”

“အရာရာတိုင်းကို ပေးရမှာ နှင်းမောင်ရေ၊ အရာအားလုံး ပေးရမှာ၊ ငါတို့မှ ရှိရှိသမျှ ဘာမှမကျန်တဲ့အထိ ငါတို့ရဲ့ အနာဂတ်တွေ၊ ဘဝတွေ၊ နောက်ဆုံး ငါတို့ရဲ့ နှလုံးသားနဲ့ အသက်ဓာတ်တွေ၊ အကယ်၍များ သေသွားခဲ့ရင်တောင် ငါတို့ရဲ့ ဝိညာဥ်အထိ အားလုံး ငါတို့ပေးရမှာ”

“ငယ်ငယ်က ဉာဏ်စမ်းမေးခွန်းတွေ၊ အမည်မသိပုစ္ဆာတွေကို ဖြေရတဲ့အခါ အဖြေမှန်ရင် ပျော်တယ်မလား။ အဲ့ဒါက ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စနဲ့ အားထုတ် ပြီးရလာတဲ့ သာမန်ကာလျှံကာ ပျော်ရွှင်မှုမျိုးကွာ၊ သိပ်မထူးခြားဘူး”

“ကိုယ်ကြိုက်တဲ့ ကောင်မလေးတယောက်ကို မရမက လိုက်ပိုးပန်းပြီး အဖြေရတဲ့အခါ ပျော်ရတဲ့ အပျော်ကျတော့လည်း တမျိုးပေါ့ကွာ … နှလုံးသား ပါလာပြီလေ”

“ဒါပေမယ့် နှင်းမောင် ဘယ်လိုပျော်ရွှင်မှုမျိုးက ကြည်နူးဖို့ အကောင်းဆုံးလဲဆိုတော့ ကိုယ့်ရဲ့ နှလုံးသားရော၊ ဦးနှောက်ရော အရာရာကို ကိုယ့်အတွက်ရော၊ အခြားသူအားလုံးအတွက်ပါ ယုံကြည်သက်ဝင် ပုံအောပြီးမှ ရလာတဲ့ အားလုံးအတူတူ မျှဝေခံစားလို့ရတဲ့ ပျော်ရွှင်မှုမျိုးကမှ ကျေနပ်စရာ အကောင်းဆုံးပဲ။”

မိုးတဖျောက်ဖျောက် …

စစ်စိမ်းရောင်မိုးကာစ …

ရုန်းရွက်တွေနဲ့ မလုံ့တလုံကာထားတဲ့ တဲငယ်လေး …

အနီးက လက်တလုံးလောက်ရှိတဲ့ သစ်ပင်အကိုင်းမှာ ပတ်တီးစနဲ့ ချည်ထားတဲ့ ၁၀၀ စီစီဆံ့ အနီရောင်ဝေ့သီနေသည့် အငံရည် ဆလိုင်းပုလင်းမှတဆင့် ဆေးရည်စက်တွေ တစက်စက်ကျတာကို နှင်းမောင် စိုက်ကြည့်နေသည်။ လက်ဖျံမှာစိုက်ထားတဲ့ အပ်ကနေ သွေးကြောထဲကို ဆေးရည်ဝင်နေသည့် တဖျင်းဖျင်း အေးစိမ့်မှုကို နှင်းမောင်ခံစားမိသည်။

“ဆရာ လွတ်နေပြီ ဟုတ်တယ် …”

နှင်းမောင်ရဲ့ တခွန်းတည်းသော မှတ်ချက်။

“ကျနော့်ကို ဆရာချိတ်ပေးတဲ့ ဆေးကတော့ အားဆေးပဲဟုတ်တယ်နော် ဆရာ”

“အေးပါဟ … မင်းကလည်း …’’

နှင်းမောင်ရေ …

“ငါတို့က လမ်းဖောက်ရမယ့်သူတွေ၊ ဆူးညှောင့်ကန်သင်းတွေ၊ ခလုတ်အဖုအထစ်တွေ ဖယ်ရှားပေးရမယ့်သူတွေ … ငါတို့လက်တွေမှာ အသားမာတွေ၊ ငါတို့ခြေဖဝါးတွေမှာ ဆူးစူး၊ ခလုတ်တိုက် သွေးအလိမ်းလိမ်း၊ အသားမာတွေ ပွနေအောင် ရှိလိမ့်မယ်”

ဒါပေမယ့်ကွာ ငါတို့ အဲဒီလိုဖြစ်ရတာကို သိပ်ကိုကျေနပ်တယ်၊ ပျော်တယ် ဟုတ်တယ်မလား”

“ဒီလောက်ဆို ငါ ဘာကြောင့် ဒီကာလမှာကြုံရတဲ့ ရေစက်တွေကို သိပ်တန်ဖိုးထားလဲ၊ သိပ်မြတ်နိုးလဲဆိုတာ မင်းရော ခံစားမိလား .. နှင်းမောင်”

“ဆရာ ဆေးကုန်ပြီ”

“အေး ဟုတ်သား … ကုန်ပြီ၊ ဒါဆို မင်းလည်း ငါ့လိုပဲ လွတ်သွားပြီ”

“ငါ့လို မလွတ်ချင်ရင် ငှက်ဖျားဆေးကို အညွှန်းအတိုင်း ရက်ပြည့်အောင်သောက်၊ ဓာတ်ဆားသောက်၊ ခြင်မကိုက်အောင် ဂရုစိုက် … အရှေ့ကို ဆက်သွားလိုက်ဦးမယ်။”

မိုးတွင်းကာလ နေ့နေ့ညည စိုစိုစိစိ၊ ဗွက်ထနေတဲ့ ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းတွေထဲမှာ ကြွက်စုတ်လေးတွေလို။ ဒီကြားထဲ ခန္ဓာကိုယ်မှာ ရှိသမျှ ကြားနေရာတွေအားလုံး အကြားအလပ်မရှိစေရတဲ့ ဝဲတွေကို သွေးစိမ်းထွက်၊ စပ်ဖျင်းဖျင်းဖြစ်တဲ့အထိ တဗျင်းဗျင်း ကုတ်ရတိုင်း မအလကျေးဇူးကို အမြဲ အောက်မေ့သတိရလျက်။ ဝဲတွေကလည်း ခဏခဏ ဖြစ်ပါများလို့ထင့်၊ ဆရာကြီးအထာတွေချည်း။ ကြားကာလကို တော်တော် ကြာစေချင်ပုံပေါ်ပါရဲ့။ တော်ရုံမတိုးတဲ့အပြင် ဝဲကလည်း အမျိုးအစားစုံ ကြားတွေကြားတွေမှာ ကွက်ပြည့် ကွက်စိပ်နင်းလို့။

“နှင်းမောင် … နှင်းမောင် လူကောင်ကသာ သေးပြီး အဆိပ်ပြင်းတယ်ဆိုတာ မင်းလိုကောင်မျိုးကို ပြောတာ”

“ဇကတော့ မစမ်းနဲ့ဆရာ၊ ဧရာသားဇကို စမ်းရင် ဇွိဇွိဖြစ်သွားမယ်”

“ဆရာ စမ်းမလား”

“ဟရောင် ဟရောင် အခုတော့ မစမ်းဘူး”

ရှေ့တန်းမှာ နှင်းမောင်နဲ့ ကျနော်၊ လူနာနဲ့ ဆေးဆရာ။

ဒီလိုနဲ့ ကျနော် ဌာနအပြောင်း၊ နှင်းမောင်တို့လည်း ဌာနေအပြန် စစ်ကြောင်း အတူလျှောက်ကြရသည်။ ရေစက်တွေ ဘယ်အထိ အသက်ဆက်ကြမလဲ။ ဘယ်လောက်အထိ လှပ ချိုမြိန် ခါးသက်ဦးမလဲ။

ရောက်တဲ့နေရာ တွေ့တဲ့ချောင်းရိုးကိုးပေါက်ဝင် ငါးမိုင်းခွဲ၊ ငါးမျှား၊ ကဗျာတွေရွတ်လိုက်၊ ဆေးလိပ်ဖွာလိုက်၊ အရှေ့ကို မျှော်ကြည့်လိုက်၊ တာဝန်ကိုယ်စီနဲ့ မညည်းမညူ ခရီးအတူဆက်ကြသည်။ ခေါင်တီးလွင်ပြင်၊ တောင်ကုန်းတောင်တန်း၊ ချောင်းမြောင်း၊ ရွှံ့တော၊ နွံတော၊ ခြေကျင်တလှည့်၊ စက်လှေတတန်၊ ဆိုင်ကယ်တတန်၊ ကားတတန်။

လမ်းခွဲရောက်ကြပြီ။ နှင်းမောင်တို့က ရှေ့ဆက်ဖို့။ ကျနော်ကတော့ ပြန်လှည့်ဖို့။

“နှင်းမောင်တို့ ရောက်ရင်ပြန်ပြောဦးနော်။”

“နောက်မှတွေ့မယ်ကွာ”

“ဆရာလည်း အစစအရာရာ ဂရုစိုက်ဦး”

နှုတ်ဆက်စကား။

နှင်းမောင်တို့ အာရက္ခမြေမှာ လက်စွမ်းပြကြပြီ။ သတင်းတွေ မွှေးသည်။ မဟာမိတ်ခေါင်းဆောင်တွေကိုယ်တိုင်က ချီးကျူးထောပနာပြုကြသည်။ တိုင်းဧရာလည်း ပြန်လည် အားသစ်မွေးနေပြီ။ လှိုင်းတံပိုးတွေ လှုပ်ခတ်စပြုပြီ။

“ကွင်းဝိုင်းကို ဝင်တော့မယ်ဆရာ”

အောင်ချိမ့်ရဲ့ ဂန္တဝင်မမဟာ နှင်းမောင်အလာကို မျှော်နေရော့မယ်၊ ခင်ဖုန်းသက်ဝေရဲ့ ဂယ်လာရီဟာလည်း မျက်ရည်တွေစိုစွတ်နေတော့မှာ၊ နှင်းမောင်ရေ မမလီဇာဟာ လိုင်ဇာကိုလည်း မရောက်ဖူးခဲ့သလို ဧရာဝတီမြစ်ကြီး ပြေလျော့ချလိုက်တဲ့ အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ မြစ်ဝကျွန်းပေါ်ကိုလည်း ခြေမချဖူးခဲ့။

တောင်နဲ့မြောက် ဝေးလွန်းတဲ့အရပ်တွေမှာ မမလီဇာ ဘယ်မှမရောက်လဲ ရေစက်တွေက လှပလွန်းလို့ … ဒီရေစက်တွေကြောင့်ပဲ … ငါလေ … တယုတယ … တမြတ်တနိုးနဲ့ အဆုံးထိ သိမ်းထားပါ့မယ်။

နှင်းမောင်ရေ

“ငါ မင်းကို မပြောလိုက်ရတဲ့ စကားတွေရှိတယ်ကွာ၊ ငါတို့ ပြန်ဆုံကြမယ်လို့ပြောပြီး ဘယ်မှာဆုံမယ်ဆိုတာကို အတိအကျ မပြောလိုက်ရဘူး နှင်းမောင်ရေ”

“အဲဒီတုန်းက ငါလည်း ဝေဝေဝါးဝါးမို့”

“ငါတို့တွေ ပြန်ဆုံမယ်လို့ ပြောပြီးတိုင်း ပြန်မဆုံဖြစ်တာ ထုံးစံလို ဖြစ်နေခဲ့ပြီကိုး”

အခု ငါ့မှာ အဖြေရှိပြီ … နှင်းမောင် … အဖြေရှိပြီကွ …

ငါ ဘာကြောင့် ဒီကာလရဲ့ ရေစက်တွေကို ပို မြတ်နိုး တန်ဖိုးထားလဲဆိုတော့ …

ရေစက်တွေဟာ မင်းနဲ့ငါလို လူနှစ်ဦးနှစ်ယောက်တည်းကိုပဲ ဆုံးစည်းစေတာမျိုး မဟုတ်ဘူး၊ လူဆိုးလူညစ်တွေနဲ့ လူကောင်းသူကောင်းတွေကို ရွေးပြီးတော့ ဆုံစည်းစေတာမျိုးလည်း မဟုတ်ဘူး၊ အကောင်းတွေရော၊ အဆိုးတွေရော၊ ချိုမြိန်မှုတွေ၊ ခါးသီးမှုတွေ၊ နာကျည်းစရာတွေ၊ မြတ်နိုးစရာတွေ၊ ဘဝတွေ၊ အခိုက်အတန့်တွေ၊ နှလုံးသားတွေ၊ တန်ဖိုးတွေ၊ မှတ်ဉာဏ်တွေ၊ ဝင်သက်၊ ထွက်သက်တွေ အားလုံးကို အချိုးမပြေ ပေါင်းစည်းစေတဲ့ အရာမို့ပဲ။”

“လမ်းချင်းတူလို့ လူချင်းတွေ့ကြတယ် ဆိုပေမယ့် ဆိုးတဲ့လမ်းရော၊ ကောင်းတဲ့လမ်းရော အတူတူ မတွေ့ရတာတော့ ငါ့လိပ်ပြာက ငြင်းတယ် နှင်းမောင်ရေ …” ။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​

‘ညိမ်း​အေး’ ​ရေးဖွဲ့ခဲ့တဲ့ “​ရေစက်” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...

Facebook