Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ် မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက် တိုးလာပြီး စုစုပေါင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ကန့်ဘလူမြို့နယ် ထန်းတောကျေးရွာအား စစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များမီးလောင်နေသည်ကို ၂၀၂၂ မေလက တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက် တိုးလာပြီး စုစုပေါင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၂၇ ရက်) နေ့လယ်ပိုင်းက ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းမှ ရေရှင်ကြီးကျေးရွာအား ဒရုန်းဖြင့် ဗုံးသီး သုံးလုံးချတိုက်ခိုက်ခဲ့ရာ ရေရှင်ကြီးရွာမှ အမျိုးသား၄ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောက်မြောင်းဘက်မှ ခရီးသွားပြည်သူ ဦးခင်ဆွေဆိုသူလည်း သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တချိန်တည်းမှာပင် အောင်တိုင်းလယ်ကျေးရွာကိုပါ ​ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာအသက်(၅၀)ကျော်အရွယ် ဒေါ်ရွှေဆိုသူ ထိမှန် သေဆုံးခဲ့ကြောင်း၊ ထို့အပြင် နံနက်ပိုင်းကလည်း စံပါယ်နံ့သာရွာရှိ စစ်ကောင်စီတပ်စစ်ကြောင်းထွက်လာချိန် စစ်ကြောင်းနှင့်တည့်တည့်တိုးသည့် အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၈ ရက်) နံနက်ပိုင်းကလည်း မှန်နီပင်ရွာအား ဒရုန်းဖြင့် ဗုံးသီး ၂လုံးချတိုက်ခိုက်ခဲ့ရာ ညီအမနှစ်ဦးဖြစ်သ​ည့် (၃၅)နှစ် အရွယ် မအိအိခိုင်၊ (၂၅)အရွယ် မအိအိနိုင်၊ အသက် (၅၀)အရွယ်ဒေါ်လှော်နှင့် (၅)နှစ်အရွယ် မဖူးဝေတို့ သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ပြည်သူ ၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး စံပါယ်နံ့သာ အနီးတဝိုက်ရှိ ကျေးရွာများလည်း အရေးပေါ်ရှောင်တိမ်းနေရကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကိုသာ ပစ်မှတ်ထား၍ ရွာစဉ်လှည့်ကာ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ပြောသည်။

“စကစလို လူမပီသတဲ့အဖွဲ့အစည်းက ဘုန်းကြီးကျောင်း၊စာသင်ကျောင်းနဲ့ စစ်ရှောင်စခန်းလို နေရာတွေတောင် လူစိတ်မမွေးဘဲ အချိန်တိုင်းပစ်နေတာ။ ရွာတရွာလောက်ကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ဖို့တော့ ဘာအကြောင်းပြချက်မှလိုမယ်မထင်ပါဘူး။”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ရေရှင်ကြီးကျေးရွာသည် စစ်ကောင်စီတပ်စခန်းချရာ စံပါယ်နံ့သာကျေးရွာနှင့် ငှက်ပျောတိုင်းကျေးရွာကြားတွင် တည်ရှိသည်။

အလားတူ စစ်ကောင်စီတပ်သည် ယမန်နေ့ကပင် ကန့်ဘလူမြို့နယ် သီရိမွန်ကျေးရွာအား နေ့လယ် ၂ နာရီခွဲခန့်တွင် တစ်ကြိမ်၊ သီရိမွန်ရွာနှင့် မေတ္တာမွန်ကျေးရွာကြားအား ညနေ ၅ နာရီခွဲခန့်တွင်တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး ပြည်သူများ အထိအခိုက်မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကန့်ဘလူမြို့နယ်၊ မလည်ကျေးရွာစစ်ကောင်စီအထိုင်စခန်းအား ကန့်ဘလူခရိုင် PDFတပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များမှ ၂ ရက်ဆက် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာ၍ Jet Fighter ၆ စီးဖြင့်လေကြောင်းပစ်ကူတိုက်ခိုက်ခဲ့သေးသည်။

ဇူလိုင်လကုန်ပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ သရက်ခေါင်းရွာနှင့် သပြေသာရွာအား စစ်တပ်က လက်နက်ကြီးနှင့်ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရကာ သရက်ခေါင်းကျေးရွာမှ နေအိမ် ၇၂လုံးမီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။