Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ယနေ့နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column

နေ့သစ်/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ယနေ့နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့(အောက်တိုဘာ ၁၇ရက်) နံနက် ၄နာရီအချိန်တွင် အပြီးသပ်သိမ်းပိုက်ခဲ့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” မနက်စော ၄နာရီလောက်က ရပြီလို့ ကြားတယ်။ သေချာတယ်။ အဲဒါကြောင့် မနေ့ညက တစ်ညလုံး ဒီဘက်မှာ ဂျက်ဖိုက်တာနှစ်စီးမနားဘူး ပျံနေတာ။ တွယ်နေတာ ဒီမနက် ၆နာရီအထိ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ညပိုင်းက စွယ်တော်ကုန်းတပ်စခန်းအား သိမ်းပိုက်တိုက်ခိုက်မှုမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကပင် အတိုင်းသားကြားနေရသည်။

” လေးကေ့ကော်ကို ရပါပြီ။ လေယာဉ်နဲ့လာပြီး ဗုံးကြဲနေပါတယ်။ တိုက်ပွဲသတင်း မကြာခင်တရားဝင် သတင်းထုတ်ပြန်လာပါလိမ့်မယ်”ဟု KNLA၊PDF ပူးပေါင်းတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စွယ်တော်ကုန်း ကျတယ်ဆိုတာ ပြောတော့ ပြောလာတယ်။ တကယ့် ရှေ့တန်းမှာ နေတဲ့ တာဝန်ရှိတဲ့ သူနဲ့အဆက်အသွယ်မရသေးဘူး။ ဖြစ်တော့ ဖြစ်နိုင်ပါတယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

စွယ်တော်ကုန်းသည် မြ၀တီမြို့ လုံခြုံရေးအတွက်အရေးပါသည့် စခန်းဖြစ်ပြီး ယင်းစခန်းကျသွား၍ ဝေါ်လေဗျူဟာစခန်းအပါအဝင် လက်ကျန် စခန်းများလည်းအချိန်တိုတွင်း တိုက်ခိုက်အသိမ်းခံရနိုင်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

” ကျနော်တို့ပိတ်ထားတာ ၂လကျော်ပြီ။သူတို့ စစ်ကူလည်း မလာနိုင်ဘူး။ အမှန်မှာက သူများ အလုံးအရင်းနဲ့ ဝင်တိုက်ရင် ရတာကြာပြီ။ ဒါပေမဲ့ မဝင်တိုက်ဘူး။ ဝင်တိုက်ရင်လည်း ကိုယ့်လူလည်း အထိနာမယ်။ နောက်တစ်ခုက ကိုယ့်လူက အာရှလမ်းဘက်မှာလည်းလုံခြုံရေးအရထိန်းထားတဲ့ သဘောရှိတယ်။ အဲဒီစခန်းကျပြီးရင် ဝေါ်လေက ကျမှာပဲ သေချာပြီ။စွယ်တော်ကုန်းကျပြီဆိုရင် ဝေါ်လေမှာ သူတို့ သိပ်အဆင်မပြေတော့ဘူး” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

၂၀၂၄ မကုန်ခင် တပ်မဟာ(၆)နယ်မြေ ဧရိယာရှိ စစ်ကောင်စီ စခန်းအများစုကို KNU ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်မည့် အခြေအနေရှိသည်ဟုလည်း ၎င်းက ပြောသည်။

စွယ်တော်ကုန်းတပ်စခန်းကို ကော်ဘရာပူးပေါင်းတပ်များက ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်ကလည်း ဖျက်အားပြင်းဗုံးဖြင့် ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီ၏လက်နက်တိုက်ပေါက်ကွဲခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် အသုံးပြုပစ်ခတ်ပေးနေသော စွယ်တော်ကုန်းအမြောက်တပ်အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ယခုနောက်ဆုံးအကြိမ်အဖြစ်ပြီးခဲ့သည့် ဩဂုတ်လပိုင်းက စတင်ဝန်းရံပိတ်ဆို့ထားပြီး သြဂုတ် ၂၉ရက်က စတင်တိုက်ပွဲပြင်းထန်ခဲ့သည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားရာ အဆိုပါနေရာအနီးတွင် စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ ကျန်ရှိနေခြင်း ဖြစ်သည်။

အဆိုပါစွယ်တော်ကုန်းတပ်စခန်းအား ကော်ဘရာပူးပေါင်းတပ်များက ယခင်က မကြာခဏတိုက်ခိုက်နေရာ ယခုအကြိမ်တွင် အပြီးသပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် စွယ်တော်ကုန်းအောက်ရှိ ရေကန်ကုန်း ကာကင်းစခန်းကို ကော်ဘရာပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃၁ရက်တွင် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်ရှိ ကဘောတူစစ်ကောင်စီတပ်စခန်း ကို ဧပြီ ၂၅ရက်မှာ သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာ၊ လက်နက်ကြီးလက်နက်ငယ်နဲ့ ကျည်ခဲယမ်းတွေ သိမ်းရတာ ရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။