ဂျာမုန်း/ People’s Spring
စစ်ကောင်စီ၏ ဖိနှိပ်မှုအောက် ငြိမ်သက်နေသည့် ရန်ကုန်မြို့လယ် ဆူးလေတွင် “ကြောက်ခတ်ကိုမှောက်ပစ်” ကြွေးကြော်သံစာသားဓာတ်ပုံဖြင့် ရန်ကုန်လူထုသပိတ်အဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို ယနေ့ (အောက်တိုဘာ၃၁ ရက်နေ့ )နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သည်။
ပြည်သူလူထုအား တော်လှန်ရေးအသိပေးနိုင်ရန်ရည်ရွယ်၍ ဤလှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

“ယနေ့ချိန်တွင် ဖက်ဆစ်တပ်၏အင်အားသည် ရန်ကုန်မြို့နေလူထု၏ ထက်ဝက်မျှပင်မရှိနိုင်တော့ပါ။ ရန်သူသည်အင်အားရှိ၍ ဖိနှိပ်အုပ်ချုပ်နိုင်နေခြင်းမဟုတ်ပါ။အကြောက်တရားကြောင့်သာအုပ်ချုပ်ခွင့်ရနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ငြိမ်ခံနေ၍သာ ဖိနှိပ်နိုင်နေခြင်းဖြစ်သည်” ဟု ရန်ကုန်လူထုသပိတ်အဖွဲ့က ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

Public Service Announcement
အဆိုပါအဖြူအမဲဓာတ်ပုံတွင်”ကြောက်ခတ်ကိုမှောက်ပစ်” စာရေးသားထားသည့် အနီရောင်ဓာတ်ပုံဘောင်ကို တွေ့မြင်ရသည်။
ဓာတ်ပုံများကို အဖြူအမဲပြုလုပ်ထားခြင်းမှာ အမှောင်ကြနေသည့် တိုင်းပြည်ကိုရည်ရွယ်ပြီး အနီရောင်တစ်ခုကိုသာဖော်ပြထားခြင်းသည်။
အသက်သွေးများရင်းနှီး၍ ရှေ့ဆက်နေရသော တော်လှန်ရေးကို ရည်ရွယ်ကြောင်း အဆိုပါအဖွဲ့က ရှင်းပြထားသည်။

“ပြည်သူတွေက စစ်အာဏာရှင်ကို အရှုံးမပေးကြောင်း၊ အရှုံးမပေးသရွေ့ ဖက်ဆစ်စစ်တပ်ကို အမြစ်ကနေ ခိုင်ခိုင်မာမာ ဖြတ်တောက်နိုင်မယ့် ခွန်အားကို ဒီနည်းနဲ့ ပြသပြီး ဒီခွန်အားကိုလည်း ပြည်သူလူထုအနေနဲ့ အပြည့်အဝရရှိမယ်လို့မျှော်လင့်ပါတယ်” ဟု ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်တစ်ဦးက People’s Spring ကိုပြောသည်။
တော်လှန်ရေး၏ အသက်သွေးကြောမှာ ပြည်သူလူထုသာဖြစ်၍ လူထု၏ ရုန်းကန်မှု၊ လူထု၏ အသံသည် အင်အားအကြီးဆုံးဖြစ်သောကြောင့် အခွင့်အရေးကိုအသုံးချနိုင်ဖို့လိုကြောင်း ရန်ကုန်လူထုသပိတ်အဖွဲ့က တိုက်တွန်းထားသည်။

“ဘူးသပိတ်ကိုအရှိန်မြှင့်ဖော်ဆောင်ခြင်းဖြစ်စေ၊အုံကြွတော်လှန်ခြင်းဖြစ်စေ အကြောက်တရားကိုရင်ဆိုင်ကျော်လွှားပြီး ပြည်သူကိုယ်တိုင် တော်လှန်ရေးကိုအဆုံးသတ်ရတော့မည့်ကာလတစ်ခုဖြစ်သည်” ဟု ရန်ကုန်လူထုသပိတ်အဖွဲ့က ဆိုသည်။
သို့ဖြစ်၍ ပြည်သူအားလုံး လူထုတိုက်ပွဲဆင်နွှဲခြင်းဖြင့် အတူတကွ ရင်ဆိုင်ကျော်လွှားကြရန် ရန်ကုန်မြို့လယ်က ‘ကြောက်ခတ်ကိုမှောက်ပစ်’ ကြွေးကြော်သံဖြင့် တပ်လှန့်နှိုးဆော်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။


















































