Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့လယ် ဆူးလေမှာ ထွက်ပေါ်လာသည့် “ကြောက်ခေတ်ကိုမှောက်ပစ်”ကြွေးကြော်သံ

တော်လှန်ရေး​၏ အသက်သွေးကြောမှာ ပြည်သူလူထုသာဖြစ်၍ လူထု​၏ ရုန်းကန်မှု၊ လူထု​၏ အသံသည် အင်အားအကြီးဆုံးဖြစ်သောကြောင့် အခွင့်အရေးကိုအသုံးချနိုင်ဖို့လိုကြောင်း ရန်ကုန်လူထုသပိတ်အဖွဲ့က တိုက်တွန်းထားသည်။

ဓါတ်ပုံ-ရန်ကုန်လူထုသပိတ်အဖွဲ့
ဓါတ်ပုံ-ရန်ကုန်လူထုသပိတ်အဖွဲ့

ဂျာမုန်း/ People’s Spring

စစ်ကောင်စီ​၏ ဖိနှိပ်မှုအောက် ငြိမ်သက်နေသည့် ရန်ကုန်မြို့လယ် ဆူးလေတွင် “ကြောက်ခတ်ကိုမှောက်ပစ်” ကြွေးကြော်သံစာသားဓာတ်ပုံဖြင့် ရန်ကုန်လူထုသပိတ်အဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို ယနေ့ ​​​(အောက်တိုဘာ၃၁ ရက်​နေ့ )နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သည်။

ပြည်သူလူထုအား တော်လှန်ရေးအသိပေးနိုင်ရန်ရည်ရွယ်၍ ဤလှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ဓါတ်ပုံ-ရန်ကုန်လူထုသပိတ်အဖွဲ့
ဓါတ်ပုံ-ရန်ကုန်လူထုသပိတ်အဖွဲ့

“ယနေ့ချိန်တွင် ဖက်ဆစ်တပ်၏အင်အားသည် ရန်ကုန်မြို့နေလူထု၏ ထက်ဝက်မျှပင်မရှိနိုင်တော့ပါ။ ရန်သူသည်အင်အားရှိ၍ ဖိနှိပ်အုပ်ချုပ်နိုင်နေခြင်းမဟုတ်ပါ။အကြောက်တရားကြောင့်သာအုပ်ချုပ်ခွင့်ရနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ငြိမ်ခံနေ၍သာ ဖိနှိပ်နိုင်နေခြင်းဖြစ်သည်” ဟု ရန်ကုန်လူထုသပိတ်အဖွဲ့က ၎င်းတို့​၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါအဖြူအမဲဓာတ်ပုံတွင်”ကြောက်ခတ်ကိုမှောက်ပစ်” စာရေးသားထားသည့် အနီရောင်ဓာတ်ပုံဘောင်ကို တွေ့မြင်ရသည်။

ဓာတ်ပုံများကို အဖြူအမဲပြုလုပ်ထားခြင်းမှာ အမှောင်ကြနေသည့် တိုင်းပြည်ကိုရည်ရွယ်ပြီး အနီရောင်တစ်ခုကိုသာဖော်ပြထားခြင်းသည်။

အသက်သွေးများရင်းနှီး၍ ရှေ့ဆက်နေရသော တော်လှန်ရေးကို ရည်ရွယ်ကြောင်း အဆိုပါအဖွဲ့က ရှင်းပြထားသည်။

ဓါတ်ပုံ-ရန်ကုန်လူထုသပိတ်အဖွဲ့
ဓါတ်ပုံ-ရန်ကုန်လူထုသပိတ်အဖွဲ့

“ပြည်သူတွေက စစ်အာဏာရှင်ကို အရှုံးမပေးကြောင်း၊ အရှုံးမပေးသရွေ့ ဖက်ဆစ်စစ်တပ်ကို အမြစ်ကနေ ခိုင်ခိုင်မာမာ ဖြတ်တောက်နိုင်မယ့် ခွန်အားကို ဒီနည်းနဲ့ ပြသပြီး ဒီခွန်အားကိုလည်း ပြည်သူလူထုအနေနဲ့ အပြည့်အဝရရှိမယ်လို့မျှော်လင့်ပါတယ်” ဟု ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်တစ်ဦးက People’s Spring ကိုပြောသည်။

တော်လှန်ရေး​၏ အသက်သွေးကြောမှာ ပြည်သူလူထုသာဖြစ်၍ လူထု​၏ ရုန်းကန်မှု၊ လူထု​၏ အသံသည် အင်အားအကြီးဆုံးဖြစ်သောကြောင့် အခွင့်အရေးကိုအသုံးချနိုင်ဖို့လိုကြောင်း ရန်ကုန်လူထုသပိတ်အဖွဲ့က တိုက်တွန်းထားသည်။

ဓါတ်ပုံ-ရန်ကုန်လူထုသပိတ်အဖွဲ့
ဓါတ်ပုံ-ရန်ကုန်လူထုသပိတ်အဖွဲ့

“ဘူးသပိတ်ကိုအရှိန်မြှင့်ဖော်ဆောင်ခြင်းဖြစ်စေ၊အုံကြွတော်လှန်ခြင်းဖြစ်စေ အကြောက်တရားကိုရင်ဆိုင်ကျော်လွှားပြီး ပြည်သူကိုယ်တိုင် တော်လှန်ရေးကိုအဆုံးသတ်ရတော့မည့်ကာလတစ်ခုဖြစ်သည်” ဟု ရန်ကုန်လူထုသပိတ်အဖွဲ့က ဆိုသည်။

သို့ဖြစ်၍ ပြည်သူအားလုံး လူထုတိုက်ပွဲဆင်နွှဲခြင်းဖြင့် အတူတကွ ရင်ဆိုင်ကျော်လွှားကြရန် ရန်ကုန်မြို့လယ်က ‘ကြောက်ခတ်ကိုမှောက်ပစ်’ ကြွေးကြော်သံဖြင့် တပ်လှန့်နှိုးဆော်ကြောင်း ၎င်းတို့​၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ