Connect with us

Hi, what are you looking for?

သတင်း

မူဆယ်ကိုသာ စားသောက်ကုန်အနည်းငယ်တင်သွင်းခွင့်ပြုပြီး ရှမ်းမြောက်ကိုစားနပ်ရိက္ခာဖြတ်ရန်စစ်ကောင်စီကြံစည်

ဆိုင်ကယ်ဖြင့် နောက်တွင် တစ်ထုပ်၊ ရှေ့တွင် တစ်ထုပ်သာ ခွင့်ပြုထားပြီး အိမ်စီးကား၊စက်ဘီး၊ လက်တွန်းလှည်းများဖြင့် ကုန်ပစ္စည်းတင်ဆောင်ခွင့် မပြုဟုဆိုသည်။

(မြန်မာ-တရုတ် နယ်စပ် ဆင်ဖြူဂိတ်ကို ​တွေ့ရစဥ်(ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-CJ)
(မြန်မာ-တရုတ် နယ်စပ် ဆင်ဖြူဂိတ်ကို ​တွေ့ရစဥ်(ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-CJ)

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံး၌ မူဆယ်တစ်မြို့ထဲကိုသာ စားသောက်ကုန်အနည်းအကျဉ်းတင်သွင်းခွင့်ပြုသည့် ကန့်သတ်ချက်များကို စစ်ကောင်စီက နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ပြီးရှမ်းပြည်နယ်​​မြောက်ပိုင်းကို စားနပ်ရိက္ခာဖြတ်​တောက်ရန်ကြိုးစား​လာသည်။

ဒီဇင်ဘာ ၁ ရက်မှစ၍ မြန်မာ- တရုတ်နယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်မှ မူဆယ်မြို့နယ်အတွင်း စားသုံးရန်မီးဖိုချောင်သုံးအသီးအနှံများ၊ အသား နှင့် ငါးများကိုသာတင်သွင်း ခွင့်ပြုမည်ဟုစစ်​ကောင်စီက ထုတ်ပြန်လာသည်။အေးခဲသားများအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ လုံးဝ တင်သွင်းခွင့် မပြုဟုဆိုသည်။

ထို့အပြင် ဆိုင်ကယ်ဖြင့် နောက်တွင် တစ်ထုပ်၊ ရှေ့တွင် တစ်ထုပ်သာ ခွင့်ပြုထားပြီး အိမ်စီးကား၊စက်ဘီး၊ လက်တွန်းလှည်းများဖြင့် ကုန်ပစ္စည်းတင်ဆောင်ခွင့် မပြုဟုဆိုသည်။

Public Service Announcement

Public Service Announcement

အဓိကကုန်သွယ်နေသည့် တရုတ်နယ်စပ်ဂိတ်မှ ယခုကဲ့သို့ စားသောက်ကုန်စည်အနည်းအကျဉ်းသာ တင်သွင်းခွင့်ပြုသည့်စစ်ကောင်စီ၏လုပ်ရပ်သည် ရှမ်းမြောက်လုထုကို ဒုက္ခပေးခြင်းဟု ဒေသခံများကပြောသည်။

“စစ်တပ်က တနေ့ တာဝန်ပြန်ခံရမယ်။ အခု ရှမ်းမြောက်မှာ ဆေးဝါးတွေလည်းပြတ်နေပြီ။ ဆန်တောင် မနည်းဝယ်နေရတယ်။ ဒီဟာတွေအတွက် တရုတ်အစိုးရလည်း နားလည်ဖို့လိုတယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်နွယ်ဖွားတစ်ဦးကပြောသည်။

စစ်ကောင်စီအားတိုက်ခိုက်မှုများရပ်တန့်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တရုတ်က ဆက်တိုက်ဖိအားပေး‌‌နေပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်စပ်ဂိတ်များကိုတရုတ်အစိုးရကလည်း ပိတ်ဆို့ထားသည်။ ဆင်ဖြူဂိတ် အပါအဝင် မြန်မာ-တရုတ် နယ်စပ်ဂိတ်များမှ တပိုင်တနိုင် ကုန်သွယ်ခွင့်နှင့် ကုန်ပစ္စည်းသယ်​ဆောင်ခွင့်ကို ယူနန်ပြည်နယ်အစိုးရက ​အောက်တိုဘာ ၂၂ ရက်တွင် စတင်ပိတ်ဆို့ခဲ့သည်။

ထို့အပြင် ညီ​နောင် ၃ ဖွဲ့ မတိုက်ဘဲ ချန်ထားသည့် မူဆယ်မြို့ ရှိ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့်နယ်စပ်ဂိတ်များကိုလည်း ပြီးခဲ့သည့်အောက်တိုဘာလမှစတင်ကာ တရုတ်ကပိတ်ထားခဲ့သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်၍မရစေဘဲ အားနည်းလာ​စေရန် ရိက္ခာ၊ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းများကို တရုတ်နှင့်စစ်ကောင်စီနှင့်ပေါင်း၍ ဖြတ်တောက်ခြင်းဟု ရှမ်း​မြောက်စစ်​ရေး​လေ့လာသူအချို့က​ပြောသည်။

ထို့အပြင် တရုတ်နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်UWSA တွေ့ဆုံခဲ့သည့်အစည်းအဝေးမှတ်တမ်းပေါက်ကြားချက်များအရလည်း တရုတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းကို ရိက္ခာဖြတ်တောက်ရန် UWSAအားဖိအားပေးခဲ့သည်။

သို့​သော် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) ၏ လက်ရှိ ခေါင်းဆောင် ဖုန်တာရွှင်သည် ပြီးခဲ့သည့်အောက်တိုဘာလက တရုတ်နိုင်ငံသို့သွားရောက်ခဲ့စဉ် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပြန်ခွင့်မရတော့ဘဲ ထိန်းသိမ်းခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် တရုတ်အစိုးရသည် မြန်မာလူထု၏ ပြင်းပြင်းထန်ထန်ဝေဖန်မှုကိုခံခဲ့ရသည်။ အဆိုပါသတင်းထွက်ပေါ်ပြီးနောက် ဖုန်တာရွှင်သည်ဆေးကုသမှုခံယူနေခြင်းဖြစ်ကြောင်း တရုတ်

နိုင်ငံခြားရေးဌာနက နိုဝင်ဘာလ၁၉ရက်နေ့ကပြုလုပ်သည့် ပေကျင်းမြို့သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့ကို ယင်း နေ့တွင်ပင် ပြန်ဖွင့်ပြီး အကန့်အသတ်ဖြင့် ကုန်စည်သယ်ဆောင်ခွင့် ပြန်ပြုခဲ့သည်။ ညီ​နောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထား​သော ကျင်စန်းကျော့ဂိတ်ကိုလည်း တရုတ်အစိုးရက နိုဝင်ဘာ ၂၁ ရက်တွင်ပြန်ဖွင့်​ပေးပြီး မြန်မာနိုင်ငံဘက်မှ စိုက်ပျိုး​ရေးထုတ်ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပြန်ပြုခဲ့သည်။သို့​သော် တရုတ် ကုန်ပစ္စည်းများတင်သွင်းခွင့်ကိုမူတားမြစ်ထားတဲဖြစ်သည်။

ယခုအခါ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံး၌ မူဆယ်တစ်မြို့ထဲကိုသာမီးဖိုချောင်သုံးအသီးအနှံများ၊ အသားနှင့် ငါးသာ တင်သွင်း ခွင့်ပြုမည့် ထုတ်ပြန်ချက်ကို ကြေညာလာခြင်းဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့ပေါင်း၂၀ကျော်ကို တော်လှန်ရေးအင်အားစုများကထိန်းချုပ်ထားသည်။တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်မြို့များကို ဆက်လက်ပိတ်ဆို့ပေးမည်ဟု တရုတ်လူဝင်မှုကြီးကြပ်ရေးအရာရှိများထံမှ ကတိကဝတ်ရခဲ့ကြောင်း စစ်ကောင်စီက နိုဝင်ဘာလ ၂၁ရက်တွင် ဝါဒဖြန့်ထုတ်ပြန်ထားသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်​ရေးလုပ်ရာတွင်အဓိက နယ်စပ်ဂိတ်​ပေါက် ၅ ခုရှိပြီး မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်​ရေးဂိတ်၊ လွယ်ဂျယ်နယ်စ်ကုန်သွယ်​ရေးဂိတ်၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်​ရေးဂိတ် နှင့် နဲ့ ကျိုင်းတုံ-မိုင်းလားနယ်စပ်ကုန်သွယ်​ရေးဂိတ်တို့ဖြစ်သည်။ နယ်စပ်ကုန်သွယ်​ရေးဂိတ်အားလုံးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ထိန်းချုပ်ထားပြီး မူဆယ်မြို့ကိုမူ တရုတ်အစိုးရက ညီ​နောင်မဟာမိတ် ၃ ဖွဲ့အား မတိုက်ရန် တားမြစ်ထား၍ မသိမ်းနိုင်​သေခြင်းဖြစ်သည်။ မူဆယ် နှင့် တရုတ်နယ်စပ်မြို့ ကျယ်​ခေါင်ကြားတွင် နယ်စပ်ဂိတ် အများအပြားရှိ​နေပြီး ကျင်စန်း​ကျော့ဂိတ် ကို ညီ​နောင် မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook