ရဲခေါင်/People’s Spring
ရှမ်း − ကရင်နီပြည်နယ်အစပ်နေရာအချို့ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အဆိပ်ငွေ့ပြားများကိုပါ ထည့်သွင်းအသုံးပြုလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယနေ့ (ဒီဇင်ဘာ ၁၃ရက်)တွင် ထုတ်ပြန်သည်။
ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသော ခမရ (၄၂၂)တပ်ရင်းမှ မိုးဗြဲမြို့နှင့် ပတ်ဝန်ကျင်နေရာများသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS ( အက်စ်ဖော့စ် )တံဆိပ်ပါ ၅၆၀အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု KNDFက အသိပေးသည်။
အဆိုပါ အဆိပ်ငွေ့ပြားများကိုတစ်ပါတည်း ထည့်သွင်းအသုံးပြုထား၍ ဗုံးသီးကျရောက်ရာ အနီးဝန်ကျင်တွင် မီးခိုးအများအပြားထွက်လာပြီး ရှုရှိက်မိသော ရဲဘော်အချို့မှာ မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ်မလန်းဆန်းခြင်း၊ အားပျက်ခြင်း စသည့်ဝေဒနာများခံစားခဲ့ရသည်ဟု KNDFက အသိပေးသည်။

Public Service Announcement

“မိုးဗြဲ မြို့ကို အဆိပ်ငွေ့ ပြားတွေ အသုံးပြုပြီး ဒရုန်းနဲ့ ကြဲချခဲ့တာဖြစ်ပါတယ်။တော်လှန်ရေးတပ်တွေကို အဆိပ်ငွေ့တွေနဲ့ စစ်ကောင်စီက တိုက်ခိုက်နေပြီဆိုတာ အသိပေးလိုပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ဒရုန်းဖြင့် လာရောက်တိုက်ခိုက်ချိန်တွင် ထိခိုက်မှုများမရှိခဲ့သော်လည်း အထက်ပါဝေဒနာများ ခံစားကြရ၍ ဗုံးသီးကျရောက်ခဲ့သော နေရာများအား စစ်ဆေးခဲ့ရာ အက်စ်ဖော့စ်အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု KNDFက ဆိုသည်။
“အဆိပ်ငွေ့ သုံးပြီး စစ်ကောင်စီက တိုက်ခိုက်နေတယ်ဆိုတာ သက်သေတစ်ခု ရပြီပြောလို့ရတယ်။ နိုင်ငံ တကာ စည်းမျဥ်းတွေအရ အဆိပ်နဲ့ ဓာတုလက်နက်တွေ သုံးစွဲဖို့ တားမြစ်ထားပါတယ်။အရင်ကလည်း စစ်ကောင်စီက အခုလို တိုက်ခိုက်မှုမျိုးရှိခဲ့ပေမယ့် အထောက်အထားမရှိခဲ့ဘူး”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
လက်ရှိ အခြေနေများကြောင့် ပြည်သူများအနေဖြင့် သတိကြီးစွာထား၍ ဒရုန်းများ ပျံဝဲနေခြင်း ၊ တိုက် ခိုက်ခံရသည့် နေရာများနှင့်အနီးတွင်ရှိနေခြင်းများ ဖြစ်လာပါက စူးစမ်းကြခြင်းမျိုးမပြုလုပ်ဘဲ လုံခြုံသောနေရာများသို့ ပုန်းခို၍ ရှောင်ရှားကြရန် အကြံပြုသည်။
စစ်ကောင်စီသည် ၎င်းတို့၏ တပ်စခန်းများလက်လွှတ်ဆုံးရှုံးခဲ့ရသော ဒေသများအား ဗုံးကြဲတိုက်ခိုက်ရာတွင် အဆိပ်ငွေ့ဓာတုဗုံးများ အသုံးပြုတိုက်ခိုက်သည်ဟု တော်လှန်ရေးတပ်များက မကြာခဏ အသိပေး ထုတ်ပြန်ကြသည်။

ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့မှုများ မကာခဏဖြစ်ပွားနေပြီး စစ်ကောင်စီက ဒရုန်းအားပြု၍ စစ်ဆင်ရေးများလုပ်ဆောင်လာခြင်းနှင့်အတူ အဆိပ်ငွေ့များကိုပါ ထည့်သွင်းအသုံးပြုလာ၍ အထူးသတိပြုရန်တိုက်တွန်းသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း လွိုင်ကော်မြို့အဝင်၊အထွက်ရှိ ကင်းပုန်းအချို့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအချို့ သေဆုံးပြီး လက်နက်များရရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
လွိုင်ကော်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက် တော်လှန်ရေးတပ်များ ပြန်လည်ထိုးစစ်ဆင်မှုကိုစောင့်ကြည်ရန် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းအစပ်ရှိ ဆီဆိုင်နှင့် မိုးဗြဲမြို့များမှ စစ်ကောင်စီတပ်က မြေပြင်အင်အား ဖြည့်တင်းရန် လွိုင်ကော်မြို့အဝင်၊အထွက် နေရာများတွင် ကင်းပုန်းများနှင့် ဝပ်ကင်းများချထားသည်ဟု ဆိုသည်။
စစ်ကောင်စီ၏ ကရင်နီပြည်ကို ပြန်လည်ထိုး စစ်ဆင်မှုကို နှစ်ဆင့်တွေ့ရသည်။ယခုနှစ် မေနှင့် ဇွန်လ တို့တွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ ကရင်နီပြည် လွိုင်ကော်မြို့သို့ မြေပြင်နှင့် ဝေဟင် ပူးတွဲ စစ်ကြောင်းစထိုးခဲ့သည်။ထိုစစ်ကြောင်းသည် လွိုင်ကော် အခြေစိုက်တပ်များနှင့် ဇူလိုင်အတွင်းပေါင်းစပ်နိုင်ခဲ့ပြီး ကရင်နီတပ်ပေါင်းစုများ၏ ထိန်းချုပ်နေရာအချို့ကို ပြန်လည်ရယူနိုင်ခဲ့သလို လွိုင်ကော်မြို့ကိုပါ စစ်အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ရန် ကြိုပမ်းနေသည်။
ထို့နောက် စက်တင်ဘာလဆန်းပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ကတဆင့် ဖယ်ခုံနှင့် မိုးဗြဲ မြို့မှ ၎င်းတို့ဆုံးရှုံးထားသည့် တပ်စခန်းနေရာများနှင့် မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ထိုးစစ်ဆင်ခဲ့သည်။
စစ်ကောင်စီ၏ ဖယ်ခုံနှင့် မိုးဗြဲ မြို့ကိုတိုက်ခိုက်မှုသည် “မြေလှန် လှုပ်ရှားမှု”ဟု ကရင်နီစစ်ရေးလေ့လာသူများက သုံးသပ်သည်။မြေလှန်လှုပ်ရှားမှုဆိုသည်မှာ အရပ်သားပြည်သူနှင့် အိုးအိမ်များပါမချန် ရှင်းလင်းခြင်းဟု ၎င်းတို့က သတ်မှတ်သည်။


















































