“အဲဒီအကျိုးစီးပွားကနေ ရရှိလာတဲ့ ဟာကို ခွဲဝေမျှစားရင်းနဲ့ ဒီလုပ်ငန်းတွေ ကြီးထွားလာတယ်”
— ပဒိုစောတောနီး
စစ်ကောင်စီ နှင့် အာဏာရှင်စနစ် တည်ရှိနေသ၍ကမ္ဘာလုံးဆိုင်ရာ၊ ဒေသတွင်းဆိုင်ရာ ရာဇဝတ်မှုများကိုကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဒေါ်ဇင်မာအောင်ပြောကြား
ဟန်နွေ/People’s Spring
ကျားဖျန့်ခေါ် အွန်လိုင်းလိမ်လည် လုပ်ငန်းများ ကြီးထွားလာမှုသည် စစ်ကောင်စီ သည် အဓိက တရားခံဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ KNU တို့ ပါဝင်သည့် မဟာမိတ်အဖွဲ့များက ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး ဆိုက်ဘာရာဇဝတ်မှုများနှင့် အခြားရာဇဝတ်မှုများ တိုက်ဖျက်ရေးနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အသိပေးခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ ပဒိုစောတောနီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပထမဆုံး ပြောချင်တာက စကစက ဒီလုပ်ငန်းရဲ့ ပြဿနာအရင်းအမြစ်တစ်ခုဖြစ်တယ်ဆိုတာ ဒါကိုပြောချင်တယ်။ စကစ ကိုယ်တိုင်ကလည်း တရားဥပဒေစိုးမိုးမှုဆိုတာလုံး၀မရှိဘဲနဲ့ ပျက်ယွင်းနေတဲ့နေရာတိုင်းမှာ နေရာတိုင်းမှာ ဒီလုပ်ငန်းတွေက ဖြစ်ပေါ်လာတယ်ဆိုတာ အထင်အရှားမြင်တွေ့ရတယ်။” ဟု ပဒိုစောတောနီးက ပြောသည်။

Public Service Announcement
အဆိုပါ ရာဇဝတ်မှု လုပ်ငန်းများမှ အကျိုးစီးပွားများကို စစ်ကောင်စီဘက်က ရရှိနေသည်မှာ အထူးပြောစရာမလိုကြောင်း၊ စစ်ကောင်စီနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ ၊ စစ်ကောင်စီ လက်အောက်ထိန်းချုပ်မှု အတွင်း၌ပင် အဆိုပါလုပ်ငန်းများ ရှိနေခြင်းဖြစ်ပြီး အမှန်တကယ်တိုက်ဖျက်လိုပါက တိုက်ဖျက်နိုင်သော်လည်း စစ်ကောင်စီက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။
“အဲဒီအကျိုးစီးပွားကနေရရှိလာတဲ့ ဟာကိုခွဲဝေမျှစားရင်းနဲ့ ဒီလုပ်ငန်းတွေ ကြီးထွားလာတယ်။ နောက်တချက်ပိုပြီးတော့သတိပြုရမှာကဒီလုပ်ငန်းကြီးထွားလာတဲ့အချိန်က ဘယ်အချိန်လဲဆို တာ ။ အကြီးမားဆုံးအချိန်က ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်လာတဲ့ဟာပဲ။ အဲဒါကြောင့်မို့လို့ တရားခံက စကစပဲ။ စကစ အာဏာသိမ်းတာနဲ့ ဒီဟာတွေက ပိုပြီး ကြီးထွားလာတယ်ဆိုတာ ထောက်ပြဖို့လိုတယ်။ ဒါက မျက်မြင်တွေ့နေရတဲ့ကိစ္စတစ်ခုဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း စစ်ကောင်စီက အွန်လိုင်းလိမ်လည် လုပ်ငန်းများအပါအဝင်ဆိုက်ဘာရာဇဝတ်မှုများ တိုက်ဖျက်ရေး ကိုင်တွယ်ဖြေရှင်းလိုသည့် ဆန္ဒမရှိခြင်း မှာ အဆိုပါ ရာဇဝတ်မှု လုပ်ငန်းများ ဖြစ်ပေါ်လာရခြင်းအကြောင်းအရင်းသည်ပင်လျင်စစ်ကောင်စီနှင့်အပေါင်းအပါများကြောင့်ဖြစ်သည်ဟု ပြောသည်။
“အရပ်သားအစိုးရလက်ထက်တုန်းကလည်း တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သက်လို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ စည်းစနစ်တကျ လုပ်ဖို့လို့ ဆောင်ရွက်တဲ့ကိစ္စတွေမှာ အခုအခံတွေအများကြီး ရှိခဲ့တယ်။ ထို့အတူ အခုနယ်ခြားစောင့်တပ်လို့ ပြောရမယ့် BGF တွေဆိုတာလည်း နိုင်ငံ
ရေးအရ ကြေကြေလည်လည် ဖက်ဒရယ်အရေး ပြည်ထောင်စုအရေးကို ဆွေးနွေးညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတာမျိုးမဟုတ်ဘဲနဲ့ အကျိုးစီးပွားတွေကို အခြေပြုပြီးတော့ စစ်တပ်ရဲ့ အကျိုးစီးပွား စစ်တပ်နိုင်ငံရေး အာဏာတည်မြဲဖို့ စစ်တပ်ရဲ့ အပေါင်းအပါတွေ စီးပွားရေးအရ တောင့်တင်းခိုင်မာစေဖို့ ဆိုတဲ့ ကိုယ်ကျိုးစီးပွား အခြေခံတွေကနေပြီးတော့ တည်ဆောက်ထားတာဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိဘူးဆိုတာတော့ထင်ရှားပါတယ်”ဟု ဒေါ်ဇင်မာအောင်က ပြောကြားသည်။
လက်ရှိဖြစ်ပေါ်နေသည့် အမှုအခင်များ နှင့် ပတ်သက်ပြီး စစ်ကောင်စီ အနေဖြင့် တာဝန်ရှိကြောင်းလည်း ၎င်းက ထောက်ပြသည်။
“ဒီ Crimeတွေထဲမှာ ပါတနာအနေနဲ့ ကိုပေါ့လေ အင်စတီကျူးရှင်းအနေနဲ့ မဟုတ်ရင်တောင်မှ လူပုဂ္ဂိုလ်တွေ အကျိုးစီးပွားတွေ ပါဝင်နေကြတာဖြစ်တဲ့အတွက်ကြောင့် ခုဏ ဗိုလ်မှူးကြီးတွေ ဗိုလ်ချုပ်ကြီးတွေ တာဝန်ရှိတဲ့ သူတွေပေါ့လေ စစ်တပ်ရဲ့အနွယ်အပွားတွေအများကြီးရှိပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
စစ်ကောင်စီနှင့် ဆွေးနွေးပြီး ကျားဖျန့်တိုက်ဖျက်ရန် စဉ်းစားမှုများ ရှိပါက လုံး၀ ဖြစ်နိုင်မည်မဟုတ်ကြောင်း စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည့် နိုင်ငံအချို့ကို ပဒိုစောတောနီး ကအသိပေးသည်။
“မတော်မတရားလုပ်နေတဲ့သူတွေနဲ့ ဒီလုပ်ငန်းပျောက်ပျက်သွားအောင်လုပ်မယ်ဆိုတာ အင်မတန်ပဲ ရယ်စရာကောင်းတဲ့ အလုပ်တစ်ခုပဲဖြစ်တယ်။ ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ဒီလုပ်ငန်း ကြီးထွားလာခြင်းရဲ့ အကြောင်းအရင်းက စကစပဲဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။
အဆိုပါ ကျားဖျန့်လုပ်ငန်းများ တိုက်ဖျက်ရေးအတွက် KNU၊ NUGနှင့် မဟာမိတ်များ၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည့်အတိုင်း တော်လှန်ရေးအင်အားစုများနှင့် ဆက်သွယ်ပြီး သတင်းအချက်အလက်ဖလှယ်ကာ လက်တွဲလုပ်ဆောင်မှသာ ပိုမိုအလုပ်ဖြစ်မည်ဟု ပြောသည်။
“ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေကို ကျနော်တို့ နှိုးဆော်တာဖြစ်ပါတယ်။ အဲဒါမကဘဲတ ကမ္ဘာလုံးမှာ ရှိတဲ့ ဒီဟာနဲ့ပတ်သက်ပြီးတော့ သက်ရောက်မှုရှိတဲ့ နိုင်ငံတော်တော်များများ လူမျိုးအသီးသီး အဲဒါတွေကိုလည်း ကျနော်တို့ အများကြီး လမ်းဖွင့်ပေးပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။
NUGနှင့်မဟာမိတ်များ၏ကြေညာချက်တွင်မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခများ အပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်မှုများကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဆိုက်ဘာ လိမ်လည်မှုများမှာ သိသိသာသာ များပြားလာနေကြောင်း၊ မြန်မာအကြမ်းဖက်စစ်တပ် နှင့် စစ်ကောင်စီသည် ၎င်းတို့၏ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များ နှင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ အထက်ပါ လိမ်လည်လှည့်စားမှု တရားမဝင် ရာဇဝတ်လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခြင်းမရှိဟုဆိုလျှင်ပင် လုံခြုံရေးပေးခြင်း နှင့် အထောက်အကူပြုပေးခြင်းများ တို့ဖြင့် တိုက်ရိုက်ပါဝင်နေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့်အဆိုပါရာဇဝတ်မှုများတိုက်ဖျက်ရန် စိတ်ဆန္ဒမရှိသည့် တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ဖျက်မည်ဆိုပါက ခရီးရောက်မည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။
“ဒါကြောင့်မို့လို့လည်းပဲ စစ်အာဏာသိမ်းပြီး လေးနှစ်အတွင်းမှာ အင်မတန်မှ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကမ္ဘာမှာ ပေါ့လေ ဒေသကြီးတစ်ခုဖြစ်လာတယ်။ စစ်ကောင်စီ နဲ့ BGFတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာပေါ့။ တဖက်မှာ ဒီကြောင့် ဖြစ်ပေါ်လာတဲ့ လူကုန်ကူးမှုတွေ နိုင်ငံခြားသားတွေ ပျောက်ဆုံးတာတွေ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NUG နဲ့ ဆက်စပ်ဒေသတွေမှာ တွေ့ရတဲ့ လူကုန်ကူးခံရတဲ့သူတွေနဲ့လည်း ပတ်သက်လို့ သက်
ဆိုင်ရာနိုင်ငံတွေကို ပူးပေါင်းဆောင်ရွက်ပြီး ပေးပို့ခဲ့တဲ့ သာဓကတွေရှိတယ်။ ဒါက ဘာကို ပြနေလဲဆိုရင် စစ်ကောင်စီနဲ့ချည်းပဲ ဒီပြဿနာဖြေရှင်းလို့မရဘူး။ ဖြေရှင်းလို့ ရမယ်ဆိုရင် ပြဿနာက ဒီနေ့ဒီအချိန်ထိ ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်”ဟု ဒေါ်ဇင်မာအောင်က ပြောကြားသည်။
ယခုကဲ့သို့ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက် လာသည်အထိ ရာဇဝတ်မှုများ ထူပြောလာခြင်း၊ ရာဇဝတ်မှုများ၏ ပင်မအရင်းအမြစ်ကဲ့သို့ ဖြစ်လာသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်၌ အကြမ်းဖက် စစ်အာဏာရှင်အပါအဝင် အာဏာရှင် စနစ်တည်ရှိနေသရွေ့ရာဇဝတ်မှုများနှင့်ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာကိစ္စ၊ ဒေသတွင်း ဆိုင်ရာကိစ္စများကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဒေါ်ဇင်မာအောင်က ပြောသည်။


















































