Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ် တလုပ်မြို့ရွာရှိ စစ်ကောင်စီ အထိုင်စခန်းကို တော်လှန်ရေးမဟာမိတ်အဖွဲ့ စီးနင်းတိုက်ခိုက်

စစ်တပ်က လေကြောင်းပစ်ကူပေးပြီး နေအိမ်များအား မီးရှို့

ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့အထိုင်စခန်းကို မြင်းခြံမြို့နယ် ပကဖ အပါအဝင် ဒေသတွင်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ခတ်မှု လေးကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ​လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁ ရက်)နံနက် ၄ နာရီခွဲ ၅ နာရီဝန်းကျင်ခန့်က တလုပ်မြို့ကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို ဒေသတွင်းတော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက အနီး ကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

“စကစ တွေက တလုပ်(ရွာ)မှာ သုံးထပ်တိုက်ထဲမှာနေတာပေါ့။ ပြီးဘန်ကာတွေကလည်း သုံးခုလောက်ရှိတယ်။ အဲတော့ တိုက်ကတော့ ရတယ်ဗျ။ ဘန်ကာတစ်ခုပဲ ကျန်နေတာ”ဟု တိုက်ပွဲအခြေအနေကို ​တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် မိုးလင်းသွားချိန်တွင် စစ်ကောင်စီဘက်မှ စခန်းမကျရေးအတွက် စစ်သုံးရဟတ်ယာဥ် Mi35 တစ်စီးဖြင့် နာရီဝက်ခန့်ကြာအောင် စစ်သေနတ်များဖြင့် လာရောက်ပစ်ကူပေးခဲ့ပြီး ပြန်ဆုတ်သွားချိန်၌ တိုက်ပွဲဆက်ဖြစ်ရာ ဂျက်ဖိုက်တာတစ်စီး ထပ်မံရောက်ရှိလာကာ ဗုံးသီး ၉လုံးအတွဲလိုက်ပစ်ချသွားကြောင်း ၎င်းရဲဘော်က ဆက်ပြောသည်။

စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်မှုတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ် သားအများအပြား ထိခိုက်သေဆုံးနိုင်ပြီး ၎င်းတို့ဘက်မှ မြေပြင်တပ်ကူအဖြစ် မြင်းခြံအခြေစိုက် ခမရ-၁၅ မှ စစ်ကားလေးစီးဖြင့်ရောက်ရှိလာပြီး ဂျက်ဖိုက်တာနှင့် Mi35 တလှည့်စီ နောက်ထပ်နှစ်ကြိမ် လေကြောင်းမှ ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

“မနက်အစောထဲက တိုက်ပွဲဖြစ် ကနဦးသိရတာက (စကစတပ်)သူတို့ အတော်အထိနာသွား။ ဟိုတခါ ဗုံးကြဲခံရတဲ့ ဆင်းဂွတ်ရွာတောင်ဘက် တစ်ရွာကျော်။ ဆင်းဂွတ်နဲ့ ၃ မိုင်ကျော်သာပဲဝေး”ဟု မြင်းခြံမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီအထိုင်စခန်းကို တလုပ်မြို့ကျေးရွာ မြို့မဘက်ခြမ်းမှနေ၍ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းဒေသခံပြည်သူက ဆက်ပြောသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးမဟာမိတ်တပ်များဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာအချို့ရခဲ့ကာ စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် တလုပ်မြို့ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူများလည်းရှိနေကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များက ပြောသည်။

“ပြည်သူထိခိုက်သေဆုံးမှုက လောလောဆယ် တစ်ဦးပဲ သိရသေးတယ်။ ဒဏ်ရာရသူတွေကတော့ များတယ်ဗျ။ ရဲဘော်ခြောက်ဦး ထိခိုက်တာကတော့ လက်တို့၊ ခြေထောက်တို့ ရှပ်ထိတာလောက်ပါပဲ။ စိုးရိမ်စရာမရှိပါဘူး”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တလုပ်မြို့ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ မြေပြင်နှင့် ဝေဟင် တပ်ကူ၊ ပစ်ကူများသာမက ကျေးရွာအတွင်း ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလုပ် ဆောင်နေပြီး မြေပြင်အခြေအနေများအရ ယနေ့(ဖေဖော်ဝါရီလ ၁ ရက်)နေ့လယ် ၁ နာရီခန့်တွင် တော်လှန်ရေးမဟာမိတ်တပ်များ ပြန် လည်ဆုတ်ခွာခဲ့ရကြောင်း စုံစမ်းသိရသည်။

လက်ရှိအခြေအနေတွင် မြင်းခြံမြို့အခြေစိုက် ခမရ-၁၅ မှ တပ်ကူများ တလုပ်မြို့ကျေးရွာသို့ ရောက်ရှိနေသည့်အပြင် ယနေ့ညပိုင်းအထိ ခမရ-၁၅ အတွင်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် မကွေးတိုင်းအစပ် ရေလယ်ကျွန်းဘက်သို့ ပစ်ခတ်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။