ကရင်ပြည်နယ်၊ မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းပြီးနောက် တရားခံများနှင့် လူကုန်ကူးခံရသူများအား ဖမ်းဆီးကယ်ဆယ်ထားသော နိုင်ငံခြားသား ၇,၀၀၀ကျော်အား သက်ဆိုင်ရာနိုင်ငံများက အမြန်ဆုံးလာရောက်ခေါ်ဆောင်ကြရန် ကရင်နယ်ခြားစောင့်တပ်(BGF)က မတ်လ ၁ရက်တွင် ထုတ်ပြန်သည်။
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)သည် မတရားသောလုပ်ငန်းများကို ဝင်ရောက် စီးနင်းကာ တရားခံများကို ဖမ်းဆီးခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင်ခြင်းတို့ကို အားသွန် ခွန်စိုက်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဒေသအာဏာပိုင်များထံသို့ လွှဲပြောင်းခြင်းကို ဆောင်ရွက်ခဲ့သည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF)က ထုတ်ပြန်သည်။
ထို့အပြင် နိုင်ငံပေါင်း (၃ဝ)ကျော်မှ နိုင်ငံခြားသား ၇,၀၀၀ကျော်ကို ယနေ့အထိ အခက်အခဲများကြားမှ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ပံ့ပိုးကူညီကျွေးမွေးခြင်း၊ လုံခြုံရေး၊ ကျန်းမာရေး အစရှိသည့် နေ့စဉ်ကိစ္စရပ်များပါမကျန် ကူညီစောင့်ရှောက်ပေးထားကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရန် အသင့်ပြင်ဆင်စောင့်ဆိုင်းလျက်ရှိပါသည်ဟု BGFက ထုတ်ပြန်သည်။
မြဝတီမြို့အား တစ်ဖက်နိုင်ငံမှ လျှပ်စစ်မီးဖြတ်တောက်ထားခြင်း၊ စက်သုံးဆီဖြတ်တောက် ထားခြင်းနှင့် ဆက်သွယ်ရေးစနစ် ဖြတ်တောက်ထားခြင်းတို့ကြောင့် အဆိုပါပြည်ပနိုင်ငံသားများ အပေါ် လူသားချင်းစာနာစွာ ကူညီစောင့်ရှောက်မှုလုပ်ငန်းစဉ်များတွင်လည်း အခက်အခဲဖြစ်ပေါ်နေသည်ဟု ဖော်ပြထားသည်။

Public Service Announcement
ထို့ကြောင့် ကမ္ဘာအရပ်ရပ်ရှိ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မိမိနိုင်ငံသားများအား အမြန်ဆုံးလာရောက်ခေါ်ယူနိုင်ကြပါရန်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသရှိ အပြစ်မဲ့ပြည်သူများ၏ နေ့စဉ်နေထိုင်မှု ဘဝကို ထိခိုက်စေသည့် လူသားချင်းစာနာမှုကင်းမဲ့သော ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေး ပါရန်လည်း တောင်းဆိုထားသည်။ ထို့အပြင် တရားမဝင် လိမ်လည်လှည့်ဖျားသည့် လုပ်ငန်းများနှင့် လူကုန်ကူးသည့်လုပ်ရပ်များအား အစိုးရ၊ နိုင်ငံတကာတို့နှင့် လက်တွဲဖြေရှင်းရန် အသင့်ရှိကြောင်းလည်း ထပ်မံထုတ်ပြန်ထားသည်။
ထိန်းသိမ်းထားသည့် နိုင်ငံခြားသား ၇,၀၀၀ကျော်အား နေရပ်ပြန်ခေါ်ယူရန် တရုတ်နှင့် ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်မှု မလုပ်၍ စားဝတ်နေရေးနှင့် နေထိုင်ရေးအတွက် အခက်အခဲများ ရှိနေကြောင်းလည်း BGFက ပြောသည်။
မြဝတီဒေသ၌ လူကုန်ကူးခHရသည့် တရုတ်နိုင်ငံသားများအား တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်ဖြင့် နေရပ်ပြန်ခေါ်ရာ သုံးရက်အတွင်း ၆၀၀ကျော် ခေါ်ဆောင်ခဲ့သည်။ ဖေဖော်ဝါရီ ၂၀ရက်က စတင်သည့် ပထမဆုံးအသုတ်တွင် ၂၀၀ဦီး၊ ဒုတိယရက်တွင် ၃၀၀ဦးနှင့် ဖေဖော်ဝါရီ ၂၂ရက်တွင် ၁၂၁ဦး နေရပ်ပြန်ခေါ်ထားသည်။ ထို့နောက်ပိုင်းတွင် တရုတ်က နေရပ်ပြန်ခေါ်မှုကို ရပ်နားခဲ့သည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၇ရက်ကလည်း အင်ဒိုနီးရှားနိုင်ငံသား ၈၀ကျော်ကိုလည်း နေရပ်ပြန်ပို့ထားသည်။
လက်ရှိထိန်းသိမ်းများတွင် တရုတ်နိုင်ငံသား အများဆုံးပါဝင်ပြီး အင်ဒိုနီးရှားနှင့် အခြားနိုင်ငံခြားသားများလည်း ပါဝင်သည်။
မြဝတီဒေသက ကျားဖြန့်အရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက် ဝန်ကြီး Mr. Liu Zhongyiက ဖေဖော်ဝါရီ၁၇ရက်တွင် မြဝတီမြို့ကို ရောက်လာပြီး တရုတ်နိုင်ငံသားများ ပြန်လည်ခေါ်ယူရေးဆွေးနွေးပြီး သုံးရက်အကြာတွင် ပထမဆုံးအသုတ် စတင်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
မြဝတီဒေသ၌ ကျားဖြန့်လူကုန်ကူးမှုဂိုဏ်းများရှိနေတာကြောင်း ထိုင်းအစိုးရက မြဝတီမြို့အပါအဝင် နေရာငါးခုကို လျှပ်စစ်မီး၊ လောင်စာဆီပေးပို့မှုနှင့် ကုန်ပစ္စည်းများပါ ဖြတ်တောက်ပိတ်ဆို့ထားမှု ဖေဖော်ဝါရီ ၅ရက်က စတင်ပြုလုပ်ခဲ့သည်။


















































