ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကျားဖြန့်လောင်းကစားရုံ ငွေတောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ဖမ်းဆီးရိုက်နှက်မှုဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့ခံများက ပြောသည်။
ပြည်သူ့စစ်အချင်းချင်းဖမ်းဆီးရိုက်နက်မှုမှာ မူဆယ်မြို့၊ မင်္လာမူဆယ်အိမ်ယာအနီးတွင် မတ်လ ၁၇ရက်က ဖြစ်ပွားခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
” ကျားဖြန့်ရုံကို ငွေတောင်းတာကနေ စဖြစ်တာလို့ သိရတယ်။ ဖွင့်ထားတာကလည်း ပြည်သူ့စစ်အဖွဲ့ပိုင်ပဲ။ မူဆယ်မှာတော့ ပြည်သူ့စစ်အဖွဲ့တွေက သူတို့အချင်းချင်းရော လူထုအပေါ်ရော ရမ်းကားမှုက တော်တော်လေး အခြေအနေဆိုးနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
ဖြစ်စဉ်အသေးစိတ်ကို အတိအကျမသိရသေးပေ။
လူမှုကွန်ရက်တွင်ပျံ့နှံ့လာသော ရုပ်သံများတွင် ပြည်သူ့စစ်ယူနီဖောင်းဝတ်ဆင်ထားသူအချို့နှင့်အရပ်ဝတ်ဖြင့်လူအချို့က သေနတ်ကိုင်ဆောင်ထားပြီး ၎င်းတို့ ဖမ်းထားသူအချို့အား ရိုက်နှက်ကန်ကြောက်နေသည်ကို တွေ့ရသည်။
” စစ်ကောင်စီက မူဆယ်ကိုမထိန်းနိုင်တော့ ပြည်သူ့စစ်တွေကို အပ်ထားတာ။ ဒါက လိုင်းပေါ်တက်လာလို့သိရတာ။ အများစုကသတ်ပြီး အလောင်းဖျောက်ပစ်တာ”ဟု မြို့ခံတစ်ဦးက ပြောသည်။
မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ ၆ဖွဲ့ထက်မနည်းရှိနေသည်။
စစ်ကောင်စီအရာရှိများနှင့် ပြည်သူ့စစ်အဖွဲ့များသည် ကျားဖြန့်လုပ်ငန်းများ၊လောင်းကစားနှင့် ဖျော်ဖြေ ရေးလုပ်ငန်းများလည်း ရင်းနှီးမြုပ်နှံထားပြီး အကာအကွယ်ပေးနေကြသည်ဟု မြို့ခံများကပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာ ၂၃ရက်နှင့် ဒီဇင်ဘာ ၁၆ရက်က မူဆယ်မြို့ပေါ်၌ ပြည်သူ့စစ်အဖွဲ့ပိုင်ကျားဖြန့်ရုံအချို့ကို တရုတ်ရဲတပ်ဖွဲ့၏ သတင်းပေးမှုနှင့်အတူ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးစဉ် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း နှစ်ဖက်စလုံး သေဆုံးသူအချို့ရှိခဲ့ပြီး ခလရ(၆၈)တပ်ရင်းမှူးနှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူး ဒဏ်ရာရရှ်ိခဲ့သည်။
မူဆယ်မြို့သည် ၁၀၂၇စစ်ဆင်းရေးပထမပိုင်း၌ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန် ပြင်နေစဉ် တရုတ်က ကြားဝင်ညှိနှိုင်းပေးခဲ့သည့် ဟိုင်ဂင်အပစ်ရပ်စာချုပ်ကြောင့် မတိုက်ခိုက်ဘဲ ကျန်နေသည့် မြို့ဖြစ်သည်။ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
စစ်ကောင်စီသည် မြို့ပေါ်၌သာ တပ်စွဲထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားလည်း ကောင်းမွန်စွာမလည်ပတ်တော့ကြောင်း ဒေသခံများက ပြောသည်။


















































