သစ်ရွက်ရေးသားသည်
“သဘာဝဘေးအန္တရာယ်တွေကိုကျွန်မတို့တားဆီးလို့မရပါဘူး၊ဒါပေမယ့် ကိုယ့်မှာရှိတဲ့အသိပညာနဲ့တော့ ကိုယ့်ကိုကိုယ်လက်နက်တပ်ဆင်ထားလို့ရပါတယ်။ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုတွေကိုသာ လုံလောက်အောင် လုပ်ခဲ့ရင်အသက်တွေအများကြီးဆုံးရှုံးမှာမဟုတ်ပါဘူး”
— ပီထရာ နမ်ကိုဗါ
(မော်ဒယ်၊ ချက်သမ္မတနိုင်ငံ၊၂၀၀၄ ဆူနာမီကို ထိုင်းနိုင်ငံမှာ ကြုံတွေ့ခဲ့ရသူ)
မြန်မာကလုံလောက်အောင်ပြင်ဆင်ထားခဲ့ပါသလား။ What If “အကယ်၍ဖြစ်လာခဲ့ရင်”ဆိုတဲ့ အတွေးတစ်စက ကိုယ့်ကိုကိုယ်နိုင်ငံ့ခေါင်းဆောင်လို့ရှူမြင်တဲ့ပုဂ္ဂိုလ်တွေခေါင်းထဲကို ဝင်ရောက်ဖူး ပါသလား။ သမိုင်းရဲ့မဆုံးနိုင်တဲ့ဖြတ်သန်းမှုတွေဆီက သင်ခန်းစာယူကြဖူးပါသလား။ ကိုယ့်မိသားစုသာ ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးမျိုး သတိုးမဟာသရေစည်သူတို့ တွေးဖူးပါသလား။
စစ်ကိုင်းပြတ်ရွေ့ပေါ်မှာထိုင်နေတဲ့မန္တလေးမြို့အတွက်ဘာပြင်ဆင်ထားခဲ့ပါသလဲ။ အဆောက်အဦတွေရဲ့ ကြံ့ခိုင်မှု၊ အရေးပေါ်ကယ်ဆယ်ရေးနည်းပညာနဲ့ လိုအပ်တဲ့ပစ္စည်းများရှိပါသလား။
ရုရှကဝယ်ထားတဲ့ MIG တိုက်လေယာဉ်က ငလျင်ကြောင့်တိုက်အောက်မှာပိတ်မိနေတဲ့ပြည်သူကို ကယ်ထုတ်ဖို့အသုံး မတည့်လှပါ။

Public Service Announcement
ဘေးအန္တရာယ်တစ်ခုဖြစ်လာတဲ့အခါ ပြည်သူတွေကိုကယ်ဆယ်ဖို့ခြေလှမ်းထက်ဗေဒင်ဆရာဆီကို ပြေးဖို့ ခြေလှမ်းကပိုသွက်တဲ့ လူ့အဖွဲ့အစည်းမှာ လူဖြစ်ရတာသိပ်တော့မလွယ်ကူလှပါဘူး။
သဘာဝဘေးအန္တရာယ်တွေနဲ့ကြုံတွေ့ရတဲ့အခါ အာဏာရှင်နိုင်ငံတွေကကျောကော့အောင်ခံစားကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝဘေးအန္တရာယ် (Natural Disaster) နောက်မှာ လူလုပ်တဲ့ဘေးအန္တရာယ် (Man Made Disaster) တွေက ကပ်ပါလာကြလို့ပဲဖြစ်ပါတယ်။
မြန်မာရဲ့ ‘နာဂစ်’ အတွေ့အကြုံက အထင်အရှား ပြသခဲ့ပြီးပါပြီ။ နိုင်ငံတကာအကူအညီကို အရေးတကြီးလိုအပ်နေတဲ့ မြစ်ဝကျွန်းပေါ်က ပြည်သူတွေထက် သူတို့အာဏာကို ထိပါးမှာစိုးတဲ့ အပူမီးကိုရှေ့တန်းတင်ကြလို့ မဆုံးရှုံးသင့်ပဲဆုံးရှုံးခဲ့ရတဲ့အသက်တွေအများအပြားရှိခဲ့ရပါတယ်။
ဘောင်းဘီဝတ်သတ္တိခဲကြီးတွေရဲ့အုပ်ချုပ်မှုအောက်မှာကူညီကယ်ဆယ်ဖို့လာတဲ့ ပြည်တွင်း အလှူရှင်တွေတောင် အဖမ်းခံထောင်ကျခဲ့ရပါတယ်။ ပြောပြရင်သူများနိုင်ငံက လူတွေယုံမှာမဟုတ်ပါ။
နာဂစ်စ်မုန်တိုင်းတိုက်ပြီးပြီးချင်းမြန်မာကိုရောက်လာပြီး မြစ်ဝကျွန်းပေါ်မှာ တိတ်တခိုး သတင်းယူခဲ့တဲ့ စီအင်အင် သတင်းထောက် ဒန်ရေးဗားစ်က သတင်းအမှောင်ချဖို့ကြိုးစားတဲ့မြန်မာစစ်အစိုးရကိုအခုလို မှတ်ချက်ချပါတယ်။
“ဘာဖြစ်လို့ သဘာဝဘေးအန္တရာယ်တစ်ခုကို ဖုံးကွယ်ဖို့သူတို့ကြိုးစားတာလဲ၊ ဒါကသူတို့အပြစ်မှမဟုတ်တာ။ ဒီလိုလုပ်တာက အာဏာရှင်ရဲ့ သဘောထားကိုဖေါ်ပြလိုက်တာပဲ။ ပြင်ပကမ္ဘာကိုသိပ်သံဿယကြီးကြတာ”။
အကြီးအကျယ်ဂရုပြုရမှာက အချို့နိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ်လာပြီးရင် ဒီမိုကရေစီတန်ဖိုးတွေပိုဆုံးရှူံးလေ့ရှိတယ်လို့ ပညာရှင်တွေကသတိပေးကြပါတယ်။
သဘာဝဘေးအန္တရာယ်တွေအပြီးမှာ နိုင်ငံငယ်တွေဟာ ဒီမိုကရေစီကို ပျှမ်းမျှ ၃.၂၆ ရာခိုင်နှုန်းအထိ ဆုံးရှုံးလေ့ရှိတယ်လို့ လေ့လာသူတွေကထောက်ပြပါတယ်။ နိုင်ငံအရွယ်အစားသေးတဲ့ကျွန်းနိုင်ငံတွေ ကြည့်ရင်ပိုသိသာပါသတဲ့။ အုပ်ချုပ်သူတွေကနိုင်ငံရေးအရဖိနှိပ်မှုကို ၂.၅ ရာခိုင်နှုန်းအထိတိုးမြှင့် လုပ်လေ့ရှိတယ်လိုဆိုကြပါတယ်။ ဖီဂျီ၊ဟေတီ၊ဖိလစ်ပိုင် (မြန်မာတော့အထူးပြောစရာမလိုပါ) တို့က ထင်ရှားတဲ့ခေတ်ပြိုင်ဖြစ်ရပ်တွေကသာဓကတွေပါ။
ပြည်ထောင်စုလုံခြုံရေးတို့၊ ရပ်ရွာအေးချမ်းသာယာရေးတို့ဆိုတဲ့စကားလုံးတွေကိုသုံးပြီး လူ့အဖွဲ့အစည်းကို အချုပ်ခန်းအဖြစ်အသွင်ပြောင်းလိုက်ကြတာပါပဲ။ သဘာဝဘေးကိုလက်ညှိုးထိုးပြီး ရပ်ကွက်တွေကိုပြောင်းရွှေ့၊ မြေတွေကိုဝေစုခွဲ၊ ဘတ်ဂျတ်တွေချ၊ ရာခိုင်နှုန်းတွေခွဲယူ၊ နိုင်ငံတကာအကူအညီတွေကို ရွေးကောက်ပွဲမဲဆွယ်ရာမှာသုံး စတဲ့ မရိုးနိုင်တဲ့နည်းလမ်းတွေပါပဲ။
သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားတဲ့အခါ “သူခိုးကြီး”တွေပျော်ကြပါတယ်။ “သူခိုးကြီး”တွေဆိုတာ အိမ်ကိုဝင်ဖေါက်ပြီး ရုပ်မြင်သံကြားစက်ကိုမ သွားတဲ့သူခိုးမျိုးမဟုတ်ပါ။ “သူခိုးကြီး”ဆိုတာတိုက်ပုံနဲ့ စတစ်ကော်လာအိကျီနဲ့ “ဘေးအန္တရာယ်သင့်ပြည်သူတွေအတွက်”တို့ “နိုင်ငံတော်ရဲ့စေတနာ”တို့၊ “ပြန်လည်ထူထောင်ရေး” တို့ စကားလုံးတွေကို လှိုင်လှိုင်သုံးပြီး ညပိုင်းကာရာအိုကေခိုးသွားတဲ့အခါ အုတ်နီခဲနဲ့တူတဲ့ပိုက်ဆံအိတ်ကြီးကို ပွေ့ထားလေ့ရှိတဲ့ အရာရှိကြီးတွေပါ။
အခုတော့ မတ်လ၂၈ရက်နေ့က “သူခိုးကြီးနေ့”ဖြစ်သွားခဲ့ပါပြီ။
ဘေးအန္တရာယ်ကိုအတူတူကြုံတာချင်းတောင် ရလဒ်ကကွာခြားလှပါတယ်။အင်ဒိုနီးရှား နဲ့ သီီရိလင်ကာ နိုင်ငံတို့ဟာ ၂၀၀၄ ဆူနာမီဒဏ်ကိုအတူတူ ခံကြရတဲ့တိုင်းပြည်တွေဖြစ်ပါတယ်။ အင်ဒိုနီးရှားက ဆူနာမီဒဏ်ကိုအဆိုးဆုံးခံလိုက်ရတဲ့ အာချေးပြည်နယ်က Free Aceh Movement ဆိုတဲ့ သူပုန်တွေနဲ့ ဘေးအန္တရာယ်အပြီးမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်လိုက်ပါတယ်။
သီရိလင်ကာကတော့ဆူနာမီအပြီးမှာတမီလ်သူပုန်တွေကို အပြီးသတ်တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။ အပြစ်မဲ့အရပ်သား သောင်းနဲ့ချီပြီးသေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာက စောင့်ကြည့်သူတွေကမှတ်ချက် ပြုပါတယ်။
ဒီလိုအခြေအနေမျိုးကို Crisis Dictatorship လို့ကင်ပွန်းတပ်ကြပါတယ်။ အရေးပေါ်အခြေအနေကိုအသုံးချပြီး အာဏာကိုကိုယ်ထင်သလိုအသုံးချတာဖြစ်ပါတယ်။ နမူနာအားဖြင့် တရုတ်နိုင်ငံနဲ့ ကိုဗစ် ကပ်ရောဂါဖြစ်ပါတယ်။ ရောဂါ စဖြစ်ဖြစ်ချင်းမှာ အစိုးရကလိမ်ညာပါတယ်၊ ပထမဆုံးသတိပေးတဲ့ ဆရာဝန်ကိုအရေးယူပါတယ် (အဲဒီဆရာဝန်လေးကိုယ်တိုင် ကိုဗစ်နဲ့အသက်ပေးလိုက်ရပါတယ်)၊ ပြီးတော့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုတောက်လျှောက်လုပ်တော့တာပါပဲ။
မန္တလေးနဲ့မြန်မာ့လူ့အဖွဲ့အစည်းဟာ နောက်ထပ်စိန်ခေါ်မှုကြီးကိုထပ်ရင်ဆိုင်ရပြန်ပါပြီ။ မန္တလေးဟာ ဖီးနစ်စ်ငှက်လို မီးပုံထဲကပြန်ရှင်သန်လာဦးမှာပါပဲ။
အောင်ပွဲကို စည်တော်ရွှန်းပြီး ပြည်တော်ဝင် ရဦးမှာပါပဲ။ ခုထက်ပိုစည်းလုံးကြမယ်၊ ဖေးကူကြမယ်၊ ညီညာကြမယ်၊ ရဲရင့်ကြမယ်။
မန္တလေးမှာပဲ ပြန်ဆုံကြတာပေါ့။ ။


















































