Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာဇော်ဝေစိုး ​မြေပြင်တွင်လူထုအတွက်ကျန်းမာ​ရေးဝန်​ဆောင်မှု​ပေး​နေ​ကြောင်းအသိ​ပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးသည်ပြည်တွင်း၌ ရှိနေပြီးလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ဦးဆောင်ကိုင်တွယ်နေသည်။

ဓါတ်ပုံ- PVTV

“စစ်အာဏာရှင်အောက်က အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲမှာ မြန်မာ့သမိုင်းမှာ ဒီတကြိမ် ဒီတခါပဲရှိမယ့် တော်လှန်ရေးရဲ့အဆုံးသတ်တိုက်ပွဲမှာပါဝင်ကြပါလို့ ဖိတ်ခေါ်လိုပါတယ်”

— ဒေါက်တာ​ဇော်​ဝေစိုး

‌ယောနသံ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးသည်ပြည်တွင်း၌ ရှိနေပြီးလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ဦးဆောင်ကိုင်တွယ်နေသည်။

“ဆရာကြီးဒေါက်တာဇော်ဝေစိုးကလက်ရှိကိုပဲပြည်သူနဲ့အတူတူရှိနေပြီးတော့ ဝန်ကြီးဌာနဆိုင်ရာလုပ်ကိုင်ဆောင်ရွက်မှုတွေကို ဆောင်ရွက်မှုရှိပါတယ်”ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က People’s Spring သို့ပြောသည်။

ဒေါက်တာဇော်ဝေစိုးကပြည်တွင်းနေရာအချို့တွင် ဆေးကုသပေးနေသည့်ဓာတ်ပုံမှတ်တမ်းများ၊ ကာကွယ်ရေးရဲဘော်များ၊ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံနေသည့် ဓာတ်ပုံမှတ်တမ်းများကို NUG သတင်းထုတ်ပြန်ရေးဌာန Public Voice TV တွင် ယနေ့ (ဧပြီ ၂၅)စတင်ထုတ်ပြန်အသိပေးသည်။​

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ကိုယ်တိုင် မြေပြင်မှာရောက်ရှိပြီး တိုက်ပွဲဝင်နေပါတယ်။အရိုးနဲ့ ထိခိုက်ဒဏ်ရာခွဲစိတ်မှုတွေ၊ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်မှုတွေ၊ အခြေခံဆေးပညာသင်ကြားမှုတွေ စိုးမိုးဒေသတွေမှာ ပါဝင်လုပ်ဆောင်နေကြပါတယ်။အထူးကုပညာတွေကိုလည်းစတင်သင်ကြားပေးနေပြီဖြစ်ပါတယ်။ စစ်အာဏာရှင်အောက်က အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲမှာ မြန်မာ့သမိုင်းမှာ ဒီတကြိမ် ဒီတခါပဲရှိမယ့် တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲမှာ ပါဝင်ကြပါလို့ ဖိတ်ခေါ်လိုပါတယ်” ဟု Public Voice TV မှတဆင့် ဒေါက်တာဇော်ဝေစိုးကသတင်းစကားပါးသည်။

NUGယာယီသမ္မတဒူဝါလရှီလက ၂၀၂၄ နိုဝင်ဘာလတွင် ပြည်ပ​ရော အစိုးရအဖွဲ့ဝင်များပြည်တွင်ပြန်လာ၍​တော်လှန်​ရေးအရှိန်တင်ရန်​ပြောကြားခဲ့သည်။ဒေါက်တာ​ဇော်​ဝေစိုးသည် ပြည်တွင်း၌ ပြန်​ရောက်​​နေသည်မှာ ကာလအတန်ကြာပြီဖြစ်​သော်လည်း ယခုမှသတင်းထုတ်ပြန်ခြင်းဖြစ်သည်။ထို​နောက် ကာကွယ်​ရေးဝန်ကြီး ၊ပြည်ထဲ​ရေးဝန်ကြီး ၊သယံဇာတဝန်ကြီး အပါအဝင်ပြည်​ထောင်စုဝန်ကြီးများ၊ဒုဝန်ကြီးများပြည်တွင်း၌ရှိ​နေ​ပြီး​မြေပြင်တွင်အလုပ် လုပ်​နေကြောင်းသတင်းများမကြာခဏထုတ်ပြန်ခဲ့သည်။

ပြည်တွင်းပြည်ပမှ ကျန်းမာရေးစောင့်ရှောက်သူများအားလုံးလည်း ပူးပေါင်း ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုးကတိုက်တွန်းထားသည်။

“ငါတို့အသွေးအသားအသက်တွေနဲ့ စွန့်လွှတ်စွန့်စားခြင်းတွေနဲ့လွတ်မြောက်တဲ့၊ အေးချမ်းသာယာတဲ့၊ တရားမျှတမှုရှိတဲ့ ဖက်ဒရယ်ဒီမိကရေစီနိုင်ငံကို တည်ဆောက်ကြဖို့အတွက် ပါဝင်ကြပါ စွန့်လွှတ်ကြပါ တိုက်ပွဲဝင်ကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်”ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောကြားထားသည်။

ဒေါက်တာဇော်ဝေစိုးကဲ့သို့ NUGအစိုးရအား ဦးဆောင်နေသူများ ပြည်တွင်း၌ရှိနေခြင်းက တော်လှန်ရေးအတွက် စိတ်အားထက်သန်စေကြောင်း ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

​ဒေါက်တာ​ဇော်​ဝေစိုးသည် ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ကမ္ဘာ့ကပ်​ရောဂါကိုဗစ် တိုက်ဖျက်​​ရေးတွင်ဦး​ဆောင်ခဲ့​သူများထဲမှတစ်ဦးဖြစ်သည်။ စစ်တပ်အာဏာမသိမ်းခင်က ကျန်းမာ​ရေး​လောကတွင် အရိုးအ​​ကျောအထူးကုဆရာဝန်ကြီးအဖြစ် နာမည်​ကောင်းဖြင့်ထင်ရှား​​သောဆရာဝန်တစ်ဦးဖြစ်သည်။​ဆေးတက္ကသိုလ် (၁)ရန်ကုန် နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့တွင်ပါ​မောက္ခချုပ်တာဝန်ထမ်း​ဆောင်ခဲ့ကာ ၊ ၎င်းသည် မြန်မာနိုင်ငံ၌ကျောရိုးခွဲစိတ်ပညာ နှင့် အရေးပေါ်ကုသမှုဆေးပညာတို့ကို တည်ထောင်သူများအနက် တစ်ဦးအပါအဝင်လည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။