“စစ်အာဏာရှင်အောက်က အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲမှာ မြန်မာ့သမိုင်းမှာ ဒီတကြိမ် ဒီတခါပဲရှိမယ့် တော်လှန်ရေးရဲ့အဆုံးသတ်တိုက်ပွဲမှာပါဝင်ကြပါလို့ ဖိတ်ခေါ်လိုပါတယ်”
— ဒေါက်တာဇော်ဝေစိုး
ယောနသံ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးသည်ပြည်တွင်း၌ ရှိနေပြီးလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ဦးဆောင်ကိုင်တွယ်နေသည်။
“ဆရာကြီးဒေါက်တာဇော်ဝေစိုးကလက်ရှိကိုပဲပြည်သူနဲ့အတူတူရှိနေပြီးတော့ ဝန်ကြီးဌာနဆိုင်ရာလုပ်ကိုင်ဆောင်ရွက်မှုတွေကို ဆောင်ရွက်မှုရှိပါတယ်”ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က People’s Spring သို့ပြောသည်။
ဒေါက်တာဇော်ဝေစိုးကပြည်တွင်းနေရာအချို့တွင် ဆေးကုသပေးနေသည့်ဓာတ်ပုံမှတ်တမ်းများ၊ ကာကွယ်ရေးရဲဘော်များ၊ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံနေသည့် ဓာတ်ပုံမှတ်တမ်းများကို NUG သတင်းထုတ်ပြန်ရေးဌာန Public Voice TV တွင် ယနေ့ (ဧပြီ ၂၅)စတင်ထုတ်ပြန်အသိပေးသည်။

Public Service Announcement
“ကျွန်တော်တို့ကိုယ်တိုင် မြေပြင်မှာရောက်ရှိပြီး တိုက်ပွဲဝင်နေပါတယ်။အရိုးနဲ့ ထိခိုက်ဒဏ်ရာခွဲစိတ်မှုတွေ၊ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်မှုတွေ၊ အခြေခံဆေးပညာသင်ကြားမှုတွေ စိုးမိုးဒေသတွေမှာ ပါဝင်လုပ်ဆောင်နေကြပါတယ်။အထူးကုပညာတွေကိုလည်းစတင်သင်ကြားပေးနေပြီဖြစ်ပါတယ်။ စစ်အာဏာရှင်အောက်က အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲမှာ မြန်မာ့သမိုင်းမှာ ဒီတကြိမ် ဒီတခါပဲရှိမယ့် တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲမှာ ပါဝင်ကြပါလို့ ဖိတ်ခေါ်လိုပါတယ်” ဟု Public Voice TV မှတဆင့် ဒေါက်တာဇော်ဝေစိုးကသတင်းစကားပါးသည်။
NUGယာယီသမ္မတဒူဝါလရှီလက ၂၀၂၄ နိုဝင်ဘာလတွင် ပြည်ပရော အစိုးရအဖွဲ့ဝင်များပြည်တွင်ပြန်လာ၍တော်လှန်ရေးအရှိန်တင်ရန်ပြောကြားခဲ့သည်။ဒေါက်တာဇော်ဝေစိုးသည် ပြည်တွင်း၌ ပြန်ရောက်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း ယခုမှသတင်းထုတ်ပြန်ခြင်းဖြစ်သည်။ထိုနောက် ကာကွယ်ရေးဝန်ကြီး ၊ပြည်ထဲရေးဝန်ကြီး ၊သယံဇာတဝန်ကြီး အပါအဝင်ပြည်ထောင်စုဝန်ကြီးများ၊ဒုဝန်ကြီးများပြည်တွင်း၌ရှိနေပြီးမြေပြင်တွင်အလုပ် လုပ်နေကြောင်းသတင်းများမကြာခဏထုတ်ပြန်ခဲ့သည်။
ပြည်တွင်းပြည်ပမှ ကျန်းမာရေးစောင့်ရှောက်သူများအားလုံးလည်း ပူးပေါင်း ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုးကတိုက်တွန်းထားသည်။
“ငါတို့အသွေးအသားအသက်တွေနဲ့ စွန့်လွှတ်စွန့်စားခြင်းတွေနဲ့လွတ်မြောက်တဲ့၊ အေးချမ်းသာယာတဲ့၊ တရားမျှတမှုရှိတဲ့ ဖက်ဒရယ်ဒီမိကရေစီနိုင်ငံကို တည်ဆောက်ကြဖို့အတွက် ပါဝင်ကြပါ စွန့်လွှတ်ကြပါ တိုက်ပွဲဝင်ကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်”ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောကြားထားသည်။
ဒေါက်တာဇော်ဝေစိုးကဲ့သို့ NUGအစိုးရအား ဦးဆောင်နေသူများ ပြည်တွင်း၌ရှိနေခြင်းက တော်လှန်ရေးအတွက် စိတ်အားထက်သန်စေကြောင်း ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။
ဒေါက်တာဇော်ဝေစိုးသည် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ကမ္ဘာ့ကပ်ရောဂါကိုဗစ် တိုက်ဖျက်ရေးတွင်ဦးဆောင်ခဲ့သူများထဲမှတစ်ဦးဖြစ်သည်။ စစ်တပ်အာဏာမသိမ်းခင်က ကျန်းမာရေးလောကတွင် အရိုးအကျောအထူးကုဆရာဝန်ကြီးအဖြစ် နာမည်ကောင်းဖြင့်ထင်ရှားသောဆရာဝန်တစ်ဦးဖြစ်သည်။ဆေးတက္ကသိုလ် (၁)ရန်ကုန် နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့တွင်ပါမောက္ခချုပ်တာဝန်ထမ်းဆောင်ခဲ့ကာ ၊ ၎င်းသည် မြန်မာနိုင်ငံ၌ကျောရိုးခွဲစိတ်ပညာ နှင့် အရေးပေါ်ကုသမှုဆေးပညာတို့ကို တည်ထောင်သူများအနက် တစ်ဦးအပါအဝင်လည်းဖြစ်သည်။






















































