Connect with us

Hi, what are you looking for?

သတင်း

ခါမ်းပါတ်နှင့် ကျောက်ထုမြို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ခါမ်းပါတ်မြို့နှင့် မကွေးတိုင်း၊ ကျောက်ထုမြို့ကို စစ်ကောင်စီက ယနေ့(မေလ ၉ရက်) ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

PDFများ သိမ်းပိုက်ထားသော ခါမ်းပါတ်မြို့အား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ၂၀၂၃ ဒီဇင်ဘာ ဒုတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၉၊၂၀၂၅။ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ခါမ်းပါတ်မြို့နှင့် မကွေးတိုင်း၊ ကျောက်ထုမြို့ကို စစ်ကောင်စီက ယနေ့(မေလ ၉ရက်) ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ မြို့နယ်နှစ်ခုလုံး၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ခါမ်းပါတ်မြို့ကို ဂျက်ဖိုက်တာ၊ ကျောက်ထုမြို့ကို Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

ကျောက်ထုမြို့အနီး တနေရာကို တံတားဦးလေတပ်မှ တက်လာသော Y-12 တစ်စီးဖြင့် ညနေ ၆နာရီ၂ဝမိနစ်မှ ၆နာရီ ၃၀မိနစ်အတွင်း ဗုံး ၁၂လုံးကြဲသွားခြင်းဟု သိရသည်။ ခါမ်းပါတ်မြို့တွင် မြို့အထွက်ဖက်ရှိ ထက်မြက်စားသောက်ဆိုင်အနီးကို ည ၇နာရီ ၁၇မိနစ်တွင် ဗုံးကြဲခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ခါမ်းပါတ်မြို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းယူခဲ့ပြီး NUGက ထိန်းချုပ်ထားသည့်မြို့ဖြစ်သည်။

ယ‌နေ့လေကြောင်းမတိုက်ခိုက်မီ ပြီးခဲ့သည့်ဇန်နဝါရီ၁၆ရက်ညက ဗုံးကြဲတိုက်ခိုက်မှုတွင် အသက်၃နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။

ကျောက်ထုမြို့တွင် မြို့ပေါ်ကို စစ်ကောင်စီထိန်းချုပ်ထားပြီး ကျေးရွာအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။

ယနေ့လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။

စစ်ကောင်စီသည် ယနေ့ညနေ ၄နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကိုလည်း ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံးကြဲသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မတ်လ ၂၈ရရက်က ငလျင်ကိုအကြောင်းပြ၍ မေလ ၆ရက်မှ မေလ ၃၁အထိအပစ်ရပ်စဲမည်ဟု ထပ်မံထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။

စစ်ကောင်စီသည် မေလ ၈ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၌ မင်္ဂလာပွဲကျင်းပနေသည့် သရက်ချိုကျေးရွာအား တောင်းခမ်းရွာရှိ အမှတ်(၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် (၅)နှစ်အရွယ် ကလေးငယ်အပါဝင် ဒေသခံ လေးဦးသေဆုံးခဲ့ပြီး၊ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLAက ထုတ်ပြန်သည်။

မေလ ၈ရက်ကလည်း တအာင်းတပ်မတော် TNLA ပူးပေါင်းတပ်ရှိရာ သရက်ချိုရွာအနီးအား ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် မစခ(၉၀၂)မှ ဒရုန်းဖြင့် ဗုံး နှစ်လုံး၊ လက်နက်ကြီးဖြင့် (၁၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

ထို့အပြင် နောင်ချိုမြို့နယ် ယာပြင်ကျေးရွာအနီး တိုက်ပွဲတွင်လည်း ဒရုန်းဖြင့် ဗုံး နှစ်လုံး၊ လက်နက်ကြီးဖြင့် (၂)ကြိမ် တိုက်ပွဲဖြစ်ပွားရာသို့ ပစ်ခတ်ခဲ့ဟု ဆိုသည်။

ယမန်နေ့ ညနေပိုင်းပင် နောင်လင်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက ဒရုန်းဖြင့် ဗုံး(၈)လုံး၊ အဆိပ်ငွေ့ဗုံး(၅)လုံး၊ လက်နက်ကြီးဖြင့် (၃၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု TNLAက ယနေ့ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook