ထိုင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့လူမှောင်ခိုမှုသားကောင်များကူညီရေးအရပ်ဖက်ကွန်ရက်(CSNHTV)က မြန်မာနိုင်ငံမှာ ရှိနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဖမ်းဆီးထိန်းသိမ်းထားဆဲ နိုင်ငံခြားသားတွေ လွတ်မြောက်ရေးကူညီပေးကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
CSNHTV က တရုတ်နိုင်ငံသားပိုင် ကျားဖြန့်ဂိုဏ်းတွေက ဖမ်းဆီးထားဆဲ လူမှောင်ခိုမှု သားကောင် အနည်းဆုံး ၁၅၈ ဦးကို စာရင်းရရှိထားတယ်လို့ ပြောပါတယ်။အဲဒီ ၁၅၈ ဦး စာရင်းမှာ ကင်မရွန်း၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ တန်ဇန်းနီးယားနဲ့ ယူဂန္ဓာ နိုင်ငံသားတွေ ပါဝင်နေတယ်လို့လည်း သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရသူတွေဟာ ကရင် နယ်ခြားစောင့်တပ် (BGF)နဲ့ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ထိန်းချုပ် ဧရိယာတွေထဲက ကွဲပြားတဲ့ နေရာတချို့မှာ ချုပ်နှောင် ခံထားရဆဲလို့ CSNHTVက ဆိုပါတယ်။
လူကုန်ကူးမှုသားကောင် နိုင်ငံခြားသားတွေကို ဒုစရိုက် ဂိုဏ်းတွေက ဆက်ပြီး ထိန်းသိမ်းထားဆဲ ဆိုတာဟာ DKBA နဲ့ BGFတို့အပေါ် နိုင်ငံတကာက ထိရောက်တဲ့ ဖိအားတွေပေးဖို့ ပျက်ကွက်နေတာကြောင့် ဖြစ်တယ်လို့ CSNHTVက ထောက်ပြခဲ့ပါတယ်။

Public Service Announcement
ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရဆဲ နိုင်ငံခြားသားတွေဟာ ကြမ်းတမ်း ရက်စက်တဲ့၊ လူမဆန်တဲ့ ခိုင်းစေမှုတွေ၊ နှိပ်စက် ညှင်းပန်းမှုတွေကို ခံနေရဆဲဖြစ်ပြီး အများအပြားဟာ ကျန်းမာရေး စောင့်ရှောက် ကုသမှုတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း CSNHTV သတိပေးထားပါတယ်။ အဲဒီထဲမှာ အရိုးကျိုးအက်ပြီး မှန်မှန်ကန်ကန် ကုသမှုခံယူခွင့်ရမထားသူတွေ၊သည်းခြေအိတ် ကျောက်တည်သူတွေ၊ ဆီးချို ဝေဒနာသည်တွေနဲ့ စိတ်ကျန်းမာရေး ပြဿနာ ကြုံတွေ့နေသူတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
သူတို့တွေကို ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှုခံယူခွင့် ရရှိအောင် ရွှေ့ပြောင်းပေးဖို့ အားထုတ်မှုတွေကလည်း ထင်သာမြင်သာတဲ့တိုးတက်မှုမရဘဲ အရမ်းနည်းပါးတဲ့ အရေအတွက်လောက်ကိုသာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ပြီးတော့ မိသားစုတွေ၊ သံရုံးတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေဆီက တောင်းဆိုမှုတွေဟာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ မျက်ကွယ်ပြုမှုကို ခံထားရဆဲလို့ CSNHTVက ပြောကြားသွားပါတယ်။
ကိုးကား- Enquirer


















































