ဖားကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယမန်နေ့နံနက်ပိုင်းက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးခဲ့သည့်အပြင် ညပိုင်း၌ KIA တပ်စခန်းတစ်ခုအား လေကြောင်းမှ ထပ်မံလာရောက်ပစ် ခတ်ခဲ့ကြောင်း ယင်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက PSသို့ ပြောသည်။
နိုဝင်ဘာ ၁၄ရက် နံနက်က ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို KIAက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
“ကျန်တဲ့ ၂ခုကတော့ သိမ်းလို့မရဘူး။ မနေ့ကတော့ သူတို့ လေကြောင်းနဲ့ ပစ်ကူတာရှိတယ်။ဒီနေ့ကတော့ အဲဒီဘက် ပြန်ငြိမ်သွားပါတယ်”ဟု ၎င်းက ပြောသည်။
ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် မိုးညှင်းမြို့နယ်အတွင်းရှိKIA တပ်ရင်း(၃၅)နယ်မြေသို့ လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိ၊မရှိကို အဆက်အသွယ်မရသေးကြောင်း ၎င်း ကဆိုသည်။

Public Service Announcement
KIA အနေဖြင့် မတ်လမှစ၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေပြီး စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ အချို့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့ပြီး မိုးမောက်နယ်ရှိ အလော့ဘွမ် အပါအဝင် အချို့တပ်စခန်းကို KIA တပ်ဖွဲ့ဝင်များ နေရာယူထားခဲ့သည်။


















































