Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရိုးရာဝတ်စုံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ ပါဝင်ခွင့်ရဖို့ ထိုင်းအဆိုပြုထား

နိုင်ငံရဲ့ ရိုးရာဝတ်စုံ တစ်မျိုးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်ခွင့်ရအောင် ထိုင်းအစိုးရက အဆိုပြုထားကြောင်း သိရပါတယ်။

Bangkok Post

နိုင်ငံရဲ့ ရိုးရာဝတ်စုံ တစ်မျိုးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်ခွင့်ရအောင် ထိုင်းအစိုးရက အဆိုပြုထားကြောင်း သိရပါတယ်။

ချတ်ဒ်ထိုင်းလို့ခေါ်တဲ့ အဲဒီ ဝတ်စားဆင်ယင်မှု ပုံစံကို ရှေးခေတ် ထိုင်းအမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေအားလုံး အမြတ်တနိုး ဆင်မြန်းခဲ့ကြတယ်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အခုတော့ ချတ်ဒ်ထိုင်းကို ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု စာရင်းထဲမှာ ပါဝင်နိုင်အောင် အဆိုပြုထားလိုက်ပြီလို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယူနက်စကိုဟာ ချတ်ဒ်ထိုင်းကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲ ထည့်သင့်မသင့် ဆိုတာကို ၂၀၂၆ ခုနှစ်မှာ ဆန်းစစ် အကဲဖြတ်သွားမယ်လို့ သိရပါတယ်။ ထိုင်းနဲ့ လတ်တလော နယ်စပ်အငြင်းအခုံ ပြဿနာတွေ ဖြစ်ပွားနေတဲ့ ကမ္ဘောဒီးယားကလည်း ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းအတွက် ရိုးရာ မင်္ဂလာ ဝတ်စုံကို အဆိုပြုဖို့ စီစဉ်နေပြီး အဲဒီထဲမှာ ထိုင်းရိုးရာ ဝတ်စားဆင်ယင်မှု အငွေ့အသက်တွေကိုပါ ရောနှော ထည့်သွင်းလိမ့်မယ်ဆိုတဲ့ ကောလာဟလတွေကိုတော့ ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနက အခြေအမြစ် မရှိတဲ့ စကားတွေသာ ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ထိုင်းရဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနဟာ ရာထူးကနေ ဆိုင်းငံ့ခံထားရသူ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က ပူးတွဲဝန်ကြီးအဖြစ် ဦးဆောင်နေတဲ့ ဌာနပါ။ ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပရာဆော့ ရီယန်နန်က ချတ်ဒ်ထိုင်း ရိုးရာဝတ်စုံဟာ ထိုင်းလူမျိုးတွေရဲ့ အသိပညာ၊ လက်မှုအတတ်နဲ့ ကျွမ်းကျင်မှုတွေကို အကောင်းဆုံး ဖော်ညွှန်းပြနေတဲ့ အနုသုခုမ အတတ်ပညာတစ်မျိုးလို့ ညွှန်းဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအစိုးရဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု အခြေပြု ဩဇာဖြန့်ကျက် လွှမ်းမိုးရေး မဟာဗျူဟာကို အကောင်အထည် ဖော်နေပြီး အခုခြေလှမ်းကလည်း အဲဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်။

ချတ်ဒ်ထိုင်းဟာ ထိုင်းနိုင်ငံရဲ့ သင်္ကေတ တစ်ရပ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အစိတ်အပိုင်း အသီးသီးက လက်မှုအတတ် ပညာဆိုင်ရာ အတွေးအမြင်တွေကိုလည်း မျှဝေ ကိုယ်စားပြုပေးနေတယ်လို့ ပရာဆော့က ပြောပါတယ်။

ထိုင်းရိုးရာ ဝတ်စုံနဲ့ ပတ်သက်ပြီး တိကျတဲ့ စံနှုန်းတွေကို ၁၉၆၀ ပြည့်နှစ်မှာ မိဖုရားခေါင်ကြီး ဆီရိကစ်က ပြန်လည် သုတေသနပြု ဆန်းစစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အစိုးရရဲ့ အားပေး ပုံရိပ်မြှင့်တင်မှုတွေနဲ့အတူ ချတ်ဒ်ထိုင်းဟာ ထိုင်းပြည်သူတွေအတွက် အခမ်းအနားတွေမှာ ဂုဏ်ယူစွာ ဝတ်ဆင်တဲ့ အဆင်တန်ဆာ တစ်ခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။ တော်ဝင် အခမ်းအနားတွေ၊ တရားဝင် အခမ်းအနားတွေနဲ့ လက်ထပ်ပွဲတွေမှာလည်း ချတ်ဒ်ထိုင်းကို အမြတ်တနိုး ဝတ်ဆင်မှုတွေ ရှိလာခဲ့ပါတယ်။

ကမ္ဘောဒီးယားကလည်း ယူနက်စကို အသိအမှတ်ပြုခွင့်ရအောင် အဆိုတင်မယ့် မင်္ဂလာ အခမ်းအနား ရိုးရာဝတ်စုံမှာ ထိုင်းရဲ့ အငွေ့အသက်တွေ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့တော့ ပရာဆော့က အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာ ယဉ်ကျေးမှု ထုံးစံတွေ ကူးလူးယှက်နွှယ်မှု ရှိနေတတ်တာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူးလို့ပဲ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ယူနက်စကိုကလည်း ယဉ်ကျေးမှုဆိုတာ ပေါင်းကူးပေးတဲ့ တံတားတစ်စင်းသာဖြစ်ပြီး အတားအဆီး နံရံတစ်ခု မဟုတ်ဘူး ဆိုတာကို မကြာခဏ ပြောလေ့ရှိကြောင်း၊ ထိုင်းအနေနဲ့ကတော့ ကိုယ်ပိုင် ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာကြီးနဲ့ ဂုဏ်ယူစွာ ဝေမျှပြနိုင်ရေးကိုပဲ အဓိက အလေးထား လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။

ထိုင်းဟာ မွေထိုင်း ရိုးရာတိုက်ခိုက်ရေး အားကစားကိုလည်း ယူနက်စကိုရဲ့ ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် စာရင်းအတွက် အဆိုပြုထားပြီး အသိအမှတ် ပြုသင့်မပြုသင့် ဆိုတာကိုတော့ ၂၀၂၈ မှာ အဆုံးအဖြတ် ခံယူခွင့်ရမယ်လို့ သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။