Connect with us

Hi, what are you looking for?

ကဗျာ

‘စိမ်းမြသစ်တော နွေနေ့လယ်ခင်း‌များ’

◼️ဆူးနတ်သန်

ခရီး‌တထောက်နားပါ။ ရေကြည်အေး တခွက်သောက်ပါ။ စာအုပ်များ ယူဖတ်ခွင့် ရှိပါတယ်။ စာမျက်နှာများ ကျော်လွှား မဖတ်ပါနဲ့။ ဘဝဆိုတဲ့ စက္ကန့်တွေကို အပြည့်အဝ ခံစားပါ။ စကားလုံးတွေရဲ့ လေးနက်မှုဟာ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ပါတယ်။ စကားလုံးရဲ့ ဩဇာကြောင့်ပဲ ကမ္ဘာကြီး ရှင်သန်နေတာ မဟုတ်ပါလား။

ဓာတ်ပုံလေးတပုံ မြင်လိုက်ရတယ်။ မိုင်ပေါင်းများစွာ ဝေးကွာတဲ့အရပ်က လူတယောက် Facebook ပေါ်ကို ရိုက်တင်ထားတဲ့ ပုံတပုံ။ ရေညှိစိမ်းရောင် တလက်လက်ထနေတဲ့ သစ်တော လမ်းဘေးကကြောင်နှစ်ကောင် ကစားနေကြတဲ့ ဓာတ်ပုံတပုံ။

သစ်ပင်ရဲ့ပင်စည်မှာရေညှိစိမ်းတွေအလိပ်လိပ်တက်လို့ သက်တမ်းရှိ သစ်တောတတောဆိုတာ သက်သေပြနေတယ်။ ထိန်းသိမ်းနိုင်တဲ့ လူမှုအဖွဲ့အစည်းထဲက တန်ဖိုးရှိ ဂုဏ်သိက္ခာတရားတခုလို။

Public Service Announcement

Public Service Announcement

တောမှာ နေနိုင်လား အချစ်။ ကရုဏာကဲတဲ့ အမေးစကားတွေ။အင်ပင်ပေါက်တွေ ပေါပြီလား။

ကမလင်းရွက် ချဉ်ဟင်း စားဖြစ်လား။ မှိုကောက် ထွက်ဖြစ်လား။ မိုးဦးကျ မိုးကြိုပန်းတွေ ပွင့်နေကြမှာပဲ။ သတင်းစကား အမြဲ ပြန့်ကားထွက်တဲ့ တောမှာ အင်သား ပိုလုံးလေးတွေပေါ် ကျောတခင်းဟာ ကျန်းမာရေး အသင့်အတင့် ကောင်းစေလိမ့်မယ်။

လေနုအေးရဲ့ အေးငြိမ့်ငြိမ့် တိုက်ခတ်မှုကို ဆံနွယ်တွေ ဖြန့်ထားရင်း တည်တည်ငြိမ်ငြိမ် ခံစားမိလိမ့်မယ်။

နေကြဲကြဲတောက်အပူကို ထန်းရွက်နဲ့ သက်ငယ်မိုးအရိပ်အောက်ကနေ ကွမ်းတညက်ခန့်အကြာ ထိုင်လိုက်ရင် အမောပြေလိမ့်မယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးတဲ့။ လယ်ထဲမှာ တနေကုန်ပဲ အချစ်ရယ်။ မိုးဦးကောင်းတဲ့ ဒီနှစ်မှာ မှားကွက်တွေ ညံ့ကွက်တွေဆေးကြောပစ်ပြီး မြေဆီလွှာအသစ် ဖန်တီးမယ်။

ချဉ်ဓာတ်ပြည့်နေတဲ့ မြေဆီမြေအနှစ်ကို ကိုယ့်နှလုံးသားကို ချစ်ရသူကို စောင့်ရှောက်သလိုမျိုးထိန်းသိမ်းကြည့်ရှုမယ်။

ပြန်လာမယ့်သူကို စိုက်ပျိုးခင်းနဲ့ ကြိုမယ်။

အပင်တွေကို အသက်ဓာတ်လို ချစ်တဲ့ ချစ်သူနဲ့အတူ တောတောင်အနှံ့ သစ်မာပင်လေးတွေ သွားသွားစိုက်ကြမယ်။ ရွာကလေးကို ရေမတိုက်စားအောင် ရေကာတာ အသစ်တည်ပေးမယ်။ မြေစိုက်အိမ်လေးတလုံးကို နှစ်ကုန်ကျ အကျအန ဆောက်ပေးမယ်။ တောမှာ နေပျော်ဖို့ စိတ်အခန်းလွတ်တွေကို စာအုပ်စင်တွေနဲ့ ဖြည့်ပေးမယ်။

ကိုယ်တို့မှာ ကိုယ်တို့ပဲပေါ့။ တယောက်နဲ့တယောက် ပေါင်းရင် လေပြင်းမုန်တိုင်းတွေဟာ ကျောက်သားနံရံနဲ့ တွေ့ရသလို ရပ်တန့်စေရမှာပဲပေါ့။ အချစ်ဆိုတာ သစ်မာပင်လေး တပင်ပါ။

ရင့်မာဖို့ အချိန်ယူရတယ်။ ရှင်သန်ဖို့ အချိန်ယူရတယ်။ အနှစ်သာရထည့်ဖို့ ကြာမြင့်တယ်။

ကျွန်းရွက်တွေဟာ ဩဘာပေးနေကြပြီ။

နွေ‌နေ့လယ်ခင်းများဟာ တိတ်ဆိတ်ပါတယ်။

နားလည်ကြသူတို့အဖို့လည်း ဆိတ်ငြိမ်ကြပါတယ်။ ပျိုးခင်းတလျှောက် ဖြတ်တိုက်ခတ်လာတဲ့ လေပြည်ဟာ လတ်ဆတ်ပါတယ်။ စိတ်နဲ့ ခမ်းနားလိုက်ရတဲ့ ဆက်ဆံရေးများကို တည်ဆောက်ကြပါစို့ အချစ်ရယ်။ ကမ္ဘာကြီးဟာ အမျက်ဒေါသတွေကြောင့် ကြေမွခဲ့ကြပြီ။ ကိုယ်တို့ နားလည်ကြရအောင်။ လက်ခံကြရအောင်။ မေတ္တာမျှကြရအောင်။ ။

( “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ဆူးနတ်သန်’ ရဲ့ “စိမ်းမြသစ်​တော​နွေ နေ့လယ်ခင်းများ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …