ဩဂုတ်-၈၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့အနီးပတ်လည်မှာရှိတဲ့ရွှေမင်းဂံရေတပ်၊ ဒကစစစ်တွေအပါအဝင် တပ်ရင်း၊ စခန်းတွေတိုက်ခိုက်ခံနေရတဲ့အာဏာသိမ်းစစ်တပ်ဟာစစ်တွေမြို့ဝင်ပေါက်နေရာတွေ၊ တံတားတွေနဲ့ အဆောက်အဦးကြီးတွေမှာ နေရာယူ စခန်းချကာ ခံစစ်အနေအထားပြင်ဆင်လာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့ရဲ့အရှေ့မြောက်ဘက်နဲ့ မြောက်ဘက်မှာရှိတဲ့ဆတ်ရိုးကျတံတားသစ်၊ဆတ်ရိုးကျ(ကယ်ဆယ်ရေး)တံတားနဲ့ အဲဒီအနီးဝန်းကျင်ဆတ်ရိုးကျရပ်ကွက်ရှိ နေအိမ်တွေ၊ စစ်တွေမြို့ကမ်းခြေအနီးရှိ နေအိမ်တွေမှာ နေရာယူပြီး စစ်စခန်းအသွင် ကာကင်းတွေ ဆောက်လုပ်နေတာလို့ သိရပါတယ်။
“မြို့ထဲကအစိုးရရုံးရှိတဲ့မေယုလမ်းထဲအိမ်ကြီးတွေမှာလည်း နေရာယူထားတာရှိတယ်။ နောက်ပြီးတော့ဆတ်ရိုးကျ(ကယ်ဆယ်ရေး)ဘက်မှာနေတယ်။အဲဒီမှာဆိုရင်အိမ်တွေပါဖြိုပြီးဘန်ကာဆောက်နေတာ။အဲဒါကမြို့အဝင် လေ။တော်တော်ကြောက်နေကြတယ်ထင်တယ်”လို့ စစ်တွေမြို့ထဲမှာနေထိုင်သူတဦးက ပြောပါတယ်။

Public Service Announcement
ဆတ်ရိုးကျရပ်ကွက်မှာပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက စစ်စခန်းချဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီးအခုအခါဘန်ကာတွေပါဆောက်ထားပြီလို့ ဆိုပါတယ်။
“ကိုယ်တိုင်တော့မရောက်ဖြစ်ဘူးအဲဒီဘက်ကို။ မြင်ခဲ့တဲ့သူတွေပြောတာ ကားလမ်းနဲ့တံတားနားမှာဘန်ကာတွေလုပ်ထားတယ်တဲ့” လို့စစ်တွေမြို့ခံကဆိုပါတယ်။
ဆတ်ရိုးကျတံတားသစ်ဟာ အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ရွှေမင်းဂံရေတပ်စခန်းနဲ့ နှစ်မိုင်ဝန်းကျင်အကွာမှာ တည်ရှိပြီး စစ်တွေမြို့နဲ့ ကျေးတော(ရွာမ)၊ကျေးတော(ပိုက်ဆိပ်)၊ရွှေမင်းဂံ(ချောင်းနွယ်)ရွာတို့ကိုခြားထားတဲ့ဆတ်ရိုးကျချောင်းကို ဖြတ်ထိုးထားတဲ့တံတားဖြစ်ပါတယ်။
ဆတ်ရိုးကျ(ကယ်ဆယ်ရေး)တံတားဟာလည်းရွှေမင်းဂံရေတပ်စခန်း၊အမှတ်(၁၂)ရဲတပ်ရင်း၊စစ်တွေတပ်နယ်တို့ နဲ့ နီးပြီးစစ်တွေမြို့ကိုကာရံစီးဆင်းနေတဲ့ဆတ်ရိုးကျချောင်းပေါ် ထိုးထားတဲ့ တံတားငယ်တခုဖြစ်ကာစစ်တွေမြို့လယ်ရဲ့မြောက်ဘက်မှာတည်ရှိပါတယ်။
ဆတ်ရိုးကျ(ကယ်ဆယ်ရေး)ရပ်ကွက်အပြင် စစ်တွေမြို့ထဲ မင်းဘာကြီးလမ်း၊ မေယုလမ်းတို့ရှိ အိမ်ရှင်တွေ မရှိတဲ့ အိမ်ကြီးတွေနဲ့ စစ်တွေကမ်းခြေဟိုတယ်အနီးတဝိုက်နေအိမ်နဲ့ လမ်းတွေမှာလည်း နေရာယူ၊ စခန်းချနေကြတယ် လို့ စစ်တွေမြို့ထဲ နေထိုင်သူတွေက ပြောကြပါတယ်။
“ကမ်းနာလမ်းကဘန်ကာတွေမှာလည်း စစ်သားတွေတွေ့တယ်။အရင်ကဘန်ကာရှိပေမယ့်စစ်သားတွေမနေဘူး။အခုစစ်သားတွေပါ ချထားတာတွေ့တယ်။ညဘက်လည်းတွေ့တယ်”လို့စစ်တွေမြို့ပြည်တော်သာရပ်ကွက် မှ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တပ်ကမြို့ထဲလူနေအိမ်တွေဖြိုဖျက်ပြီး ဘန်ကာဆောက်စခန်းချနေသလို ညဘက်ဆိုရင်လည်းတညလုံးနီးပါး စစ်ကားငါးစီးဝန်းကျင်နဲ့ ကင်းလှည့်တာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။
စစ်တပ်ဟာပြီးခဲ့တဲ့၂၀၂၄စစ်တွေတိုက်ပွဲတွေစဖြစ်ကတည်းကမြို့ထဲအိမ်ကြီးတွေမှာ နေရာယူနေခဲ့တာဖြစ်ပေမယ့်အခုရက်ပိုင်းအတွင်းမှာတော့မြို့ထဲဘန်ကာတွေပါဆောက်ပြီး စစ်စခန်းပုံစံမျိုးသေချာလုပ်နေကြတာလို့ ဆိုပါတယ်။
အခုရက်ပိုင်းစစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်ရဲတပ်စခန်းတွေကိုအာရက္ခတပ်တော်(AA)ကဒရုန်း၊ အဝေးပစ်လက်နက်ကြီးတွေနဲ့လှမ်းပစ်တာတွေဆက်တိုက်ရှိနေပြီးစစ်ကောင်စီတပ်သားအချို့သေဆုံး၊ထိခိုက်ခဲ့တယ်လို့ AA သတင်းရင်းမြစ်တဦးကပြောပါတယ်။
“လက်နက်ကြီးနဲ့ နေ့တိုင်းချနေတာဒီကောင်တွေထိတယ်။အရေအတွက်ကတော့မသိရဘူး။ကျားမသောက်တပ်ရင်းကို နှစ်လုံးကျသွားတယ်လွန်ခဲ့တဲ့ငါးရက်လောက်က။ရဲတပ်ရင်း၁၂ကိုလည်းကိုယ့်လူတွေပစ်နေတယ်” လို့ ၎င်းက ဆိုပါတယ်။
အဲဒီလိုအထိအခိုက်ရှိပြီးနောက်ပိုင်း မြို့တွင်းမှာပါစစ်စခန်းတွေချ၊ခံစစ်ပြင်ဖို့လုပ်လာတာလို့ မြို့ခံတွေကပြောကြပါတယ်။စစ်တပ်ဟာစစ်တွေမြို့ကမ်းခြေ စစ်တွေဟိုတယ်နားကနေ မိဇံရပ်ကွက်ဘီလူးမတံတားနားထိခြံစည်းရိုးကာရံ ထားပြီး အဲဒီကမ်းခြေပတ်လည်တလျှောက်လုံးမှာလည်း ဘန်ကာတွေ ဆောက်ထားပါတယ်။
ဒါ့အပြင်မြစ်ကမ်းစပ်နဲ့ဆတ်ရိုးကျချောင်းတလျှောက်၊ ရွှေမင်းဂံ(ချောင်းနွယ်)ချောင်းကပ်စပ်တလျှောက်တို့မှာလည်း မိုင်းတွေ ထောင်ထားပါတယ်။အဲဒီမိုင်းတွေကြောင့် စစ်တွေမြို့ထဲကနေ ခိုးထွက်ကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ မိုင်းထိမှန်သေဆုံးခဲ့ကြရ တာတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာ စစ်တွေမြို့အရှေ့မြောက်ဘက် ကုလားတန်မြစ်ကမ်းဘေးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်းရွှေမင်းဂံရေတပ် ၊မြို့အနောက်ဘက်မှာရှိတဲ့ရေချမ်းပြင်အနီးဝန်းကျင်ရှိတပ်စခန်းတွေ၊မြို့မြောက်ဘက်အမြင့်ကျွန်း၊ပါဒလိတ်အနီးတဝိုက်ကာကင်းတွေနဲ့ ဒကစ စစ်တွေအနီးကာကင်းတွေကိုAAကတိုက်ခိုက်နေပြီးကာကင်းစခန်းအချို့ သိမ်းပိုက်ရရှိထားပါတယ်။
ရေတပ်စခန်းနဲ့ ကာကင်းတွေကို တိုက်ခိုက်နေသလို ရေတပ်အနီးဝန်းကျင်နဲ့ စစ်တွေမြစ်ပြင်မှာ ရပ်နားထား တဲ့ စစ် သင်္ဘောတွေကိုလည်း ကုလားတန်မြစ်ပြင်ကနေ Speed Boat တွေနဲ့ သွားလာ၊ ပစ်ခတ်တာတွေ ရှိနေကာ AA ရဲ့ ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ မေလကုန်အတွင်းက စစ်တွေမှာ စစ်တပ်သင်္ဘောတစီး ထိမှန်ခဲ့ပါတယ်။
AAဟာစစ်တွေမြို့ရဲ့အနောက်ဘက်ရသေ့တောင်မြို့နယ်၊မြောက်ဘက်ပုဏ္ဏားကျွန်းမြို့နယ်နဲ့ အရှေ့ဘက် ပေါက်တောမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထားပြီးအဲဒီမြို့နယ်တွေနဲ့အစပ်နေရာတွေကနေဝန်းရံပိတ်ဆို့ကာစစ် တပ်ကာကင်းစခန်းတွေကို တခုချင်းထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏထုတ်ပြောထားတဲ့ AA ဟာ ရခိုင်ပြည်နယ်အ တွင်းကလက်ကျန်မြို့ဖြစ်တဲ့စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်နေခဲ့တာပါ။ စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေအခြေစိုက်ထားပြီးအခြားအခြေစိုက်တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ကျော်ရှိပါတယ်။
AAတပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။


















































