ဇူလိုင်-၁၆၊ ၂၀၂၅။ People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒီကနေ့ (ဇူလိုင် ၁၆ရက်) မနက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။
နောင်ချိုမြို့နဲ့ မိုင်(၂၀)နီးပါးကွာဝေးတဲ့ တောင်းခမ်းဒေသက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ နောင်ချိုမြို့ကို ဇူလိုင် ၁၃ရက် ညနေပိုင်းမှာ မြို့ကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ မနေ့က(ဇူလိုင် ၁၅ရက်)မှာ မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ မြို့မဈေးကိုထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
မြို့တောင်ဘက်က ရပ်ကွက်တွေနဲ့ မြို့လယ်နေရာတွေကိုစစ်တပ်ကရရှိခဲ့ပြီး မြို့ရဲ့အနောက်မြောက်ဘက်က ဘူတာရပ်ကွက်ကိုတော့ စစ်တပ်က မထိန်းချုပ်နိုင်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
နောင်ချိုမြို့ရဲ့ ဘူတာရပ်ကွက်မှာတော့ ဒီမနက်ပစ်ခတ်မှုတွေဖြစ်ပြီး တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီမနက် တိုက်ပွဲပြန်ဖြစ်တယ်။ ဘူတာဘက်မှာ။ တော်လှန်ရေးဘက်က ပြန်ပစ်နေတဲ့ ပုံစံပဲ။ စစ်တပ်ကလည်း ဘုန်းကြီးကျောင်းတွေက စစ်ရှောင်တွေကို နေအိမ်တွေပြန်နေခိုင်းနေတယ်လို့လည်း ပြောတယ်”လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ စတင်ဝင်ရောက်လာချိန်မှာ လက်နက်ကြီးတွေနဲ့ ဒရော့ဗုံးတွေနဲ့မြို့တွင်းထဲကို ပစ်ခတ်ပြီး ဝင်ရောက်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့ကြောင့် မြို့ပေါ်က နေအိမ်အများစု ပျက်စီးခဲ့ရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
” ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့အကုန်ပစ်တာ။ နေအိမ်တွေ မီးလိုက်ရှို့နေတာလည်းရှိသေးတယ်”လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။
၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပထမဆုံးသိမ်းပိုက်ရခဲ့တဲ့ နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို တစ်နှစ်ပြည့်ချိန်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ရရှိခဲ့တာဖြစ်ပါတယ်။
နောင်ချိုမြို့တိုက်ပွဲနဲ့ပတ်သက်လို့ တအာင်းတပ်မတော်(TNLA)နဲ့ ဓနုတပ်(DPLA)တို့ကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
နောင်ချိုမြို့ကို TNLAနဲ့ ပူးပေါင်းတပ်တွေက ၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးစတင်တဲ့နေ့မှာဘဲ အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပေမယ့်မြို့ရဲ့တောင်ဘက်က အမြောက်တပ်ရင်းတွေရှိနေတဲ့ တောင်းခမ်းရွာကို တစ်နှစ်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့ အမတ(၃၅၄)၊ အမတ (၂၀၆)နဲ့ အမတ(၄၀၆)တပ်ရင်းတို့ ရှိပါတယ်။
တောင်းခမ်းဒေသကအမြောက်တပ်တွေရှိတဲ့နေရာမှာ တစ်နှစ်နီးပါးကြာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်တပ်တွေ ထိခိုက်မှုတွေများခဲ့ပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး အင်အားအလုံးအရင်းတိုး၊ တပ်တွေချိန်းပြီး ထိုးဆင်မှုတွေ စတင်လုပ်လာပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်ကောင်စီတပ်ဟာ တောင်းခမ်းရွာနားက မဲပုတ်ရွာကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကနေ တဖြည်းဖြည်း နောင်လင်ရွာကို ထပ်မံသိမ်းပိုက်ပြီးနောက် နောင်ချိုမြို့ထဲအထိ ရောက်လာတာဖြစ်ပါတယ်။
နောင်ချိုမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော်(TNLA)ကတော့ မြို့ကို လက်လွှတ်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၅ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားထားပါတယ်။
“လက်ရှိအချိန်အထိ ကျမတို့ နောင်ချိုကို လက်လွှတ်ရတာမျိုး၊ နောင်ချိုလက်လွှတ်ဖို့ ဆုံးဖြတ်ချတာမျိုး မရှိသေးပါဘူး။ ခုခံကာကွယ်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်”လို့ လွေးယေဦးက ပြောခဲ့ပါတယ်။




















































