ဇူလိုင်-၁၇၊၂၀၂၅။ရှိန်း/People’s Spring
မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘောတွေ ၊တိုက်ခိုက်ရေး ရေယာဥ်တွေပါတဲ့ ရေယာဥ် ၂၂ စီးဟာ ဧရာဝတီမြစ်အတိုင်း အပေါ်ဘက်ကို ဒီနေ့ မနက်စတင်ထွက်သွားပြီလို့ မြို့ခံ တွေကပြောပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့၊ မနက်ပိုင်းမှာဧရာဝတီမြစ်ကနေ အထက်ကို ဆန်တက်တဲ့ရေယာဥ်အုပ်စုမှာစစ်သင်္ဘော ၅ စီး နဲ့ တိုက်ခိုက်ရေး ရေယာဉ်တွေပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။စစ်သင်္ဘောတွေထဲမှာ မန္တလေးမြို့၊ပုသိမ်ကြီး မြို့နယ်မှာရှိတဲ့ တပ်မ ၃၃ လက်အောက်ခံ အမှတ် ၄ ခြေမြန်တပ်ရင်း( ခမရ-၄ )မှာစစ်သင်တန်းပေးထားတဲ့ စစ်မှုထမ်းအပတ်စဉ်၁၃ ၊ ၁၄ ဆင်းစစ်သားသစ် အင်အား ရာဂဏန်းအထက် ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ထဲကအင်အားရာဂဏန်း နဲ့စစ်ဆေးဆရာဝန်၊စစ်အရာရှိ၊ဗျူဟာမှူးတို့ပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။
ဒါ့အပြင်လက်နက်ခဲယမ်းတင်လာတဲ့သင်္ဘောတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement
“လေကြောင်းပစ်ကူပါတယ်။အခုတော့ မြစ်ကမ်း ဘေးရွာတွေကတော့ရှောင်နေကြပြီ”လို့ ဒေသခံ တဦးကပြောပါတယ်။
ဒီရေလမ်းကြောင်းကိုစစ်ကောင်စီအသုံးမပြုတာ၆ လ ကျော်ကြာခဲ့ပြီးတဲ့နောက်ပထမဆုံးပြန်လည်အသုံးပြုခဲ့တာလို့ဒေသခံအချို့ကပြောပါတယ်။
စစ်ကောင်စီက အရင်ကတော့ ဒီရေလမ်း ကြောင်းကိုအသုံးပြုပြီးတော့ကသာ၊ထီးချိုင့်၊စဉ့်ကူး၊သပိတ်ကျင်း၊မတ္တရာမြို့နယ်တို့ကို စစ်ကြောင်းထိုးတာတွေ ပြုလုပ်ခဲ့ပါတယ် ။ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးမှာ စဉ့်ကူးမြို့နယ်ကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်ဒီရေလမ်းကြောင်းကို စစ်ကောင်စီအသုံးမပြုနိုင်တော့ပဲရပ်နားထားတာဖြစ်ပါတယ် ။
လတ်တလော မြစ်ကမ်းတလျှောက်က မတ္တာရမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်နေသလို ဧရာဝတီမြစ်အထက်ပိုင်းကဗန်းမော်မှာလည်းစစ်တပ်က KIA နဲ့မဟာမိတ်တပ်တွေရဲ့ ပိတ်ဆို့ဝိုင်းရံမှုကိုခံနေရတာပါ။ဒါကြောင့်ရေယာဥ်အုပ်စုဟာ ဗန်းမော်ကို စစ်ကူနဲ့ညရိက္ခာတွေ ပို့ဖို့လို့ ခန့်မှန်းပြောနေကြသလို ၊ မတ္တရာ ၊သပိတ်ကျင်းနယ်တွေကိုစစ်ကူပို့တာလို့ ခန့်မှန်းပြောကြားမှူတွေလည်းရှိနေပါတယ် ။
စစ်တပ်က မိုးရာသီမှာ ဧရာဝတီ မြစ်နဲ့ ချင်းတွင်းမြစ်ရေကြီးချိန်မှာမြစ်အထက်ပိုင်းကစစ်တပ်စခန်းတွေကို စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေပို့ဖို့ ကြံစည်နေတာဖြစ်ပါတယ်။


















































