ဂျပန်ပင်လယ်ထဲမှာ တရုတ်နဲ့ ရုရှားရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု စတင်နေကြောင်း သိရပါတယ်။
အမေရိကန် ဦးဆောင်တဲ့ အနောက်မဟာမိတ် အင်အားစုတွေက ကမ္ဘာ့ရေးရာ ကဏ္ဍအသီးသီးမှာ ဩဇာ လွှမ်းမိုးထားတာကို တန်ပြန်ဖို့အတွက် တရုတ်နဲ့ ရုရှားတို့ကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထင်သာမြင်သာ အရှိန်မြှင့်တင်လာခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲကြောင့် ရုရှားဟာ အနောက်နိုင်ငံတွေဆီက ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကြုံတွေ့ခဲ့ချိန်မှာလည်း တရုတ်ဟာ ရုရှားနိုင်ငံရဲ့ စီးပွားရေးအတွက် အသက်ရှူပေါက်ရအောင် အများကြီး အကူအညီတွေ ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ရုရှားပိုင် ဗလာဒီဗိုစတော့ခ် ကမ်းလွန်ရေပြင်မှာ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု အစီအစဉ် စတင်ခဲ့တယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

Public Service Announcement
အဲဒီ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုအတွင်း ရုရှားနဲ့ တရုတ် ရေတပ်တွေဟာ ရေငုပ်သင်္ဘော နစ်မြုပ်မှု ကယ်ဆယ်ရေး၊ ရန်သူ့ ရေငုပ်သင်္ဘောတွေကို ခြေရာခံ ချေမှုန်းရေး၊ လေကြောင်းကာကွယ်ရေး၊ ဒုံးကျည် ကြားဖြတ် ဟန့်တားရေး မစ်ရှင်တွေကို လက်တွဲ လုပ်ဆောင်သွားမယ်လို့ ရုရှားကလည်း ထုတ်ပြန်ပါတယ်။
အဲဒီ အစီအစဉ်အတွက် တရုတ်ရေတပ်ဟာ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတွေဖြစ်တဲ့ ရှောင်ကျင်းနဲ့ အိုရွမ်ချီတို့ အပါအဝင် ရေယာဉ် ၄ စီးကို ရုရှားဆီ စေလွှတ်ပေးခဲ့ပါတယ်။ အဲဒီ စစ်ရေး လေ့ကျင့်မှု အပြီးမှာတော့ နှစ်နိုင်ငံ ရေတပ်တွေဟာ ပစိဖိတ် သမုဒ္ဒရာထဲက သတ်မှတ်လျာထားတဲ့ ရေပြင်ဧရိယာ တချို့မှာ ပူးပေါင်းကင်းလှည့် ခုတ်မောင်းမယ်လို့လည်း သိရပါတယ်။
တရုတ်နဲ့ ရုရှားတို့ဟာ Joint Seaလို့ နာမည်ပေးထားတဲ့ ရေတပ်ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို ၂၀၁၂ ကစလို့ နှစ်စဉ် လုပ်ဆောင်ခဲ့ပြီး မကြာသေးခင် နှစ်ပိုင်းတွေမှာတော့ ပူးပေါင်း လေ့ကျင့်မှုတွေကို ပိုပြီး သိသိသာသာ အရှိန်မြှင့်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စစ်ရေးလေ့ကျင့်မှုကိုတော့ တရုတ်ရဲ့ တောင်ပိုင်း ကမ်းလွန်ရေပြင်တွေမှာ လုပ်ဆောင်ခဲ့ပါတယ်။
ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒေသတွင်းမှာ တရုတ်နဲ့ ရုရှားတို့ကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာခြင်းဟာ လုံခြုံရေးအရ ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရုရှားကတော့ အခုလို စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေဟာ တခြားနိုင်ငံ တစ်ခုခုကို ထိပါး ရန်လိုတဲ့ အဓိပ္ပါယ် မဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။
ကိုးကား: Al Jazeera


















































