■ပြည်သူမထောက်ခံသည့် ရွေးကောက်ပွဲ အကျိုးမရှိ၊ ပိုရှုပ်ထွေးစေဟုဆို
■ကျောက်ဖြူရဲတပ်ရင်း၌ တိုက်ပွဲပြင်းထန်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောကို စစ်ကောင်စီ လက်နက်ကြီးဖြင့် တိုက်ခိုက်နေဟု AAပြော
ဩဂုတ်-၁၁၊ ၂၀၂၅။ နေ့သစ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို ရက္ခိုင်ပြည်နယ်အတွင်း ပြုလုပ်ခွင့်မပေးဟု ရက္ခိုင်ပြည်နယ်၊ မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့(ဩဂုတ် ၁၁ရက်)တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

Public Service Announcement
စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သတင်းထောက်တဦး၏ မေးခွန်းမေးမြန်းမှုအပေါ် ဦးခိုင်သုခက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲဆိုတာက ပြည်သူလူထုကို အခြေပြုပြီးလုပ်ရတာဖြစ်ပါတယ်။ ပြည်သူလူထု ထောက်ခံမှုမရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်သူအတွက် အကျိုးမဖြစ်နိုင်တဲ့အပြင် ပြည်သူတွေအတွက် ရှုပ်ထွေးမှုတွေပိုလိုဖြစ်စေမယ်လို့ မြင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာများ၌ ရွေးကောက်ပွဲ လုပ်၍ ရနိုင်သော်လည်း AA ထိန်းချုပ်ထားသည့် နေရာ၌ ရွေးကောက်ပွဲ လုပ်ခွင့်ပေးမည်မဟုတ်ဟု ၎င်းက အသိပေးသည်။
“ဘာကြောင့်လဲဆိုတော့ ရက္ခိုင်ပြည်မှာ ဗမာအစိုးရ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဆိုတာ ရက္ခိုင်ပြည်သူတွေကို တစုံတရာ အကျိုးပြုခဲ့တာမရှိဘူး” ဟု ဦးခိုင်သုခက ပြောသည်။
ထို့ကြောင့် ရက္ခိုင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို စိတ်မဝင်စားသည်မှာ သေချာကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ရက္ခိုင်ပြည်နယ်အတွင်း လက်ရှိ စစ်ရေးအခြေအနေများကို ဦးခိုင်သုခက အသိပေးခဲ့ရာ စစ်ရေးနှင့်ပတ်သက်၍ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ အကန့်အသတ်ဖြင့်သာ ထုတ်ပြန်သည်ဟု ပြောသည်။
“ကျောက်ဖြူ ရဲတပ်ရင်း (၃၂) နားတ၀ိုက်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ စစ်တွေ စစ်မျက်နှာမှာ ပေါက်တော ၊ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်ကို ရန်သူဘက်ကလက်နက်ကြီးနဲ့တောက်လျှောက်ပစ်ခတ်နေတာရှိပါတယ်” ဟု ဦးခိုင်သုခက ပြောကြားသည်။


















































