Connect with us

Hi, what are you looking for?

သတင်း

တရုတ်က စစ်ကောင်စီအား စစ်လက်နက်များထောက်ပံ့ပြီး စစ်ရာဇဝတ်မှုကျူးလွန်မှုများ အားပေးနေဟု တအာင်းအရပ်ဖက်အဖွဲ့များ ထုတ်ပြန်

နှစ်လကျော်အတွင်း စစ်ကောင်စီ လက်ချက်ကြောင့် TNLAနယ်မြေရှိ ပြည်သူ ၅၆ဦးသေဆုံး

ပြီးခဲ့သည့် ဇူလိုင်အတွင်းက မိုးကုတ်မြို့ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဩဂုတ်−၁၄၊ ၂၀၂၅။ထားမြတ်/People’s Spring

လူထုနေထိုင်ရာနေရာများအား နေ့စဉ်လေကြောင်းဖြင့် ဦးတည်ဗုံးကြဲတိုက်ခိုက်သော အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSN ထုတ်ပြန်ခဲ့ပြီး တရုတ်အစိုးရသည် စစ်ကောင်စီ၏ ရာဇဝတ်မှု ကျူးလွန်မှုများကို အားဖြည့်ဆောင်ရွက်ပေးနေကြောင်း ဖော်ပြထားသည်။

တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)၊ တအာင်းဥပဒေအထောက်အကူပြု ဖောင်ဒေရှင်း (TLAF)၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)၊ တအာင်းပညာရေးအင်စတီကျူ့ (TEI)၊ တအာင်းကျန်းမာရေးအဖွဲ့အစည်း (THO)နှင့် တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ (TEWG) တို့က ဩဂုတ် ၁၃ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့် လပိုင်းအတွင်း တအာင်းတပ် PSLF/TNLA ထိန်းချုပ်ဒေသ၌ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံး အခြေအနေများကိုလည်း ဖော်ပြခဲ့သည်။

“တလျှောက်လုံးတရုတ်အစိုးရက မြန်မာ့နိုင်ငံရေးပြဿနာကို ကူညီဖြေရှင်းပေးသယောင် အမှန်က သူရဲ့ Self interested အတွက်ပါ။မြန်မာနိုင်ငံကိုဒီမိုနိုင်ငံ မဖြစ်စေချင်ဘူး။ အနောက်နိုင်ငံနဲ့ ပိုနီးစပ်သွားမှာ စိုးရိမ်သလို သူရဲ့ ရင်းနှီးမြှုပ်မှုတွေကို ထိခိုက်မှာလည်း စိုးရိမ်ပုံရတယ်။”ဟု တအာင်းအရပ်ဖက်အဖွဲများပူးတွဲကြေညာချက် ပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။

Public Service Announcement

Public Service Announcement

PSLF/TNLA ထိန်းချုပ်ထားသည့် မြို့နယ်များ ပြန်လည်ရရှိရေးနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီက လူနေထူထပ်သည့်မြို့တွင်းနှင့် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိဦးတည်ပြီးနေ့စဉ်မပြတ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဇွန်လမှ ဩဂုတ် ၁၃ရက်အထိ ၂လကျော်အတွင်း မိုးကုတ်၊ ကွတ်ခိုင်၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်များ၌ စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်ပြည်သူနှင့် ကလေးငယ် ၁၃ ဦး အပါအဝင် အရပ်သားပြည်သူများ ၅၆ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၈ ဦးအပါအဝင် ၁၃၆ ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

ပြည်သူလူထု နေအိမ် ၂၁၈ အိမ်၊ စာသင်ကျောင်း ၈ ကျောင်း၊ သာသနာ့အဆောက်အဦး ၈ ခု၊ ဆေးရုံ ၃ ခု၊ ဟိုတယ် ၃ ခုနှင့် အခြားအဆောက်အဦး ၂၃ ခု ထိခိုက် ပျက်စီးခဲ့ဟု ဆိုသည်။

အခြားတစ်ဖက်တွင် တရုတ်အစိုးရသည် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းကာ ညီနောင်မဟာမိတ် အဖွဲ့ဝင် ဖြစ်သည့် တအာင်းတပ်မတော် – PSLF/TNLA မှ ထိန်းချုပ်ထားသောဒေသများ ပြန်လည်ပေးအပ်ရေးအတွက် နိုင်ငံရေးနှင့်စစ်ရေး ဖိအားပေးမှု၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်များ ဖြတ်တောက်မှု၊ ကျန်းမာရေး ဆေးဝါးဖြတ်တောက်မှု၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေး ဖြတ်တောက်မှု စသည့် နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက်ဖိအားပေးလျှက်ရှိကြောင်း တအာင်းအရပ်ဖက်အဖွဲ့များက ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီအား ခေတ်မီ စစ်လက်နက်ပစ္စည်းများ၊ နည်းပညာများ ထောက်ပံ့ပေးပြီး စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှု များအတွက် ပိုမိုအားဖြည့် ပေးလျှက်ရှိဟု​ဖော်ပြထားသည်။

PSLF/TNLAခေါင်းဆောင်တဦးဖြစ်သည့် အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း တော်လှန်ရေး၌ ရင်ဆိုင်နေရသည့် အကြီးမားဆုံး အခက်အခဲကို ယခုရက်ပိုင်းတွင် လူမှုကွန်ရက်၌ ရေးသားခဲ့ရာ လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့သည့် မြန်မာ စစ်အာဏာရှင်များ၏လုပ်ရပ် နှင့် ကိုယ်ကျိုးစီးပွားတခုတည်းကြည့်သည့် တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ ဖြစ်ဟု အသိပေးထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်နိုင်ရေးအတွက် စစ်ကောင်စီကို အရေးယူနိုင်ရေး အပါအဝင် အချက် ၅ချက်ကို တအာင်းအရပ်ဖက်အဖွဲ့များက တောင်းဆိုခဲ့သည်။

စစ်ကောင်စီထံ လေယာဉ်ဆီအပါအဝင် ခေတ်မှီသည့် စစ်လက်နက်ပစ္စည်းများ ပံ့ပိုးမှု ပေးနေသည့် နိုင်ငံများ၊ လုပ်ငန်းရှင်များ နှင့် အိမ်နီးချင်းနိုင်ငံများအားလုံး ချက်ချင်းရပ်တန့်ပေးရန် တအာင်းအရပ်ဖက်အဖွဲ့များက တောင်းဆိုသည်။

စီးပွားရေးလမ်းကြောင်းဖြင့် စစ်ကောင်စီအား ကူညီပံ့ပိုးပေးနေသည့် လုပ်ငန်းရှင် ခရိုနီများ နှင့် အကျိုးစီးပွားအရ လက်တွဲနေသည့် အခြားနိုင်ငံများကို စီးပွားရေးအရ ပိတ်ဆို့မှုများ ထိရောက်စွာ ဆောင်ရွက် ပေးရန်လည်း တောင်းဆိုထားသည်။

ထို့ပြင် နိုင်ငံတကာမှ ချမှတ်ထားသည့် ဥပဒေများအား ပြောင်ပြောင်တင်းတင်းကျူးလွန် ချိုးဖောက်လျက် ရှိသော အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ အမြန်ဆုံးအရေးယူနိုင်ရန်အတွက် လုပ်ဆောင်ရန်၊ စစ်ပဋိပက္ခကြောင့်ခံစားနေရသည့် ပြည်သူလူထုများအားလုံးအတွက် ထိရောက်သည့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ဆောင်ရွက်ပေးရန် တအာင်းရပ်အဖွဲ့များ၏ တောင်းဆိုချက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားနိုင်ရေးအတွက် ဖက်ဒရယ်ယူနစ်များ၊ ဒေသန္တရအစိုးရအဖွဲ့များနှင့်အတူ အသိအမှတ်ပြု လက်တွဲ လုပ်ဆောင်ရန်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝန်းအား တအာင်းအရပ်ဖက်အဖွဲ့များက တောင်းဆိုခဲ့သည်။

“ဒီထုတ်ပြန်ချက်က အမှန်တကယ်ဟုတ်ပါတယ်။ TNLA အတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်ပြောသလို တရုတ်ရဲ့ဩဇာလွှမ်းမိုးချုပ်ကိုင်မှုက တော်လှန်ရေးမှာ အကြီးမားဆုံး အခက်အခဲဖြစ်နေတာပါ ။တရုတ်အစိုးရသာ စကစကို မကူရင် ၂၀၂၄ ကတည်းက မင်းအောင်လှိုင်နဲ့ စစ်အုပ်စု ပြုတ်သွားလောက်ပြီ။ခုအခြေအနေအရဆို စစ်ကောင်စီနဲ့ တရုတ်အစိုးရကြား ကြီးမားတဲ့ အပေးအယူတစ်ခုခုတော့ ရှိပြီးသားပါ ၊ ကိုယ်ကျိုးပဲကြည့်တတ်တဲ့ တရုတ်အစိုးရက သူ့အတွင် ပထဝီဝင်စစ်ရေး နိုင်ငံရေး စီးပွါးရေး လုံခြုံရေးအရ အရေးကြီးတဲ့ မြန်မာနိုင်ငံကို အနောက်အုပ်စု ( ဖက်ဒရယ် ဒီမိုကရေစီစနစ် ) ဆီကို အကျခံမှာမဟုတ်ဘူး”ဟု ရှမ်းမြောက်အရေး လေ့လာသူ တဦးက ပြောသည်။

တရုတ်အစိုးရ၏ဖိအားပေးမှုမှာ TNLA တပ်ဖွဲ့အား အဓိက ဦးတည်လာသည့်အ‌ခြေအနေအပေါ် ကျန်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် PDF များကလည်း ပူးပေါင်းပြီး ခုခံသင့်ဟု ၎င်းက အကြံပြုတိုက်တွန်းသည်။

“ဒီကိစ္စဟာ TNLA တစ်ဖွဲ့တည်းနဲ့ဆိုင်တယ်လို့ယူဆနေရင်တော့ ကျဉ်းမြောင်းတဲ့ နိုင်ငံရေးလမ်းစဉ်သာဖြစ်ပြီး နွေဦးတော်လှန်ရေးဟာ စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။ ၂၀၂၁ နောက်ပိုင်း ပေါ်လာတဲ့ စကစကို တိုက်ခိုက်နေတဲ့ PDF နဲ့ EAOs တွေအားလုံး ၂၀၂၅ မကုန်ခင် တစ်နိုင်ငံလုံးအတိုင်းအတာ စကစကို တပြိုင်နက် ထိုးစစ်ဆင်သင့်တယ် ၊ မဟုတ်ရင် စကစအတွက် ပြင်ဆင်ချိန်ရသွားနိုင်တယ်။တရုတ်စစ်နည်းဗျူဟာစာရေးဆရာ ကျူကဲလျံပြောသလို ရန်သူကို နားခွင့်မပေးရဘူး ၊ နားခွင့်ပေးလိုက်ရင် ကိုယ့်ဘက်က ထိခိုက်မှုပိုများလာနိုင်ပါတယ်”ဟု ရှမ်းမြောက်အရေး လေ့လာသူက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။