Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူအရပ်သား ၂၂ဦးအထိရှိလာ

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်၊မော်ချီးဒေသ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ အရပ်သား ၂၂ ဦးအထိရှိလာကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)တွဲဖက်အတွင်း ရေးမှူးဦးဗညားက ပြောသည်။

ဖားဆောင်းမြို့နယ်၊မော်ချီးဒေသ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သူများနှင့် နေအိမ်ပျက်စီးမှုများ။ ဓာတ်ပုံ − ပေးပို့

သြဂုတ်-၁၇၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်၊မော်ချီးဒေသ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ အရပ်သား ၂၂ ဦးအထိရှိလာကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)တွဲဖက်အတွင်း ရေးမှူးဦးဗညားက ပြောသည်။

စစ်ကောင်စီသည် ယနေ့ဩဂုတ် ၁၇ရက် နေ့လယ် ၁၂ နာရီခွဲခန့်က တိုက်ပွဲနှင့်လုံးဝမသက်ဆိုင်သည့်အရပ်သားနေအိမ်များနှင့်ဆေးရုံကိုအကြောင်း မဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု ၎င်းက ဆိုသည်။

ဖားဆောင်းမြို့နယ်၊မော်ချီးဒေသ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သူများနှင့် နေအိမ်ပျက်စီးမှုများ။ ဓာတ်ပုံ − ပေးပို့

“မနက် ၇ နာရီ ၅၀မှာတစ်ကြိမ်၊ နောက်ပြီးတော့မှ ၁၂ ခွဲမှာ တစ်ကြိမ်၊မနက်ပိုင်းကြဲတာဟာမှာ လူနှစ် ယောက် ထိခိုက်ဒဏ်ရာရတယ်။တိုက်နယ် ဆေးရုံကတော့ ပျက်စီးသွားရတယ်။ဆေးရုံရော၊ ဝန်ထမ်းအိမ်ရာရော ပျက်စီးသွားတယ်။နေ့ခင်း ၁၂ နာရီခွဲ လာကြဲတာမှာတော့ တော်တော်လေးထိတယ်။အခု သတင်းပေးပို့ချက် ည ၇ နာရီခွဲအထိ ၂၂ဦး သေဆုံးတယ်။ ၁၇ ဦးထက်မနည်းထိခိုက် ဒဏ်ရာရတယ်။အိမ်ပေါင်း ဆယ်ဂဏန်းကျော်ပျက်စီးသွားတယ်”ဟု ဦးဗညားက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ကရင်နီစစ်ရှောင်အရေးကူညီနေသည့် ကိုလွှမ်းကလည်း”မော်ချီးကို တရက်တည်းလေယာဉ်နဲ့၂ကြိမ်ကြဲချခဲ့တာပါ။ပထမမနက်ပိုင်းက ကြဲတာက ဆေးရုံကိုထိမှန်ခဲ့ပြီးပြည်သူနှစ်ဦး အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၂ နာရီ ၁၀မိနစ်လောက်မှာ နောက်တကြိမ်၊ မော်ချီး ၁၆ကုန်းကိုထပ်ကြဲချခဲ့ပါတယ်။ဒုတိယအကြိမ်ကြဲချခဲ့ခြင်းကြောင့် ပြည်သူတွေအထိခိုက်များတယ်လို့သိရပါတယ်။မော်ချီးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပါ”ဟု ပြောသည်။

သေဆုံးသူများတွင် ကလေးငယ် ငါးဦးထက်မနည်းပါရှိကြောင်းလည်း ၎င်းက ပြောသည်။

စစ်ကောင်စီ၏ လေယာဥ်ဖြင့် အရပ်သားပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်နေမှုကြောင့် လေကြောင်း အန္တရာယ်အထူးသတိပြုရန်လည်း Jobs For Kayah အဖွဲ့က တိုက်တွန်းသည်။

“ဒီနေ့က တနင်္ဂနွေနေ့ဖြစ်တော့ အလုပ်တွေနားပြီး ဘုရားကျောင်းသွားကြ၊ အိမ်မှာနားကြတဲ့သူတွေများတယ်။အခုလာကြဲသွားတဲ့နေရာက လူနေအိမ်စိပ်ပြီး ဈေးဆိုင်တွေများတဲ့နေရာ။အထိအခိုက် များနိုင်တဲ့နေရာမျိုးဗျာ။တမင်ကိုပဲ ပြည်သူတွေ မသေသေအောင် မထိထိအောင် ရက်စက်နေတာပါ။ မော်ချီးမှာဘာတိုက်ပွဲမှမရှိဘူး။ ခဲလုပ်သားနဲ့ ဒေသခံပြည်သူကျေးရွာသားတွေ ၊ရပ်ဝေးက စီးပွားရေးလာလုပ်ကြတဲ့ ပြည်သူတွေအများစုနေထိုင်နေတဲ့ ဒေသလေးဗျ”ဟု မော်ချီးဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ထားရသည့် မော်ချီးဒေသအားမကြာခဏ ဗုံးကြဲသတ်ဖြတ်ခြင်း၊ထိတ်လန့်အောင်ဆောင်ရွက်နေခြင်းသည် ၎င်းတို့ထိန်းချုပ်ရာ ဒေသဆီသို့ ရွှေ့ပြောင်းစေရန် ရည်ရွယ်ချက်မျိုးတွေ့ရကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“ဖားဆောင်း တိုက်ပွဲကြောင့် အနောက်က ပြည်သူတွေ၊စစ်ရှောင်တွေကို မဆီမဆိုင် ဗုံးကြဲနေသလို သူတို့ရဲ့ ရွေးကောက်ပွဲကြောင့် ပြည်သူတွေကို မြို့ထဲရွေ့လာစေချင်နေတဲ့သဘောကို တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ယခုဖြစ်စဥ်မတိုင်မီက ပြီးခဲ့မတ်လကစ၍ စစ်ကောင်စီသည် မော်ချီးဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ခုနစ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ သေဆုံးသည့် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်းမိုးကုတ်မြို့အားလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ၃ဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။