Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးလှုပ်အပြီး ငါးလနီးပါးကြာတဲ့အထိ Sky Villaမှာ ရုပ်အလောင်းဆက်တွေ့နေ

စစ်ကိုင်းငလျင်ကြီးလှုပ်အပြီး ငါးလနီးပါးကြာတဲ့အထိ မန္တလေးမြို့က Sky Villa ကွန်ဒိုမှာ ရုပ်အလောင်းတွေ ဆက်တွေ့နေပါတယ်။

မန္တလေးမြို့က Sky Villa ကွန်ဒိုမှာ ရုပ်အလောင်းတလောင်း ထပ်မံတွေ့ရစဉ်။ ဓာတ်ပုံ - MSFD

သြဂုတ်-၂၃၊ ၂၀၂၅။ တာရာ/People’s Spring

စစ်ကိုင်းငလျင်ကြီးလှုပ်အပြီး ငါးလနီးပါးကြာတဲ့အထိ မန္တလေးမြို့က Sky Villa ကွန်ဒိုမှာ ရုပ်အလောင်းတွေ ဆက်တွေ့နေပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ထဲက ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒို အဆောက်အအုံ Aအဆောင်ကို NTL ကုမ္ပဏီ(Sky villa condo)၊ Asiaworld ကုမ္ပဏီနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီ ပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ခဲ့တာမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီမှာ ရုပ်အလောင်း တစ်လောင်းထပ်တွေ့တာလို့ မီးသတ်ဦးစီးဌာနက ဖော်ပြပါတယ်။

တွေ့ရှိတဲ့ ရုပ်အလောင်းက Sky Villa ကွန်ဒိုအဆောက်အအုံရဲ့ အဆောင် (A)၊ အခန်းအမှတ် A4 က ကလေးတစ်ဦးရဲ့ရုပ်အလောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“သေတဲ့သူတွေက နောက်ဘဝတောင်ကူးလောက်ပြီ။ အခုထိ ရှာဖွေလို့ မပြီးသေးဘူး။ ပြည်သူအပေါ် ဘယ်လောက်တန်ဖိုးထားလဲ သိသာတယ်။ နောက်ပြီး အခုရှာနေတဲ့ A ဆောင် အောက်ဆုံးထပ်မှာ Mini mark က ဝန်ထမ်းတွေကျန်သေးတယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးကလည်း “ငလျှင်ဘေးအတွက် နိုင်ငံတကာကလှူထားတဲ့ အလှူငွေတွေနဲ့ မင်းအောင်လှိုင်တောင် ကိုယ်ပိုင်လေယာဥ်ဝယ်စီးနေပြီ။ အခုထိ Sky Villaက ရှင်းလို့ကိုမပြီးနိုင်သေးဘူးနော်”လို့ ဝေဖန်ရေးသားထားပါတယ်။

လွန်ခဲ့တဲ့ ငါးရက် သြဂုတ် ၁၉ ရက်ကလည်း Sky Villa ကွန်ဒို A ဆောင်ရဲ့ အခန်းအမှတ် C 3 ကနေ အမျိုးသားနဲ့အမျိုးသမီးရုပ်အလောင်း နှစ်လောင်း တွေ့ထားပါသေးတယ်။

သြဂုတ် ၁၄ ရက်ကလည်း A ဆောင် သုံးလွှာက အခန်းအမှတ် E 3 မှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦး အလောင်းသုံးလောင်းနဲ့ သြဂုတ် ၁၃ ရက်မှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို ထုတ်ယူရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းငလျင်ကြီးလှုပ်တဲ့ မတ်လ ၂၈ ရက်က ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုဟာ အောင်မြေသာဇံမြို့နယ်၊လမ်း ၆၀၊ ၂၃၂၄ လမ်းကြား မြေဧက တစ်ဧက အကျယ်ပေါ်တည်ဆောက်ထားတာဖြစ်ပါတယ်။

Sky Villa ကွန်ဒိုမှာ ၁၁ ထပ်ရှိအဆောက်အအုံ လေးလုံးတွဲရှိတာဖြစ်ပြီး ငလျင်လှုပ်ခတ်မှုအပြီး အဆောက်အအုံ သုံးလုံးက အလုံးစုံပြိုကျပြီး ကျန်တစ်လုံးက ၄ထပ်ဝန်းကျင် မြေကြီးအတွင်း နစ်ဝင်သွားခဲ့တာလို့ သိရပါတယ်။

Sky Villa ကွန်ဒို အိမ်ရာစီမံကိန်းကို စစ်တပ်နဲ့ဆက်နွယ်တဲ့ အောင်မြင်သူကုမ္ပဏီက တည်ဆောက်ခဲ့တာဖြစ်ပြီး ပြင်းအား ရစ်ခ်တာစကေး ၈ အဆင့်ရှိငလျင်ဒဏ်ခံနိုင်တယ်လို့ ပြောဆို ကြေညာရောင်းချခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ငလျင်လှုပ်ပြီး တစ်လနီးပါးကြာတဲ့အထိ Sky Villa ကနေ သေဆုံးရုပ်အလောင်း ၁၀၃ လောင်းတွေ့ရှိတယ်လို့ မြေပြင်ကယ်ဆယ်ရေးလုပ်တဲ့သူတွေက လူထုနွေဦးကို ပြောထားပါတယ်။ အဲဒီနောက်ပိုင်းစလို့ စစ်ကောင်စီက ပြင်ပကူညီကယ်ဆယ်ရေးအဖွဲ့ တွေကို Sky Villaမှာ ရှာဖွေခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

ငလျင်ကြီးမဖြစ်မီ မတ်လ ၂၇ ရက်အထိ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ထွေအုပ်စာရင်း အချက်အလက်အရ Sky Villa ကွန်ဒိုမှာ နေထိုင်သူ ၃၄၈ ဦးရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။