ဩဂုတ်-၂၄၊၂၀၂၅။ ထားမြတ်/People’s Spring
မကွေးတိုင်း၊ပေါက်မြို့အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄)သို့ ရောက်ရှိနေသည့် စစ်ကောင်စီ၏ ယာဉ်အစီးရေ ၁၀၀ကျော်ပါ ယာဉ်တန်းသည် ယနေ့ ဩဂုတ် ၂၄ရက်တွင် ပခုက္ကူမြို့ဘက် ပြန်လည်ထွက်ခွာသွားဟု ဒေသသတင်းရင်းမြစ်အချို့က ပြောသည်။
မိုင် ၅၀ပင်မဝေးသည့် ပခုက္ကူနှင့် ပေါက်မြို့ကို သုံးလနီးပါး ကြာလာရောက်ခဲ့ရသည့် စစ်ကောင်စီယာဉ်တန်းသည် ပေါက်မြို့ ကပစ(၂၄) သို့ ဩဂုတ် ၂၀ရက်တွင် ရောက်ရှိလာရာ ယနေ့ ဩဂုတ် ၂၄ရက်တွင် ပခုက္ကူမြို့သို့ ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။
” ရိက္ခာနဲ့ လူတချို့ လာပို့တယ်လို့ ထင်တယ်။ ခု တပ်ပြောင်း မိသားစုတွေနဲ့ Non CDM တွေ ကားနဲ့အတူလိုက်ပါကြတယ်။ အခုလည်း ပေါက်မြို့ထဲ ပစ္စည်းတွေ ချနေကြတယ်”ဟု ဒေသသတင်းရင်းမြစ်တဦးက ဩဂုတ် ၂၂ရက်တွင် ပြောပြထားသည်။

Public Service Announcement
ဩဂုတ် ၂၂ရက်တွင် ကပစ(၂၄)မှ စစ်ကောင်စီ၏ ယာဉ် ၅၀ကျော်သည် ပေါက်မြို့တွင် ကုန်ပစ္စည်း ရိက္ခာများချပြီး Non CDM ဝန်ထမ်းနှင့် မိသားစုဝင်များ လိုက်ပါသွားသည့် လှုပ်ရှားမှု အခြေအနေကို ပြောသည်။
စစ်ကောင်စီသည် ပခုက္ကူမှ ပေါက်မြို့သို့ စစ်ယာဉ်တန်းလာရောက်စဉ် လေယာဉ် ၊ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုများပြုလုပ်ပြီး တရွေ့ရွေ့ တိုးလာသည့် အခြေအနေဖြစ်သည်။
ယာဉ်တန်းသည် ပေါက်မြို့နယ်သို့ ရောက်ရှိစဉ်တွင်လည်း ကျေးရွာအချို့ကို လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များအားကောင်းသည့် ပခုက္ကူ၊ပေါက်နယ်တကြော အပြန်ခရီးတွင်လည်း အလွယ်တကူ ပြန်နိုင်ခြင်းရှိ၊မရှိ စောင့်ကြည့်ရမည်ဟု သတင်းရင်းမြစ်က ပြောသည်။


















































