ဩဂုတ်-၃၀၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
“ဖဲဝိုင်းမှာစိတ်မထိန်းနိုင်ပဲထဖြစ်ကြတာပါ။ခါတိုင်းလည်းအသုဘတွေမှာဖဲလိုက်ရိုက်နေသူတွေပါ”ဟုဒေသခံတစ်ဦးကပြောသည်။
ဩဂုတ် ၂၉ ရက်ည ၁၁ နာရီခန့်တွင် စမ်းချောင်းမြို့နယ် ဝေဠုဝန်မြောက်ရပ်ကွက် ဦးညိုလမ်းသွယ် ၃ ရှိ နာရေးအိမ်တွင် အဆိုပါဖြစ်စဉ်ဖြစ်ခဲ့ပြီး ဓားထိုးခံရသူသေဆုံးသွားကြောင်း သိရသည်။

Public Service Announcement
ယင်းဖြစ်စဉ်ဗီဒီယိုဖိုင်၌ ဓားဖြင့်ထိုးသူသည် ရပ်ကွက်အတွင်း စိန်ခေါ်နေသောကြောင့် အမျိုးသမီးများက ဆွဲနေရသည်ကိုတွေ့မြင်ရပြီးဓားထိုးခံရသူကို လမ်းပေါ်တွင်သွေးအိုင်ထဲတွင်လဲနေသည်ကိုတွေ့ရသည်။
“ဒီမနက်ပဲဖမ်းသွားပါပြီ ။ဓားကိုလည်းလက်ဖက်ရည်ဆိုင်ဘေးလမ်း မြောင်းမှာ တွေ့ပါပြီ” ဟုဓားဖြင့်ထိုးသူကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူသည် အသက် ၄၀ ခန့်အရွယ်ဖြစ်ပြီး ဆိုက်ကားနင်းသူဖြစ်ကြောင်းသိရသည်။သေဆုံးသူ၏ ရုပ်အလောင်းကို စမ်းချောင်းမြို့နယ် အရန်မီးသတ်စခန်းမှ ထိန်ပင်သုဿန်၌ဩဂုတ်၃၀ ရက်နံနက်တွင် ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။
စမ်းချောင်းမြို့နယ်၌ဩဂုတ်၉ရက်ကလည်း ကားပါရင်နေရာလုရာမှဓားထိုးမှုတစ်ခုဖြစ်ခဲ့သေးသည်။ထိုအပြင်ဩဂုတ် ၅ ရက်ညနေကလည်းမြန်မာပလာဇာကားပါကင်၌အမျိုးသမီးတစ်ဦးကို လူနှစ်ဦးကဓားဖြင့်ထိုးသောကြောင့်သေဆုံးခဲ့သည်။


















































