ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ လုံလောက်တဲ့ လွှတ်တော်အမတ် ဦးရေ ထောက်ခံမှုမျိုး ရထားပြီး ဖြစ်တယ်လို့ ကွန်ဆာဗေးတစ် အင်အားစု ဘွမ်ဂျိုင်ထိုင်းပါတီ အကြီးအကဲက ပြောကြားခဲ့ပါတယ်။
ဘွမ်ဂျိုင်ထိုင်း ပါတီဟာ အရင်က ဖျူထိုင်းပါတီ ဦးဆောင်နေတဲ့ ညွန့်ပေါင်း အစိုးရထဲမှာ ပါဝင်ခဲ့ပေမယ့် ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ရဲ့ ဖုန်းအသံဖိုင် ပေါက်ကြားမှု ပြဿနာ အပြီးမှာတော့ အစိုးရထဲကနေ နုတ်ထွက်ခဲ့ပါတယ်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ အလွတ်သဘော ဖုန်းပြောထားတဲ့ အသံဖိုင်ထဲမှာ ဖေထောင်ထန်က ထိုင်းစစ်တပ်ကို ပုတ်ခတ်ဝေဖန်ထားခဲ့တဲ့နောက် ထိုင်းစစ်တပ်နဲ့ ဆက်ဆံရေး နွေးထွေးတဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီက ဆန္ဒပြတဲ့ အနေနဲ့ အခုလို နုတ်ထွက်ခဲ့တာပါ။ အသံဖိုင် ပေါက်ကြားမှု ဂယက်ကြောင့် ဖေထောင်ထန်ဟာလည်း ဩဂုတ်လကုန်မှာ ထိုင်းဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားတာ ခံခဲ့ရပါတယ်။
လောလောဆယ် နိုင်ငံမှာ ဝန်ကြီးချုပ် ကင်းမဲ့နေတဲ့ အခြေအနေကြောင့် ထိုင်းလွှတ်တော်ဟာ ဝန်ကြီးချုပ်သစ် တစ်ဦးကို ရွေးချယ် တင်မြှောက်နိုင်ရေးအတွက် မကြာခင် မဲခွဲဆုံးဖြတ်ဖွယ် ရှိပါတယ်။ ဖျူထိုင်းပါတီ ဦးဆောင်တဲ့ လက်ရှိ ညွန့်ပေါင်း အစိုးရဟာ ရှိရင်းစွဲ မဟာမိတ် ပါတီတွေကို ဆက်ထိန်းထားဖို့ ကြိုးစားနေသလို နောက်ထပ် ပါတီသစ်တွေကိုလည်း စည်းရုံးနေပါတယ်။ ဒါပေမဲ့ ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ဖျူထိုင်းပါတီ ကိုယ်စားပြု ဝန်ကြီးချုပ်ကို ထုတ်ပယ်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ပါတီရဲ့ ပုံရိပ်က ထိခိုက် အားလျော့မှုတွေ ရှိလာခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဘွမ်ဂျိုင်ထိုင်းပါတီ အကြီးအကဲ အညူတင် ချန်ဗီရာကူလ်က သူဟာ ပါတီ ၇ ခုဆီကနေ လွှတ်တော် အမတ် ၁၄၆ ယောက်က ထောက်ခံမဲပေးမယ့် ကတိတွေ ရထားပြီး ဖြစ်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဘွမ်ဂျိုင်ထိုင်းဟာ လာမယ့် လွှတ်တော် မဲပေးမှု မတိုင်ခင်မှာ ဖျူထိုင်းကို စိန်ခေါ်နိုင်မယ့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းပြီး အညူတင်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Public Service Announcement
ထိုင်းရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ အများဆုံး အနိုင်ရထားပြီး လောလောဆယ် အဓိက အတိုက်အခံ အင်အားစုအဖြစ် ရပ်တည်နေတဲ့ ပြည်သူ့ပါတီကလည်း ဖျူထိုင်းပါတီက အဆိုပြုမယ့် ဝန်ကြီးချုပ်လောင်းအစား လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးဖြစ်တဲ့ အညူတင်ကို ထောက်ခံဖို့ မူအားဖြင့် သဘောတူ လက်ခံထားပြီးဖြစ်ကြောင်း သိရပါတယ်။ ပြည်သူ့ပါတီ အကြီးအကဲ နတ်သာပေါင် ရွန်ပန်ယာဝတ်က လွှတ်တော် မဲခွဲမှုတွေကျရင် သူ့ပါတီဟာ ကွန်ဆာဗေးတစ်တွေကို ထောက်ခံဖို့ ညှိနှိုင်းထားတယ်လို့ သတင်းထောက်တွေဆီ အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ အရေးကြီးတဲ့ အပေးအယူ တစ်ခုအဖြစ် ကွန်ဆာဗေးတစ်တွေဟာ ညွန့်ပေါင်း အစိုးရဖွဲ့ပြီး ၄ လအတွင်း လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရမယ်လို့ ထည့်သွင်း တောင်းဆိုထားကြောင်း နတ်သာပေါင်က ဆိုပါတယ်။ ဒါမှသာ ပြည်သူ့အာဏာဟာ ပြည်သူတွေဆီ အမြန်ဆုံး ပြန်ရောက်နိုင်လိမ့်မယ်လို့ သူက ပြောကြားသွားပါတယ်။
ပြည်သူ့ပါတီက ဘွန်ဂျိုင်ထိုင်းပါတီကို ထောက်ခံဖို့ ရွေးချယ်ခြင်းဟာ လက်ရှိအာဏာရ ဖျူထိုင်းပါတီ အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။ အဲဒီပါတီဟာ ရှီနာဝတ်ထ် မင်းဆက်လို့ တင်စားခံရတဲ့ ဩဇာကြီးမားတဲ့ ထိုင်းနိုင်ငံရေး မိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ လတ်တလော ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဖေထောင်ထန်အပြင် သူ့ရဲ့ဖခင် သက်ဆင်နဲ့ အဒေါ်ဖြစ်သူ ယင်လက်ခ်တို့ဟာလည်း ထိုင်းဝန်ကြီးချုပ်တွေ ဖြစ်ခဲ့ဖူးပါတယ်။
ထိုင်းဖွဲ့စည်းပုံ ဥပဒေတွေအရ ၂၀၂၃ ရွေးကောက်ပွဲနောက်ပိုင်း တင်သွင်းထားတဲ့ လူပုဂ္ဂိုလ်တွေ စာရင်းထဲကနေပဲ ဝန်ကြီးချုပ်သစ်ကို အဆိုပြု ရွေးချယ်ခွင့်ရှိပြီး လောလောဆယ်မှာတော့ မဲပေး ရွေးချယ်ခံခွင့်ရှိသူ ၅ ဦးသာ ကျန်ပါတော့တယ်။
ပြည်သူ့ပါတီက ဘွမ်ဂျိုင်ထိုင်း ပါတီကို ထောက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့နောက် ဖျူထိုင်းပါတီဟာ လွှတ်တော်ကို အချိန်စော ဖျက်သိမ်းနိုင်အောင် ထိုင်းဘုရင်ဆီက ခွင့်ပြုချက် တောင်းခံဖို့ စဉ်းစားနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ကိုးကား: CNA


















































