သြဂုတ်-၆၊၂၀၂၆။People’s Spring
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ကို ဖိတ်ကြားခဲ့သူ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေက ယနေ့ညနေပိုင်းမှာဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
အနူတင်ရဲ့ ဖိတ်ကြားမှုကြောင့် မင်းအောင်လှိုင်ဟာ ဩဂုတ် ၆ ရက်မှာ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးစဉ်ရောက်ရှိလာခဲ့ပါတယ်။မင်းအောင်လှိုင်ရဲ့ခရီးစဥ် မစတင်ခင် ကတည်းက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အင်အားစုတွေဆီက ဆန့်ကျင်မှုတွေ ရှိနေခဲ့ပါတယ်။
ဩဂုတ် ၆ ရက် ညနေပိုင်းကတော့ ထိုင်းနိုင်ငံ အစိုးရ အုပ်ချုပ်ရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မရှင် (OPDC)ရဲ့ ရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံလှုပ်ရှားနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
ရဲတွေက OPDCရုံး အဝင်ဝနားထိ မချဉ်းကပ်ဖို့ ဆန္ဒပြသူတွေကို တားမြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ရဲတွေက ရုံးမျက်နှာစာနဲ့ ဆန္ဒပြသူတွေကြားမှာ တန်းစီရပ်ရင်း အစိုးရရုံး ပရဝုဏ်မှာ ဆန္ဒပြခွင့် မရှိကြောင်း တားမြစ်စာတန်းကို ကိုင်ဆောင်ပြထားခဲ့ပါတယ်။ နောက်တော့ ဆန္ဒပြသူ နှစ်ဦးဟာ မင်းအောင်လှိုင်နဲ့ အနူတင်တို့ရဲ့ မျက်နှာပုံ မျက်နှာဖုံးတွေကို တပ်ဆင်ပြီး သွေးစွန်းနေတဲ့ကိတ်မုန့်တစ်လုံးပေါ် ဖယောင်းတိုင်ထွန်း၊ မီးမှုတ်ပြီး အတူစားသောက်ပုံစံသရုပ်ပြခဲ့ပါတယ်။
ဒါဟာ အာဏာရှိသူအချင်းချင်းနိုင်ငံရဲ့ သယံဇာတ အကျိုးအမြတ်တွေကို ခွဲဝေယူနေခြင်းကို ရည်ညွှန်းတဲ့ ဆန္ဒပြမှုဖြစ်ပါတယ်။မြန်မာဖက်မှာ အကြီးစား သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံ ပိုင်နက်ထဲ စီးဝင်တဲ့ နမ့်ခုတ် မြစ်ရေ ညစ်ညမ်းမှုတွေအတွက် ထိုင်းအစိုးရက ထိထိရောက်ရောက် ဖိအားပေး ကန့်ကွက်မှု မရှိဘူးလို့လည်း ဆန္ဒပြသူတွေက စွပ်စွဲကြပါတယ်။
OPDC ရုံးရှေ့က ဆန္ဒပြပွဲမှာတော့ စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ဒဏ်ခံ မြန်မာပြည်သူတွေရဲ့ ဓာတ်ပုံတွေကိုလည်း ပြသထားခဲ့ပါတယ်။ ဆန္ဒပြသူတွေ ကိုင်ဆောင်လာတဲ့ စာတန်းတွေထဲမှာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို မကြိုဆိုဘူး ဆိုတဲ့စာတမ်းကြီး ပါဝင်သလို ပြည်သူတွေပေးတဲ့ ကျိန်စာတွေ မင်းအောင်လှိုင်လို့ ရေးသားထားတာကိုလည်း တွေ့ခဲ့ရပါတယ်။
မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့လုပ်ရပ်ဟာလူသားချင်းစာနာမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေအပေါ် အရေးတယူ တုံ့ပြန်ပေးဖို့ ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကိုအတိအလင်းလျစ်လျူရှုလိုက်ခြင်း ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးကမိန့်ခွန်းပြောခဲ့ရာမှာတော့ မင်းအောင်လှိုင်နဲ့အနူတင် တွေ့ဆုံမှုဟာ မြန်မာ့ ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေမှာ မဟုတ်သလို မြန်မာဖက်က ပြဿနာတွေကြောင့်ထိုင်းမှာ ကြုံတွေ့နေတဲ့ အကျပ်အတည်းတွေကိုလည်း ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း၊အာဏာရှိသူတွေကြား အကျိုးအမြတ်တွေကိုဝေမျှစားသုံးနေပြီး ပြည်သူကို ငဲ့ကွက်ခြင်းမရှိကြောင်း စွပ်စွဲသွားခဲ့ပါတယ်။
ဆန္ဒပြသူတွေက OPDC ရုံးရှေ့မှာ စုဝေးရင်း မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို လုံးဝ ထောက်ခံကြိုဆိုမှာ မဟုတ်ကြောင်း သဘောထားကို အတိအလင်း ပြသခဲ့ကြပါတယ်။
ကိုးကား: The Reporters


















































