စက်တင်ဘာ ၆၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရာတွင် အတူတကွ ပေါင်းစည်း တိုက်ခိုက်ခြင်းမပြုနိုင်သည့် အပြင် အချင်းချင်းအကြား တိုက်ပွဲများ ရှိနေ၍ စစ်ရေးအောင်မြင်မှုများ အနည်းငယ်ရပ်တန့်နှေးကွေးသွားဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောကြားသည်။
လူ့စွမ်းအားနည်းသော်လည်း ပြင်းထန်သည့် တော်လှန်စိတ်ကြောင့် ချင်းပြည်နယ် တခုလုံး လွတ်မြောက်နယ်မြေ ဖြစ်ရေး ထိန်းချုပ်နယ်မြေ ဖြစ်ရေး ကြိုးစားသော်လည်း ချင်းတော်လှန်ရေးအင်အားစု အချင်းချင်းအကြား နှစ်ခြမ်းကွဲ နေ၍ အောင်မြင်မှု မရဟု ၎င်းက ဆိုသည်။
” အခု စစ်ရေးအောင်မြင်မှုလည်း နည်းနည်းရပ်တန့်သွားတယ်၊ နည်းနည်း နှေးကွေးသွားတယ်ဆိုတာ ကျနော်တို့ ပေါင်းစည်းပြီးတော့ စကစကို တိုက်တာမှမဟုတ်တာ”ဟု ဆလိုင်းလျန်လွယ်က ပြောသည်။

Public Service Announcement
ယနေ့စက်တင်ဘာ ၆ရက်တွင်ကျင်းပသည့်ချင်းညီနောင်အတွက် ရန်ပုံငွေရှာဖွေမှု အစီအစဉ်တွင် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က တော်လှန်ရေးအောင်မြင်ရန် ညီညွတ်ရေးလိုအပ်မှုကို အဓိက အလေးထားပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ပေါင်းစည်းရေးကိစ္စများ နောက်ကျသည်ဟုမရှိကြောင်းဝန်ကြီးချုပ်က ပြောသည်။ တော်လှန်ရေးလုပ်ဆောင်ရာ၌ ကွဲလွဲမှု လွဲချောမှု မှားယွင်းမှုများ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
“ဘာပဲဖြစ်ဖြစ် ချင်းတမျိုးသားလုံး ပြန်လည်ပေါင်းစည်းညီညွတ်နိုင်အောင်ဆိုလို့ရှိရင်တော့လက်ရှိဖြစ်နေတဲ့ပြဿနာတွေကိုကျနော်တို့ ပူးပေါင်းပြီးတော့ဘယ်လိုအဖြေရှာမလဲ။ ဘယ်လိုအဖြေရှာပြီးတော့ ပြန်လည်ပြီးတော့အဆင်ပြေအောင်ဘယ်လိုလုပ်ဆောင်မလဲ။ တော်လှန် ရေးခေါင်းဆောင်တွေလည်းသိပ်အရေးကြီးသလိုကျနော်တို့ရဲ့ ချင်းပြည် နယ်မှာ ရှိတဲ့ ပြည်သူလူထုရဲ့မျက်နှာကို ကြည့်ဖို့လိုတယ်။ ပြည်သူလူထုရဲ့ ဆန္ဒသဘောထား ကြည့်ဖို့လိုတယ်၊ ဦးစားပေးဖို့လိုတယ်”ဟု ဆလိုင်းလျန်လွယ်က ပြောသည်။
အချင်းချင်းအကြားငြိမ်းချမ်းရေးလိုချင်ပါကချင်းတော်လှန်ရေးအင်အား စုများလက်ထဲ၌သာရှိသည်ဟု ပြောသည်။
“CNF/CNA လည်းအရေးကြီးတယ်။CCလည်းအရေးကြီးတယ်။ အလားတူပဲCBလည်း အင်မတန်အရေးကြီးတယ်။ ဒီဆန္ဒရှိတယ်ဆိုရင် မအောင်မြင်စရာ အကြောင်းမရှိဘူးလို့ မြင်တယ်” ဟု ဆလိုန်းလျန်လွယ်ကပြောသည်။
ချင်းလက်နက်ကိုင်အချင်းချင်းအကြားပဋိပက္ခများထပ်မဖြစ်ရေး သတိ ထားလုပ်ဆောင်သင့်ဟု ၎င်းက အကြံပြုသည်။
“တကယ် စည်းလုံးညီညွတ်ရေးလိုချင်တယ်ဆိုရင် ကျနော်တို့ လက်ထဲမှာပဲရှိတယ်။” ဟုဆလိုင်းလျန်လွယ်က ထပ်လောင်းပြောကြားသည်။
ယခင်ကချင်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သောချင်းအမျိုးသားတပ်ဦး (CNF/CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်ဖွဲ့များသည် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC) စုဖွဲ့မှုတွင် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် သဘောထား ကွဲလွဲမှုများ ဖြစ်ကာ ချင်းပြည်ကောင်စီ(CC)၊ ICNCC/ချင်းညီနောင်(CB) ဟူ၍ နှစ်ခြမ်းကွဲသွားပြီး အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။


















































