စက်တင်ဘာ−၁၈၊၂၀၂၅။နေ့သစ်/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၆ဦးသေဆုံးပြီး သုံ့ပန်းတွေလည်း ဖမ်းမိတယ်လို့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့−ရေဦးက ပြောပါတယ်။
စက်တင်ဘာ ၁၇ရက် ညနေ ၃နာရီအချိန်မှာ ကန့်ဘလူမြို့နယ်က ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ရဲတပ်သားနဲ့ ဗိုလ်လေးများအပါဝင် ၆ယောက်သေဆုံး။ ဗိုလ်လေး ၂ယောက်နဲ့ တပ်သား ၂ ယောက် တပ်သားများရဲ့ မိန်းမ ၂ယောက်နဲ့ ကလေး၂ယောက်ဖမ်းမိတယ်”လို့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့−ရေဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ရဲစခန်းအချုပ်ထဲက အကျဉ်းသားသုံးဦးကိုလည်း ကယ်ထုတ်တယ်လို့ ဆိုပါတယ်။ ရဲစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မှာ တော်လှန်ရေးတပ်တွေက ရဲစခန်းကိုမီးရှို့ ခဲ့ပါတယ် ။
စခန်းသိမ်းတိုက်ပွဲကနေ G3 ၉လက်၊ G4 ၁လက်၊ MA15 ၁လက်နဲ့ ပစ်စတို ၁လက်နဲ့ ခဲယမ်းတွေ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
” သူတို့ဘက်က စစ်ကူမလာနိုင်ဘူး။ မလာရဲဘူး။ ဒါက ဇီးကုန်းမြို့လိုနေရာမှာ ၂ လအတွင်း ဒုတိယမြောက် အပိုင်တိုက်ခိုက်တဲ့ပွဲ”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကပြောပါတယ် ။
ကန့်ဘလူမြို့နယ်က ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင်ပကဖစစ်ကြောင်းကဦးဆောင်ပြီး ရေးဦး ဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူးပေါင်းစီးနင်းခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ဆုံးပတ်နဲ့ဖေဖော်ဝါရီတွေမှာ စစ်ကောင်စီတပ်က ဇီးကုန်းမြို့ပေါ်က နေအိမ်တွေ၊ဈေးတွေနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို အင်အားအလုံးအရင်းသုံး ပေါ်တာဝင်ဆွဲခဲ့တာလို့ အဲဒီအချိန်က ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့တာဝန်ခံဆီက သိရပါတယ်။
အဲဒီလူတွေကို အမှတ်(၁)သကြားစက်ရုံကနေ တဆင့် ၆၀၀၆ တပ်ရင်းထဲကို ပို့ဆောင်ခဲ့ပြီး စစ်သင်တန်း ပေးခဲ့တာလို့ သိရပါတယ်။ဇီးကုန်မြို့နဲ့ပတ်ဝန်းကျင် ကျေးရွာတွေကို ပေါ်တာဆွဲစဉ်က အမျိုးသား ၁၀၀ ခန့်အထိ ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး တချို့လည်းပါတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လာ၁၄ရက်နေ့ကလည်း ဇီးကုန်းမြို့နယ်က ဆေးရုံမှာတပ်စွဲထားတဲ့စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ယခုစစ်ဆင်ရေးကဲ့သို့ စီးနင်း တိုက်ခိုက်ခဲ့ကြပါတယ်။အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းတပ်မှ လေးဦးသေဆုံးပြီး တစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့ကာ၊ သေနတ်၃လက်
သိမ်းဆည်းရရှိခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုမှာ ကာကွယ်ရေး ရဲဘော်တွေအထိခိုက်မရှိခဲ့ဖူးလို့ ရုပ်သံမှတ်တမ်းနှင့်အတူထုတ်ပြန်ခဲ့ပါတယ်။ အခုစစ်ဆင်ရေးကိုလည်း ရုပ်သံမှတ်တမ်းနဲ့ထုတ်ပြန်တာမှာပြောင်မြောက်တဲ့စစ်ဆင်ရေးအတွက် ဂုဏ်ယူကြောင်း ဒေသတွင်းမှတော်လှန်ရေးအင်အားစုတွေက လူမှုကွန်ရက်တွင်ချီးကျူးနေကြပါတယ်။
ဇီးကုန်းမြို့ဟာ၊ ကန့်ဘလူမြို့နယ်ထဲမှာပါဝင်ပြီး ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေအကူအညီနဲ့ စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ဖြစ်ပါတယ်။






















































