အောက်တိုဘာ-၁ ၊ ၂၀၂၅။ဇော်ဝင်း /People’s Spring
စစ်ကိုင်းတိုင်း၊တန့်ဆည်-ရေဦး ကားလမ်းပိုင်းထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က စစ်ကောင်စီတပ်ဟာ ကန့်ဘလူမြို့နယ်ကနေ တန့်ဆည်မြို့နယ်ကို စစ်အင်အားဖြည့်ပြီးတဲ့နောက် တန့်ဆည်-ရေဦးကားလမ်းပိုင်းကို ဒီကနေ့ (အောက်တိုဘာ ၁ ရက်)မနက်ပိုင်းကစပြီး စစ်ကြောင်းတွေ ထိုးလာတယ်လို့ဆိုပါတယ်။
“စစ်ကြောင်း တကြောင်းက အောင်သာရွာဘက်ရောက်နေပီး နောက် တကြောင်းက ရေဦး–တန့်ဆည်ကားလမ်းမအတိုင်း ခပေါင်းကြိုင်ဘက် ဦးတည်နေတယ်လို့ သတင်းရပါတယ်”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ် ကိုအနန္တက ပြောပါတယ်။

Public Service Announcement
တန့်ဆည်-ရေဦး ကားလမ်းဘေးက ကျေးရွာတွေအနေနဲ့ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းအန္တရာယ်ကိုပါ အထူးသတိပြုကြဖို့နဲ့ နယ်ဝေးခရီးသွားကားတွေအနေနဲ့ တန့်ဆည်–ပန်းကုံးမူးဆုံ–ရေဦးကားလမ်းပိုင်း ရှောင်မောင်းသင့်ပါတယ်လို့ သူက တိုက်တွန်းပါတယ်။
“ကန့်ဘလူနယ် ကာဘိုးကနေ တန့်ဆည်မြို့ထိ တလမ်းလုံး စစ်တပ်ဘက်က စီးထားတာမို့ အင်အားအတိအကျပြောဖို့တော့ခက်ပါတယ်”စစ်ကိုင်းအထက်ပိုင်းစစ်ရေးအခြေအနေကို ဖော်ပြနေတဲ့ Infinity group တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းမဝင်ခင် စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက တန့်ဆည်–ရေဦးကားလမ်းမဘေးက ကျေးရွာတွေကို ဂျိုင်ရိုကောပတာသုံးစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားအမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းထဲက ဗျူဟာလမ်းတွေနဲ့ အဓိကလမ်းမတွေကို စိုးမိုးဖို့ စစ်ကောင်စီတပ်က ကြိုးစားနေပြီး သြဂုတ်က ကန့်ဘလူမြို့နယ်က ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို ပြန်ထိန်းချုပ်ခဲ့ပါတယ်။
ဒါ့အပြင်ခင်ဦးမြို့နယ်ကလမ်းပိုင်းကိုပါဆက်လက်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေက စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့ပါတယ်။စက်တင်ဘာ ၂၂ ရက်က ခင်ဦး-ရွှေဘိုလမ်းပိုင်းတိုက်ပွဲမှာ ဒုဗိုလ်မှူးကြီးအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့ပြီး လက်နက်တွေနဲ့ စစ်သုံ့ပန်းအချို့ပါ သိမ်းဆည်းရရှိခဲ့ပါတယ်။
လက်ရှိ တန့်ဆည်-ရေဦးလမ်းပိုင်းက စစ်ကောင်စီ စစ်ကြောင်းနဲ့ ပတ်သက်လို့ ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ခရိုင်အဆင့် တာဝန်ရှိသူတွေထံ လူထုနွေဦးက မေးမြန်ထားဆဲ ဖြစ်ပါတယ်။


















































