Connect with us

Hi, what are you looking for?

သတင်း

မောင်တောဒေသခံ ၆ဦးကို ARSA သတ်ဖြတ်ခဲ့တယ်လို့ AA ထုတ်ပြန်

ARSA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့တဲ့ ရုပ်အလောင်း ၆လောင်းကို ရှာဖွေတွေ့ရှိထားတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - AA Info Desk

အောက်တိုဘာ-၁၊ ၂၀၂၅။ လူအေး/People’s Spring

ARSA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့တဲ့ ရုပ်အလောင်း ၆လောင်းကို ရှာဖွေတွေ့ရှိထားတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းက နယ်စပ်လုံခြုံရေးတပ်စခန်းနဲ့ ဒုံးညိုရွာအနီးရှိ ဒုံးညိုစခန်းကို တိုက်ခိုက်ဖို့ကြိုးစားနေတဲ့ ARSAဟာ အဲဒီစခန်းကိုသွားရာလမ်းတလျှောက်က မူဆလင်မဟုတ်တဲ့အရပ်သားပြည်သူတွေကို နှုတ်ပိတ်တဲ့အနေနဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး လူပြတ်တဲ့နေရာတွေမှာ အလောင်းတွေကို စွန့်ပစ်ခဲ့တာလို့ AAက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ – AA Info Desk

AAလုံခြုံရေးတပ်ဖွဲ့ထံ လူပျောက်လာတိုင်ထားသူ ၁၀ဦး ရှိပြီး စက်တင်ဘာ ၂၈ ရက် ညနေ ၃ နာရီခန့်မှာ မောင်တောမြို့နယ်၊ အထက်အင်းချောင်းရွာရဲ့ အနောက်မြောက်ဘက် မီတာ ၇၇၀ခန့်(မိုင်ဝက်နီးပါး)အကွာက ငှက်ပျောတောအုပ်ထဲမှာ ရုပ်အလောင်းခြောက်လောင်းတွေ့ရှိတာလို့ ဆိုပါတယ်။ ARSA အဖွဲ့ဝင်တွေ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ မောင်တောနယ်စပ် တမန်းသားရွာနဲ့ ဒုံးညိုရွာက ပျောက်ဆုံးနေတဲ့ ရွာသားတွေထဲက ၆ဦးဖြစ်နိုင်တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဒေသခံ ၆ဦးကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်(ARSA)အဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့တာ ဟုတ်၊ မဟုတ် People’s Spring က သီးခြားအတည်မပြုနိုင်သေးပါဘူး။

အလောင်းတွေတွေ့ရတဲ့နေရာဟာ စိုထိုင်းမှုလွန်ကဲခြင်းနဲ့ စနစ်တကျ မမြှုပ်နှံဘဲ စွန့်ပစ်ထားခဲ့ခြင်းကြောင့် အလောင်းတွေဟာ ပျက်စီးနေပြီး အရိုးတွေပဲ ကျန်တော့တယ်လို့ AAက ဆိုပါတယ်။ မှုခင်းဆေးပညာဝန်ထမ်းတွေနဲ့အတူ လူပျောက်မိသားစုတွေပူးပေါင်းပြီး မည်သူမည်ဝါဖြစ်ကြောင်း စိစစ်သွားမယ်လို့အသိပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင်ပြေးသွားကြတဲ့ စစ်သွေးကြွ ARSA အဖွဲ့ဝင်တွေကို နယ်စပ်ရေးရာ သံတမန်ရေးအရ နယ်မြေဖြတ်ကျော် ရှင်းလင်းဖို့ ခက်ခဲပေမယ့် ဒေသတွင်းလုံခြုံရေးကို ဆောင်ရွက်နေတယ်လို့လည်း AA ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခြေကုပ်ရယူပြီး နယ်စပ်တလျှောက်စိမ့်ဝင်နေတဲ့ ARSA ၊ RSO အဖွဲ့တွေရဲ့ အကြမ်းဖက်မှုကို ကာကွယ်ဖို့ လုံခြုံရေးတိုးမြှင့်သွားမှာဖြစ်ပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ AAက စက်တင်ဘာ ၁၉ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံတွေအနေနဲ့ တောတောင်ထဲနဲ့ လူပြတ်တဲ့နေရာတွေကို သွားလာတဲ့အခါ တစ်ဦးတည်း ဒါမှမဟုတ် လူအနည်းစုနဲ့ မသွားကြဖို့နဲ့ ကျန်းမာရေးကိစ္စ၊ မသွားမဖြစ် သွားလာရမယ့် အရေးကြီးကိစ္စ တွေရှိပါက AA လုံခြုံရေးအဖွဲ့တွေကိုသတင်းပို့ပြီးမှ သွားကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ