Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့က ဌာနဆိုင်ရာရုံးတွေ စစ်တပ် ဒရုန်းနဲ့မီးလောင်ဗုံးကြဲချလို့ မီးလောင်တာလို့ TNLA ထုတ်ပြန်

ရှမ်းမြောက်၊ ကျောက်မဲမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ ဌာနဆိုင်ရာရုံးအချို့ မီးလောင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့က ဌာနဆိုင်ရာရုံးတွေ မီးလောင်နေစဉ်။ ဓာတ်ပုံ - TNLA

▪️ကျောက်မဲအနီးနဲ့ နောင်ချိုနယ် တနေရာမှာ တိုက်ပွဲပြင်းထန်နေ

အောက်တိုဘာ-၁၊ ၂၀၂၅။ People’s Spring

ရှမ်းမြောက်၊ ကျောက်မဲမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ ဌာနဆိုင်ရာရုံးအချို့ မီးလောင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃၀ရက် မွန်းလွဲပိုင်းက ကျောက်မဲမြို့မှာ ဌာနဆိုင်ရာရုံးအချို့ မီးလောင်တာနဲ့ပတ်သက်ပြီး TNLAက မီးရှို့တယ်လို့ စစ်ကောင်စီ ဘက်က ဝါဒဖြန့်မှုတွေ ရှိနေတဲ့ အခြေအနေမှာ TNLAက အခုလို ထုတ်ပြန်ရှင်းလင်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ပေါ်ကို လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတို့နဲ့ ဗုံးတွေကြဲချတိုက်ခိုက်တဲ့အပြင် မီးလောင်ဗုံးတွေ သုံးတိုက်ခိုက်ခဲ့လို့ မြိုတွင်းရှိ နေရာတချို့၊ မီးသတ်ရုံး၊ သစ်တောရုံးနဲ့ ရဲစခန်းတို့ မီးလောင်ခဲ့တယ်လို့ ဖော်ပြထားတာပါ။

စစ်ကောင်စီတပ်ဟာ ကျောက်မဲမြိုနယ်ကို သာလွန်အင်အားဖြင့်သော်လည်းကောင်း၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးများ သုံး တိုက်ခိုက်နေလို့ ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်းလည်း TNLAက ထုတ်ပြန်ပါတယ်။

TNLAနဲ့ စစ်ကောင်စီတပ်တို့ဟာ ကျောက်မဲမြို့အနီး ပင်တီးကျေးရွာ၊ နောင်ချိုမြိုနယ် ဘန်ကာချောင်းအနီး တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ ပြင်းထန်နေလျက်ရှိတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်း ၊လက်နက်ကြီး တိုက်ခိုက်မှုရန်ကို ရှောင်ရှားနိုင်ရေး စစ်ရေးသတိရှိရန်နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာများ လိုက်နာရန် နှိုးဆော်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်အနောက်ပိုင်း ရေထွက်ကြီးကျေးရွာကိုလည်း ဒီကနေ့ အောက်တိုဘာ ၁ရက်မနက်မှာ လေကြောင်း ဗုံးကြဲခဲ့လို့ အမျိုးသား တဦး ဒဏ်ရာရခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းလည်း TNLAသိမ်းပိုက်ထားတဲ့ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုင်းလုံ မြို့နယ်တွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ သေဆုံးထိခိုက်ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်မဲအပါအဝင် TNLA ထိန်းချုပ် မြို့ရွာတွေ ပြန်ရယူဖို့ ထိုးစစ်ဆင်လို့ တိုက်ပွဲတွေလည်း ဆက်တိုက်ပြင်းထန်နေတာပါ။

ကျောက်မဲမြို့ စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ