အောက်တိုဘာ-၁၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ရွာတွေကို ဆင်းပြီး စစ်မှုထမ်းကြေးကောက်ပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေကို လမ်းကနေကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီနေ့ မနက် ၉ နာရီခွဲက မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာတဲ့ အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်သားနဲ့ ရဲတွေကို သဲကောဆည်လမ်းဆုံမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ကျနော်တို့က ၄၀ မမနဲ့ ပစ်တော့ အဲ့ကောင်တွေ လူစုခွဲပြီး ထွက်ပြေးကြတာ။ ကျနော်တို့က နောက်ကနေ လိုက်ပစ်ရတာဗျ”လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၂ မှ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီး ရုပ်အလောင်းတွေရခဲ့သလို G3 သေနတ်တလက်၊ ကာဘိုင်တလက်၊ ကျည်ဘောက်လေးခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံးနှစ်လုံး၊ ဖုန်းတလုံးနဲ့ ငွေသား ငါးသိန်းကျော်(၅၂၈,၀၀၀)အပါအဝင် ဆက်စပ်ပစ္စည်းတချို့ရရှိခဲ့တယ်လို့ တပ်ခွဲ၂ က အသိပေးပါတယ်။
အဲဒီလို ကြားဖြတ်တိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေဟာ မှော်အင်းရွာဘက်ကို ဖရိုဖရဲထွက်ပြေးသွားပြီး မှော်အင်းရဲကင်းစခန်းပြန်ရောက်ချိန် သဲကောဆည်ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ထံက သိရပါတယ်။
အခုလို စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့အနီးဝန်းကျင်မှာ သွားလာနေထိုင်ခြင်းမပြုကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။


















































