Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့ပန်းချီလောကရဲ့ အထင်ကရ ပန်းချီဆရာကြီး ဦးလွန်းကြွယ်ကွယ်လွန်

မြန်မာ့ပန်းချီလောကရဲ့ အထင်ကရ ပန်းချီဆရာကြီး ဦးလွန်းကြွယ် ယ​နေ့မနက်မှာ ကွယ်လွန်ခဲ့ပါတယ်။

ပန်းချီဆရာကြီး ဦးလွန်းကြွယ်ကို မကွယ်လွန်မီက တွေ့ရစဥ်။ ဓါတ်ပုံ-လူမှုကွန်ရက်

အောက်တိုဘာ-၂၊၂၀၂၅။ဇေအောင်/People’s Spring

မြန်မာ့ပန်းချီလောကရဲ့ အထင်ကရ ပန်းချီဆရာကြီး ဦးလွန်းကြွယ် ယ​နေ့မနက်မှာ ကွယ်လွန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ကပဲ အသက် ၉၆ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပသွားခဲ့တဲ့ ဆရာကြီး ဦးလွန်းကြွယ်ဟာ ဒီကနေ့ အောက်တိုဘာ ၂ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနဲ့နီးစပ်တဲ့ စာပေအသိုင်းအဝိုင်းက ပြောပါတယ်။

“လူချစ်လူခင်ပေါများပြီးတပည့်များစွာ၊မျိုးဆက်သစ်များစွာ၊ ပြုစုပျိုးထောင်ပေးခဲ့သူ၊ မြန်မာ့ပန်းချီဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲ အားထုတ်ကြိုးပမ်းခဲ့သူ၊ ဆရာကြီး ဦးလွန်းကြွယ်ကွယ်လွန်သွားခြင်းအတွက် များစွာ ဝမ်းနည်းရပါတယ်။”လို့ စာအုပ်ထုတ်ဝေသူ စာရေးဆရာတဦးက ရေးသားပါတယ်။

Public Service Announcement

Public Service Announcement

ဆရာကြီးဟာ မွေးနေ့အထိမ်းအမှတ် အနေနဲ့ “Living with the Arts 96” ပန်းချီပြပွဲကိုစက်တင်ဘာလ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ ဆရာကြီးရဲ့ “Artist Life Art Gallery” မှာ ကျင်းပပြုခဲ့ပါသေးတယ်။

ဆရာကြီးဟာ ပန်းချီကားများမှတဆင့် များစွာသောသူတွေရဲ့ စိတ်ဝိဉာဏ်တွေကိုအမျိုးမျိုးသောရသများ၊ တွေးစရာများပေးခဲ့သူဖြစ်တယ်လို့ The Royal Galleryက ရေးသားပါတယ်။

ဆရာဦးလွန်းကြွယ်ကို ၁၉၃၀ စက်တင်ဘာ ၂၄ ရက်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ အသက်ငါးလ အရွယ်တွင် ဖခင်ဖြစ်သူ ဆုံးပါးခဲ့သည့်အတွက် ဖတဆိုးဘ၀ဖြင့် အစောပိုင်းအချိန်များကို ပန်းချီဆွဲရင်းဖြင့် ဖြတ်သန်းခဲ့ပါတယ်။

မြန်မာ့ပန်းချီလောကတွင် လူသိများတဲ့ ဦးသက်၀င်း၊ ဦးချစ်မောင်၊ ဦးစံ၀င်း၊ ဦးသိန်းဟန်နဲ့ ဦးငွေကိုင်တို့ထံမှာ ပန်းချီပညာကို သင်ယူခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ပန်းချီဆရာဖြစ်သိပ္ပံမှ ဘွဲ့ရရှိခဲ့ပါတယ်။

၁၉၅၈ မွ ၁၉၇၉ နှစ်အထိ ရန်ကုန်ပန်းချီပန်းပုသင်တန်းကျောင်းတွင် နည်းပြအဖြစ်လည်းကောင်း၊ ၁၉၇၇ မွ ၁၉၇၉ အထိ ကျောင်းအုပ်အဖြစ်လည်းကောင်း တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၀ မွ ၁၉၇၉ တွင် ရန်ကုန်တက္ကသိုလ် ပန်းချီအသင်းတွင် ပို့ချသင်ကြားခဲ့ပါတယ်။

၁၉၆၄ ခုနှစ်တွင် တရုတ်နိုင်ငံတွင် လေ့လာသင်ယူခဲ့ပြီး ပန်းချီအင်အားသစ် အဖွဲ့၀င်အဖြစ် ချီးမြှင့်ခံခဲ့ရကာ ၁၉၇၁ တွင် အရှေ့ဂျာမနီသို့ သွားရောက်ခဲ့ပါတယ်။

ဆရာကြီးဦးလွန်းကြွယ်ဟာ တရုတ်နိုင်ငံမှာ ကြာမြင့်စွာနေထိုင်ခဲ့ရတဲ့အတွက် သူ၏ပန်းချီကားအများစုမှာ တရုတ်အငွေ့အသက်များ လွှမ်းလျက်ရှိပြီး သူရေးဆွဲတဲ့ ဆီဆေးနဲ့ ရေဆေးပန်းချီကားများမှာ တရုတ်ဘရပ်ရှ်နဲ့ မှင်ဆေး နည်းပညာကို ပေါင်းစပ်အသုံးပြုထားပါတယ်။

အရှေ့ဘာလင်၊ Dresden၊ ပို့ဒမ် သတဲ့ ဥရောပထိပ်သီးနိုင်ငံကြီးများသို့ ပညာသင်အဖြစ် စေလွှတ်ခြင်းခံရပါတယ်။

ဆရာဦးလွန်းကြွယ်၏ ပန်းချီများမှာ မြန်မာအမျိုးသမီးကချေသည်ပုံများ၊ ဇာတိမြေရဲ့ အလှအပ၊ ပြည်သူများရဲ့ ပျော်ရွှင်မှုနဲ့ စည်းလုံးညီညွတ်မှုရှိခြင်းတွေကို ဖော်ကျူးပြသလေ့ရှိပါတယ်လို့ Akan Art စာမျက်နှာက ရေးသားထားပါတယ်။

ဆရာဦးလွန်းကြွယ်ဟာ သူ၏ ပန်းချီကားများကို ပြည်တွင်းပြည်ပ ပန်းချီပြပွဲ၊ ပြိုင်ပွဲများမှာ ပါ၀င်ပြသခဲ့ပြီး သူရေးဆွဲတဲ့ ပန်းချီကားများကို မြန်မာနိုင်ငံအမျိုးသားပြတိုက်၊ စင်ကာပူအနုပညာပြတိုက်နဲ့ မလေးရှားအမျိုးသားပန်းချီပြခန်း စတဲ့ အထင်ကရပြတိုက်များမှာ စုဆောင်းထားလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ