အောက်တိုဘာ-၃၊၂၀၂၅၊ရှိန်း/ People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ တမာကန်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက ပစ်ခတ်ခဲ့လို့ မသန်စွမ်းအမျိုးသားတဦးနဲ့ အသက်(၈၀)အရွယ်အဖွားအိုတဦး သေဆုံးကာ တဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂ရက် မနေ့က မနက်ပိုင်းမှာ အမှတ်(၃)ခရိုင်ချင်းဆက်(ဗျူဟာလမ်းပိုင်း)ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ တမာကန်ကျေးရွာကို ပစ်ခတ်စီးနင်းခဲ့တာလို့ သိရပါတယ်။
ပစ်ခတ်ခံရမှုမှာ မသန်စွမ်းတာကြောင့်ပုခက်ထဲအိပ်နေတဲ့ အသက်(၂၇)နှစ်အရွယ် အမျိုး သားကို ဇော်ဘုန်းခိုင်နဲ့ (၈၀)အရွယ် ဒေါ်မေပုတို့ ထိမှန်သေဆုံးပြီး (၅၀)ကျော်အရွယ်အမျိုးသားတဦး ထိမှန်ဒဏ်ရာ ရခဲ့တာလို့သိရပါတယ်။

Public Service Announcement
“ဝင်စီးတဲ့အချိန်ထွက် ပြေးကြတာကို လိုက်ပစ်တာ။ထိတာကတော့ ၃ယောက်။ဖမ်းဆီးခံလိုက်ရတဲ့ပြည်သူ တွေလည်းရှိတယ်လို့ သိထားရပါတယ်။စစ်ကြောင်းရှိနေသေးတော့ အသေးစိတ်မသိရ သေးပါဘူး”လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ တပ်မ (၃၃)နဲ့ ပျူစောထီးတွေပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ်ပြီး မင်းကွန်းတိုက်နယ်ဘက်ကနေ စစ်ကိုင်း၊ဝက်လက်နဲ့ မတ္တရာမြို့နယ် သုံးနယ်အစပ်နေရာကို စစ်ကြောင်းထိုး သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းလို့ သိရပါတယ်။
စစ်ကြောင်းဟာ ဇူလိုင်ကနေ စက်တင်ဘာအထိ အဲဒီသုံးမြို့နယ်အတွင်းက ကျောင်းထိုင် ဆရာတော် တွေအပါအဝင် ပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။


















































